မြင့်တက်လာနေသော စစ်မီးတောက်ကြားက ရသေ့တောင်ပြည်သူများ

မြင့်တက်လာနေသော စစ်မီးတောက်ကြားက ရသေ့တောင်ပြည်သူများ

အောက်တိုဘာ ၁၇

စစ်ရှိန်ကဆက်မြင့်နေသည်။ဒေသခံပြည်သူများကနေ့စဉ်စိုးရိမ်မှုများဖြင့်အိပ်စက်နေကြရသည်။ရခိုင်ပြည်နယ်မြောက်ပိုင်းရသေ့တောင်မြို့နယ်စစ်‌ဘေး‌ရှောင်များကရေလမ်းကြောင်းများကနေတဆင့်စေတီပြင်စစ်ရှောင်စခန်းသို့ အထုတ်အပိုးများထမ်းကာ အဆက်မပျက် လာနေကြသည်။

“ တော်တော် စိတ်နာပါတယ်။ ကိုယ့်ရပ်၊ ကိုယ့်အိမ်လေးမှာ နေချင်လို့ မနေရဘူး။ ကလေးပက်လက်ကလေးနဲ့ ပြေးလာရတယ် ” အသက် ၂၉ နှစ်အရွယ် စေတီပြင်ကျေးရွာသို့ စစ်ရှောင်လာသော မခင်စိုးထွန်းက ‌ငိုလျက်ပြောပြ သည်။ သူမမှာ ရှစ်နှစ်အရွယ် သမီးတစ်ယောက်၊ လေး နှစ်အရွယ် သားလေးတစ်ယောက်နှင့်အတူ ရင်ခွင့်ပိုက် ၂၁ ရက်သား နို့စို့ကလေးချီကာ သူနေထိုင်ရာ အိမ်ခြေ ၈၀၊ လူဦးရေ ၃၀၀ ခန့်ရှိ ပြင်ဝန်းရွာမှ တစ်မိုင်ခန့်ဝေးသော ဤနေရာသို့ လှေငယ်ဖြင့် နာရီဝက်လောက်လှော်ခတ် ရောက်လာရခြင်း ဖြစ်သည်။

ရက်သတ္တပတ် နှစ်ပတ်ကြာ ရုတ်တရက် စစ်ရှိန်တက်လာမှုက စစ်ဘေးရှောင် အရေအတွက်ကို ရုတ်တရက် မြင့်တက်စေခဲ့သည်။ ရသေ့တောင်၏ အကြီးဆုံး စစ်ဘေး
ရှောင်စခန်းဟု ဆိုရမည့် စေတီပြင်စခန်းကို ၂၀၁၇ တိုက်ပွဲကာလကစတည်ထားခဲ့ပြီး  စစ်ဘေးရှောင်နှစ်ထောင် ကျော်ရှိရာမှ ရက်သတ္တပတ်နှစ်ပတ်အတွင်း စစ်ဘေးရှောင် လေးထောင်‌နီးပါးထိ ရုတ်တရက်တိုးလာခဲ့ခြင်းက စစ်အရှိန်မြင့်လာတာ၏ လက္ခဏာတစ်ခုဖြစ်နေသည်။ ဤစခန်းတွင် ရသေ့တောင်အနီးတဝိုက်က ကျေးရွာများစွာက စစ်ရှောင်များ ခိုလှုံနေကြသည်။

တပ်မတော်ဘက်မှ မူလက ဝေဟင်တိုက်ခိုက်ရေးပိုင်းတွင်သုံးသော ဘက်စုံသုံးရဟက်ယာဉ်များသာမက ဂျက်တိုက်လေယာဉ်များပါ  အောင်တိုဘာ ၁၂ ရက်နေ့ ၈ နာရီမှ စတင်က ပထမဆုံး အသုံးပြုခဲ့သည်။ ထို့နောက် အောင်တိုဘာ ၁၃ ရက်၊ အောင်တိုဘာ ၁၄ ရက်တို့တွင် ဆက်တိုက် အသုံးပြုခဲ့သည်။  
 
 အောင်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် ဘက်စုံသုံးရဟက်ယာဉ်ဖြင့် လာရောက်ပစ်ခက်ခဲ့သည်။ ရသေ့တောင်တွင် တပ်မတော်မှ ညပိုင်း ယင်းကဲ့သို့ လေကြောင်းမှ တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဖူးဟု ဒေသခံတစ်ဦးက ပြောသည်။ ‌မေယုမြစ်ကို ‌ခြေကုတ်ယူကာ စစ်ပစ္စည်းယာဉ်များ သယ်ယူပို့ဆောင်ပေးနေသော စစ်ရေယာဉ်မှလည်း ပစ္စည်းများ သယ်ပို့ပေးသည့်အကြိမ်တိုင်း အမြှောက်များဖြင့် ပစ်ခတ်သည်။ ရသေ့တောင် အခြေစိုက် ရေချိုချောင်း ဗျူဟာမှ အမြောက်ပစ်ခတ်မှုများကလည်း မြေကြီးတုန်ခါနေခဲ့သည်။

“ ဇက်(စစ်ရေယာဉ်)တက်လာရင် ပစ်တယ်။ ဆင်းလာရင်ပစ်တယ်။ တက်လာတာနဲ့ ရသေ့တောင်က လက်နက်ကြီးနဲ့ ပစ်တယ်။ အကြီးကြီးမှ နားတွေပင်းသွားနိုင်တယ် ” ဟု ရွှေလောင်းတောင်မှ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။  

စစ်ဘေးရှောင် ပိုများလာသည့်အတွက် စေတီပြင်စစ်ဘေးရှောင်စခန်းတွင် နေရာခြောက်နေရာအထိ ခွဲထားရသည်။

ရသေ့တောင်မြို့နယ်တွင် စေတီပြင်အပါအဝင် စစ်ရှောင်စခန်းပေါင်း ၃၆ ခုရှိသည်။
ထိုစစ်ဘေးဒုက္ခသည်များတွက် လက်‌တလော စားနပ်ရိက္ခာ ရှိနေသော်လည်း ရေရှည်တွင် အခက်အခဲ ကြုံလာနိုင်ကြောင်း ထိုစခန်းတွင် အကူအညီပေးနေသည့် ကိုအောင်မင်းစိုးက ပြောသည်။ သူတို့အတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)မှ ‌အိမ်ထောင်စုတစ်စုလျှင် တစ်လစာအဖြစ် ဆန်တစ်အိတ်၊ ဆီ လေးပုလင်း၊ သကြားလေး ထုတ်၊ လက်ဖက်တစ်ထုတ်၊ ဆားတစ်ထုတ် ထောက်ပံ့ပေးလျက်ရှိသည်။ သို့သော် လက်ရှိတိုက်ပွဲအခြေအနေများက  စားနပ်ရိကာ ကူညီလှူဒါန်းပေးနေသော ICRC နှင့် ပြည်တွင်း အလှူရှင်များ လာရောက်ရန် အခက်အခဲ ဖြစ်နေကြသည်။

“ အလှူရှင်တွေက လာလို့မရတာ ပြဿနာပါ။ စစ်တွေက အလှူရှင်တွေက လာချင်ပါတယ်။ ရေလမ်းကြောင်းက ရသေ့တောင်ဘက်က လာရဖို့အတွက် မလာဝံ့ကြဘူး။ ”ဟု အဆိုပါ ကယ်ဆယ်ရေးစခန်းမှ ကိုအောင်မင်းစိုးက ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် အသက် ၉၀ ကျော် ၁၀၀ ဝန်းကျင် အဘိုးအဘွားများလည်း ပါဝင်ကြသည်။ အများအားဖြင့် ကောင်းစွာ လမ်းမလျှောက်နိုင်ကြတော့။ သို့သော် မိသားစုဝင်များက သူတို့အား မထားရက်နိုင်ခဲ့ကြပါ။ ဗောဓိကုန်းရွာမှ အသက် ၉၁ နှစ်အရွယ် အဘိုးမောင်လှအောင်က ရွာတွင် တပ်မတော် စစ်ကြောင်း ဝင်စစ်ဆေးသည့်အတွက် ထမင်းနှစ်နပ် ငတ်ခံခဲ့ရကြောင်း ပြောပြသည်။ သူ့ဘဝသက်တမ်းတွင် ဒီလောက် ပြင်းထန်သည့်တိုက်ပွဲ မတွေ့ဖူးခဲ့ဟု ဝန်ခံပြောဆိုသည်။

ရက်သတ္တပတ်နှစ်ပတ်အတွင်း တိုက်ပွဲများကြောင့် ပို၍အလှမ်းဝေးရာ စစ်တွေနှင့် အခြားဒေသများသို့ ထွက်ပြေးသွားကြသည့် စစ်ဘေးရှောင်များပင် ရှိခဲ့သည်။ တစ်ချို့ကတော့ အသက်ဘေးမငဲ့နိုင်ဘဲ အိမ်စောင့်ရင်း  ဂဏန်းရှာဖွေနေသူ တွေလည်းရှိသည်။ ထိုအထဲတွင် ဗောဓိကုန်းမှ ဒေါ်ကြည်ဌေးတို့ မိသားစုလည်း ပါဝင်ခဲ့သည်။ မိသားစုဝင် ရှစ်ဦးရှိရာ နှစ်ဦးမှာ ရွာတွင်ကျန်နေခဲ့သည်ဟု ဆိုသည်။

ရသေ့တောင်တွင် စက်တင်ဘာလမှစ၍ တပ်မတော်ထိုးစစ်များနှင့်အတူ အရပ်သားသေဆုံးမှုများ ရှိလာသည်။ ထိုအထဲတွင် ရွှေလောင်းတောင်မှ သေဆုံးသွားသည့် အရပ်သားတစ်ဦးလည်း ပါဝင်ခဲ့သည်။ ၎င်းမှာ ထမင်းစားနေရင်း အိမ်ရှေ့မြောင်းတွင် ကျဉ်ကျရောက် ပေါက်ကွဲရမှ ကျဉ်အစများ ထိမှန်ကာ ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့ရသည်။  
 
အောင်တိုဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အရပ်သား ငါးဦး ဒဏ်ရာရခဲ့ကာ စစ်တွေဆေးရုံသို့ ဒဏ်ရာပြင်းသော လူနာ လေးဦးကို ပို့ခဲ့ရသည်။ တစ်ဦးမှာ ဒဏ်ရာမပြင်းထန်သောကြောင့် ရသေ့တောင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင်သာ ကျန်ခဲ့သည်။ ထိုလေးဦးတွင် တစ်ဦးမှာ အောင်တိုဘာ ၁၅ ရက်နေ့က စစ်တွေဆေးရုံတွင် သေဆုံးသွားသည်။ လက်နက်အသံများမကြားရတော့၍  အောင်သာဇေရွာ(ပင်ရင်းအမည်ခံ)သို့ အယောက် ၂၀ ခန့် ပြန်လာကြည့်စဉ် လက်နက်ကြီးကျရောက်၍ ဖြစ်သည်။
 
စေတီပြင်စခန်းတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးနိုင်သေးသလို   ရေလိုအပ်ချက်ကလည်း ရှိနေသည်ဟု ယင်းစခန်းမှ မမေစုလှိုင်က ဆိုသည်။

Rakhine Ethnics Congress(REC)၏ အောင်တိုဘာ ၁ ရက်နေ့ စာရင်းများအရ ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃၆ ခုတွင် စစ်ဘေးရှောင်အရေအတွက် အနိမ့်ဆုံး ၁၇၀၀၀ ဝန်းကျင်အထိ ရှိနေသည်။ မဇ္ဈိမက မြေပြင်စုံစမ်းချက်များအရ  စစ်ဘေးရှောင်အရေအတွက်မှာ ၂၀၀၀၀ ကျော်ထိ ကောက်ယူရနေသည်။

ယင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်းလင်းကို ဆက်သွယ်မေးမြန်းခွင့်မရပါ။ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ ရက္ခိုင့်တပ် AA ၏သတင်းပြန်ကြားရေးဝတ်ဆိုက်တွင် အောင်တိုဘာ ၁၄ ရက် တိုက်ပွဲအကြောင်းကိုသာ ရေးသားထားသည်ကို တွေ့ရသည်။

စက်တင်ဘာလက ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာနေ မမသိန်းဝင်းမှာ မီးဖွားရန်အတွက် ရသေ့တောင်မြို့နယ် ဆေးရုံသို့ အချိန်မီသွားပါသော်လည်း မေယုမြစ်ရှိ တပ်မတော်စစ်ရေယာဉ် ပစ်ခတ်နေမှု၊ ရေလမ်းတားဆီးမှုများကြောင့် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။ နောက်ဆုံး စေတီပြင်စစ်ရှောင်စခန်းမှ အကူအညီပေးသူများက စေတီပြင်ဆေးရုံသို့ပို့ဆောင်ကြရာ လမ်းတွင် သေဆုံးသွားခဲ့ရသည်။ သူမတွင် အရွယ်မမယ် ကလေး ငါးယောက် ကျန်ရစ်ခဲ့သည်။ ယောင်္ကျားမှာလည်း လွန်ခဲ့သော ခြောက်လခန့်က ကွန်လွန်ခဲ့သည်။ လက်ရှိတွင် ထိုကလေးများအား စေတီပြင်စစ်ရှောင်စခန်းတွင် ရှိနေသည်။
 
“ အမြန်အေးချမ်းချင်ပါတယ်။ ထမင်းစားဖို့ ကိုယ့်အိမ်ကို ပြန်ချင်ပါတယ် ” ဟု ဗောဓိကုန်းမှ ဒေါ်ကြည်ဌေးက ဆိုသည်။ သူမကား ရွာတွင် မိသားစုဝင်နှစ်ဦးနှင့် ခွဲကာ စစ်ရှောင်လာရသူဖြစ်သည်။

စေတီပြင်‌စစ်ဘေးရှောင် အပါအဝင် ရသေ့တောင်ရှိ စစ်ဘေးရှောင်စခန်းများရှိ ကလေးများမှာ လာမည့်ဆောင်းရာသီကို တိုက်ပွဲများအကြား ဖြတ်သန်းရပါအုံးမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required