တောင်ကုတ်တွင် NLD ပါတီဝင် ၇ ဦးကို AA က သတိပေးခြိမ်းခြောက်မှုများ ရှိခဲ့

တောင်ကုတ်တွင် NLD ပါတီဝင် ၇ ဦးကို AA က သတိပေးခြိမ်းခြောက်မှုများ ရှိခဲ့
ဓာတ်ပုံ-CJ

ရန်ကုန်၊ အောက်တိုဘာ ၁၆  

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း သုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မဖမ်းဆီးမီ ယခင်ကတည်းက တောင်ကုတ်မြို့နယ် တစ်ခုတည်းတွင်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အဖွဲ့ဝင် ခုနစ်ဦးကို AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သတိပေး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ဖူးသည်ဟု တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။  

သတိပေး ခြိမ်းခြောက်ခံရသူများမှာ ဘူးရွှေမော်ကျေးရွာမှ NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဦးဘိုးရွှေမောင်၊ စပြင်ကျေးရွာမှ ဦးဝင်းမြင့်နှင့် ဦးဝင်းလှိုင်၊ ကျော်ကိုင်းကျေးရွာမှ ဦးဝင်းလှိုင်နှင့် ဦးသန်းရွှေ၊ တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်တို့ ဖြစ်ကြောင်း သိရသည်။ ယင်းတို့အနက် ဦးသန်းရွှေကို AA က ဖမ်းဆီးထားကြောင်းလည်း NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ဆိုသည်။   

၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းလောက်မှ စတင်ကာ ပါတီဝင်များ၏ ပြောဆိုချက်၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တစ်ဦးချင်းစီ သတိပေးချက်များ ရရှိခဲ့ခြင်းဖြစ်ပြီး အများစုမှာ နေအိမ်သို့ လာရောက် သတိပေးခြင်း၊ လူကြုံဖြင့် သတိပေးခြင်းအပြင် ဖုန်းဖြင့်ဆက်သွယ် သတိပေးမှုများ ပြုလုပ်ခြင်းကို ခံခဲ့ကြရကြောင်း သိရသည်။  

“ပါတီစည်းရုံးရေးကိုပဲ ဆိုင်းဘုတ်အသစ် ထောင်တာတို့၊ ဆိုင်းဘုတ်အဟောင်း လဲတာတို့၊ နောက် လူတွေနဲ့ထိတွေ့ပြီးတော့ လိုအပ်တာတွေ ပေးကမ်းကူညီတာတို့၊ ဒီအပိုင်းတွေဆိုရင် သူတို့နဲ့ ထိတွေ့ဖြစ်တာပေါ့ဗျာ။ သဘောမကျရင် မကျသလို ကျွန်တော်တို့ ပြောလိုက်တဲ့စကားတွေက သူတို့အပေါ် ထိခိုက်တယ် ယူဆရင် သူတို့က မကျေနပ်ဘူး။ ကျွန်တော်တို့ကို ပြန်လည်တုံ့ပြန်တာပါပဲ” ဟု ဦးတင်သိန်းအောင်က ဆိုသည်။  

NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဒေါ်နီနီမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို အောက်တိုဘာလ ၁၄ ရက်က လက်နက်ကိုင်တစ်စုမှ ဖမ်းဆီးသွားသော်လည်း လက်ရှိအချိန်ထိ မည်သည့်အဖွဲ့ဟု တိတိကျကျ မသိရသေးဘဲ AA ဘက်မှလည်း တစ်စုံတစ်ရာ ကြေညာခြင်း မရှိသေးပေ။  

အဖမ်းခံရသည့် ၎င်းတို့ သုံးဦးစလုံးသည် AA ကို အပြင်းအထန် ဝေဖန်ခြင်းမျိုး မပြုလုပ်ခဲ့ဖူးကြောင်း တောင်ကုတ် NLD က ဆိုသည်။  

ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံရသည့်အတွက် တောင်ကုတ်တွင် NLD ပါတီ၏ မဲဆွယ်မှုများ အားလုံးကို ခေတ္တရပ်နားထားပြီး ပါတီဗဟိုကို တင်ပြထားကြောင်း သိရသည်။  

ကျေးရွာများတွင်နေထိုင်ကြသည့် NLD ပါတီဝင်များသည်လည်း စိုးရိမ်နေကြပြီး NLD ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးစဉ် ထွက်ပြေး လွတ်မြောက်လာသူ NLD အောင်နိုင်ရေးအဖွဲ့ဝင် သုံးဦးမှာလည်း ထိတ်လန့်နေ၍ အင်တာဗျူးဖြေရန် ငြင်းဆိုထားကြောင်း တောင်ကုတ် NLD ဥက္ကဋ္ဌက ပြောသည်။  

သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်သိန်းက ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးခံထားရသည်ကို ပြည်ထောင်စုအဆင့်သို့ တင်ပြထားကြောင်းနှင့် တောင်ကုတ်တွင် ရွေးကောက်ပွဲ ကျင်းပရန် အသင့်အနေအထားရှိကြောင်း ဆိုသည်။  

“အဲဒီ အပိုင်းကတော့ ဥပဒေ၊ နည်းဥပဒေတွေ ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ သူ့အပြစ်ရှိမှ လွှတ်တော်ကိုယ်စားလှယ်ထဲက ဖယ်တာဆိုတော့ အဲဒီအပိုင်းက UEC (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်) ရဲ့ အပိုင်းတွေပါ။ ကျွန်တော်တို့ကတော့ တိတိကျကျဖြေဖို့ အဆင်မပြေပါဘူး” ဟု ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမြင့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် စက်တင်ဘာလ ၈ ရက်နေ့က စတင်ကာ မဲဆွယ်မှုများပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) ကိုယ်စားလှယ်လောင်း ဦးမင်းအောင်မှာ နယ်မြေသို့ မဲဆွယ်သွားစဉ် သုံးဦးစလုံး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။  

လက်ရှိအချိန်တွင် ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့မှ မည်ကဲ့သို့သော စစ်ဆေးမှုများ ပြုလုပ်နေသည်ကို မသိရသည့်အတွက် ၎င်းတို့၏ ကျန်းမာရေးစိုးရိမ်နေရပြီး အမြန်ဆုံး လွတ်မြောက်ဖို့ တောင်းဆိုကြောင်း တောင်ကုတ်မြို့နယ် NLD က ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly