အမေရိကန်မီဒီယာက ပြည်သူတွေရဲ့ရန်သူ လို့ ထရမ့်မဲဆွယ်ပွဲမှာပြော

အမေရိကန်မီဒီယာက ပြည်သူတွေရဲ့ရန်သူ လို့ ထရမ့်မဲဆွယ်ပွဲမှာပြော
Photo - AFP

အောက်တိုဘာ ၁၇

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့်ပြည်နယ်တစ်ခုဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်မှာ သီတင်းပတ် တစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ် အောက်တိုဘာ ၁၆ ရက်က မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ ပါတယ်။

၂၀၁၆ ခုနှစ်က ဖလော်ရီဒါမှာ ငါးရာခိုင်နှုန်းအသာစီးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ထရမ့်ဟာ သူ့ရဲ့ရပ်တည်မှုကို ကာကွယ်ရင်း အချိန်နဲ့ ရင်းမြစ်တွေကို အသုံးပြုလျက်ရှိပါတယ်။

ရွေးကောက်ပွဲစစ်တမ်းတွေအရ ဖလော်ရီဒါပြည်နယ်မှာ  ထရမ့်အတွက် အနုတ်လက္ခဏာပြနေတာကြောင့် ပြန်လည်အဖတ်ဆယ်နိုင်ဖို့အတွက် သောကြာနေ့က အပြင်းအထန် မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဟာ ကွန်မြူနစ်ဝါဒနဲ့ ရာဇဝတ်သား ရွှေ့ပြောင်းအများအပြားကို ခေါ်သွင်းလာလိမ့်မယ်ဆိုပြီး အကဲဆတ်တဲ့အကြောင်းအရာတွေနဲ့ လက်ယာယိမ်းအမေရိကန်တွေကို မဲဆွယ် ပြောဆိုခဲ့ပါတယ်။

ထရမ့်က သတင်းတုထုတ်လွှင့်တဲ့ မီဒီယာတွေနဲ့ပတ်သက်ပြီး “ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာဟာ ပြည်သူတွေရဲ့ရန်သူပါ။ သူတို့လုပ်နေတာတွေက အရမ်းကိုအန္တရာယ်များပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ဖလော်ရီဒါမှာ မဲဆွယ်ပြီးတဲ့နောက် ထရမ့်ဟာ သောကြာနှောင်းပိုင်းမှာ ဂျော်ဂျီယာပြည်နယ်မှာ မဲဆွယ်ခဲ့ပါသေးတယ်။

အမေရိကန်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေပြီး စစ်တမ်းတွေအရ ထရမ့်ကိုထောက်ခံမှုကျဆင်းလျက်ရှိနေစဉ်မှာ ထောက်ခံသူတွေ အများအပြား ထွက်ပေါ်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ထရမ့်ဟာ သူ့ရဲ့ ရီပတ်ဘ လစ်ကန်အခြေစိုက် နယ်ပယ်တွေကို လုံးဝ အာရုံစိုက်မဲဆွယ်လျက်ရှိပါတယ်။

ဒီမိုကရက်တွေဟာ စက်ဆုတ်ရွံရှာဖွယ်ကောင်းပြီး အမေရိကန်ကို ကွန်မြူနစ်နိုင်ငံဖြစ်အောင်ပြောင်းချင်နေတာဖြစ်တယ်လို့ သူ့ကိုထောက်ခံနေတဲ့လူအုပ်ကြီးကို ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဒီမိုကရက်တွေဟာ လူအဖွဲ့အစည်းအတွင်းကို တရားမဝင်ရွှေ့ပြောင်းတွေ၊ မူးယစ်ဆေးတွေနဲ့ ရာဇဝတ်ပြစ်မှုတွေသယ်ဆောင်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပြီး လက်တင်အမေရိကရွှေ့ပြောင်းတွေအပေါ် လူမျိုးရေးအရ စွပ်စွဲတဲ့ မှတ်ချက်တွေ ပြောဆို ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်ဂျိုးဘိုင်ဒင်ဟာ မီချီဂန်ပြည်နယ် Southfield မြို့မှာရောက်နေခဲ့ပြီး ထရမ့်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေခဲ့ပါတယ်။

ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ဟာ အံ့ဖွယ်အရာတစ်ခုလို ပျောက်ကွယ်သွားမှာလို့ပြောနေပေမယ့် ပျောက်ကွယ်မသွားဘဲ ထင်ထားတဲ့အတိုင်း ပိုဆိုးလာတယ်လို့ ဘိုင်ဒင်က ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly