ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီပစ္စည်းများ စင်ကာပူက မြန်မာသို့ ပို့ဆောင်

ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီပစ္စည်းများ စင်ကာပူက မြန်မာသို့ ပို့ဆောင်

အောက်တိုဘာ ၁၆၊ ၂၀၂၀

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် အသုံးပြုနိုင်ရန် စင်ကာပူက ကူညီထောက်ပံ့သည့် ပထမအသုတ် ပစ္စည်းများ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်း နှစ်ပတ်အကြာက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ နိုင်ငံခြားရေးဌာန ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလက်ခရစ်ရှနန်တို့ တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးပြီးနောက် ယခုကဲ့သို အကူအညီ ပစ္စည်းများ ရောက်ရှိလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးက သတင်းထုတ်ပြန်ထားသည်။

စင်ကာပူမှ ပေးပို့လိုက်သည့် ပထမအသုတ် ကူထောက်ပံ့ရေး ပစ္စည်းများတွင် ကိုဗစ်ရောဂါ စမ်းသပ်စစ်ဆေးသည့် PCR (Polymerase Chain Reaction) ၂၅,၀၀၀၊ နှာခေါင်းစည်း ၁၂၀,၀၀၀ နှင့် လက်သန့်ဆေးရည် ၃,၂၀၀ ဘူးတို့ ပါဝင်ကြောင်း သိရသည်။

စင်ကာပူမှ ရောက်ရှိလာသော ကူညီထောက်ပံ့သည့် ပစ္စည်းများကို လေဆိပ်၌ စင်ကာပူ သံအမတ်ကြီး ဗင်နက်ဆာ ချန်းက ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းထံ လွှဲပြောင်းပေး အပ်သည်။

ယင်းထောက်ပံ့ရေး ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှတစ်ဆင့် လိုအပ်သည့်နေရာများသို့ ခွဲဝေပေးသွားမည် ဖြစ်သည်။

ထို့အပြင် နောက်ထပ် တစ်သုတ်အဖြစ် နှာခေါင်းစည်း ၈၈၀,၀၀၀ နှင့် လက်သန့်ဆေးရည် ၁၉၆,၇၀၀ ဘူးကိုလည်း ရေကြောင်းပို့ဆောင်ရေးမှတစ်ဆင့် သီခြား ထပ်ပို့ပေးမည်ဟု သိရသည်။

စင်ကာပူ၊ မြန်မာနှင့် ကျန် အာဆီယံနိုင်ငံများလည်း COVID-19 ကပ်ဆိုးမှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း၊ တစ်ဦးချင်းစီ မလုံခြုံသရွေး မည်သူမျှ လုံခြုံမည် မဟုတ်ကြောင်းနှင့် ကပ်ရောဂါကို ဆက်လက် တိုက်ပွဲဝင်ကြ ရန်လည်း စင်ကာပူသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly