လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ Quad က အနာဂတ်မျှော်လင့်ချက်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးပြော

By Nikkei Asia
17 October 2020
လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ Quad က အနာဂတ်မျှော်လင့်ချက်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးပြော

အောက်တိုဘာ ၁၇

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ပါဝင်သည့် Quad ခေါ် လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးမှု၏ ထင်ပေါ်ကျော်ကြားလာမှုသည် Unipolar ( စူပါပါဝါတစ်ခုတည်းလွှမ်းမိုးသော/ ဝင်ရိုးတစ်ခုတည်းပါသော) ကမ္ဘာမှ နိုင်ငံအများလွှမ်းမိုးသော/ဝင်ရိုးအများအပြားပါသော Multipolar ကမ္ဘာအဖြစ်သို့ ပြောင်းလဲခြင်း၏ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပြီး အနာဂတ်တွင် အချက်အချာ ကျလာလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ဉာဏ် ဂျိုင်ရှန်ကာ  က သောကြာနေ့တွင် ပြောသည်။  

“Quad ရဲ့ အနာဂတ်နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တခြားအစီအမံတွေဟာ ဝင်ရိုးအများအပြားပါတဲ့ကမ္ဘာကြီးအဖြစ်ရွေ့လျားမှုကို အမှန်တကယ်ရောင်ပြန်ဟပ်စေမယ့် တူညီတဲ့သဘောသဘာဝတွေ ရှိနေနိုင်ပါတယ်”   ဟု ဆူဘရာမန် ဉာဏ် ဂျိုင်ရှန်ကာ က နယူးယောက်အခြေစိုက် Asia Society နှင့်ပြုလုပ်သော အွန်လိုင်းအစည်းအဝေးတွင် ပြောခဲ့သည်။

ကမ္ဘာ့အစဉ်အလာပြောင်းလဲမှုသည် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနှင့်အတူ စတင်ခဲ့ကြောင်း ဂျိုင်ရှန်ကာ ကပြောသည်။ အုပ်စုနှစ်စုက သက်ဆိုင်ရာ မဟာမိတ်ယန္တရားမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ဖြေ ရှင်းသည်ကို တွေ့မြင်ရသော စစ်အေးကာလနှင့်လည်းမတူဘဲ ၎င်းနောက် အမေရိကန်ကို ခေါင်းဆောင်မှုအဖြစ် မျှော်လင့်ခဲ့သည့် အင်အားကြီးနိုင်ငံတစ်ခုတည်းကလွှမ်းမိုးသောခေတ်တွင် ဘဏ္ဍာရေးအကျပ်အတည်း ကာ လအလွန်ကမ္ဘာသည် အဆိုပါပြဿနာများကို ဖြေရှင်းရန် ဖွဲ့စည်းပုံကင်းမဲ့နေသည်ဟု  ဂျိုင်ရှန်ကာ က ဆိုသည်။ တူညီသောစိန်ခေါ်မှုများတွင် အမှန်တကယ်လာရောက်ကိုင်တွင်ဖြေရှင်းနိုင်သောသူ၊ တစ်ခုတည်းသော ဖွဲ့စည်း ပုံ၊ တစ်ခုတည်းသော အဖွဲ့အစည်းနှင့် ဖွဲ့စည်းပြီးသားအသင်းအဖွဲ့များ မရှိဟု ဆိုသည်။  

နိုင်ငံငယ်များအနေဖြင့် တချို့သောပြဿနာများကို အတူတကွ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်နိုင်ရန် စူပါပါဝါများစွာပါသော မာလ်တီပိုလာ ကမ္ဘာထွက်ပေါ်လာရသည်ဟု ဂျိုင်ရှန်ကာ က ပြောသည်။ ၎င်းကို နိုင်ငံအများမူဝါဒ ဟု ဂျိုင်ရှန်ကာ က ခေါ်ဆိုခဲ့ပြီး မာလ်တီပိုလာ ကမ္ဘာ၏ အလွန်သဘာဝကျသောဆင့်ကဲဖြစ်စဉ်ရလာဒ်ဖြစ်သည်ဟု ဆိုသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက လေးနိုင်ငံဆွေးနွေးပွဲ Quad ကို ကနဦး အဆိုပြုစဉ်အခါက ယခု ကဲ့သို့သော မူဘောင်တစ်ခုအတွက် အသင့်မဖြစ်ခဲ့သေးကြောင်း ဂျိုင်ရှန်ကာ က မှတ်ချက်ပြုခဲ့သည်။  

Quad ဆွေးနွေးပွဲ အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းသံတမန်များသည် ပုံမှန်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်ကျင်းပရန် ယခုလအစောပိုင်းက တိုကျို၌ သဘောတူခဲ့ကြသည်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုက နစ်ကိုင်းသတင်းဌာန နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲကို ပိုမိုကျယ်ပြန့်လာပြီး တရားဝင်ဖြစ်စေချင်သည်ဟု ပြောသည်။  

ကျွန်တော်တို့ လေးနိုင်ငံအတူတကွ လုပ်ဆောင်နေတာတွေကို အတည်တကျ ဖွဲ့စည်းသတ်မှတ်ပြီးသွားရင် စစ်မှန်တဲ့ လုံခြုံရေးမူဘောင်ကို စတင်တည်ဆောက်နိုင်မှာပါ” ဟု ပွန်ပဲယိုကပြောသည်။  

အဆိုပါလေးနိုင်ငံသည် လုံခြုံရေးကိစ္စရပ်များကို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာကြသည်။ ဂျပန်နှင့်အိန္ဒိယသည် ပြီးခဲ့သည့်လက စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအကူအညီများကို ဝေမျှရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယနှင့်ဩစတြေးလျသည်လည်း အလားတူသဘောတူညီချက်မျိုးကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်၊ အိန္ဒိယနှင့်ဂျပန်တို့ နှစ်စဉ်ကျင်းပမြဲဖြစ်သော မာလာဘာ  ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဩစတြေးလျက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။  

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးဗဟိုဌာနက အာရှဆိုင်ရာအကြီးတန်းအကြံပေး ဘော်နီ ဂလာဆာ က “မကြာသေးခင်နှစ်တွေအတွင်းက အိန္ဒိယ၊ ဩစတြေးလျနဲ့ဂျပန်တို့အပေါ် ချမှတ်ထားတဲ့ တရုတ်မူဝါဒတွေက အဲဒီနိုင်ငံသုံးနိုင်ငံရဲ့ တရုတ်အပေါ်ချမှတ်ထားတဲ့မူဝါဒတွေကို ခိုင်မာစေခဲ့ပါတယ်။ Quad ဆွေးနွေးပွဲမှာပါဝင်တဲ့ လေးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာစေဖို့အတွက် နေရာအလုံအလောက် ရှိနေပါပြီ” ဟု ပြောခဲ့သည်။  

Asia Society အစည်းအဝေးတွင် ဂျိုက်ရှန်ကာ က တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဒေသများ၌ တရုတ်တို့ တပ်စွဲထားမှုသည် ဟိမဝန္တာဒေသကို နှစ်ပေါင်း ၃၀ ကြာမျှ လွှမ်းမိုးနေသောငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေး ချမ်းမှုကို သိသိသာသာ ဝေးကွာစေခဲ့သည်ဟု ဆိုသည်။  

ဇွန်လက ဖြစ်ပွားခဲ့သော နယ်စပ်ရန်ပွဲကြောင့် အိန္ဒိယစစ်သား ၂၀ ဦး အသက်ဆုံးရှုံးခဲ့သည်။ “ဒါဟာ ၁၉၇၅ ခုနှစ် နောက်ပိုင်း ပထမဆုံး စစ်ရေးနဲ့ပတ်သက်တဲ့သေဆုံးမှုပဲဖြစ်ပါတယ်။ ပြည်သူ့အပေါ်မှာလည်း သိသိသာသာ သက်ရောက်မှုရှိသလို ကြီးမားတဲ့နိုင်ငံရေးသက်ရောက်မှုကြီးတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကိုလည်း အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ဂျိုက်ရှန်ကာ ကပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly