တရုတ်နှင့် ရန်စမကင်းသည့်ကြား ပင်တဂွန်က တားမြစ်ထားသည့် အင်ဒိုနီးရှား စစ်ဝန်ကြီးကို ဖိတ်ကြား

တရုတ်နှင့် ရန်စမကင်းသည့်ကြား ပင်တဂွန်က တားမြစ်ထားသည့် အင်ဒိုနီးရှား စစ်ဝန်ကြီးကို ဖိတ်ကြား

အောက်တိုဘာ ၁၆

အမေရိကန်-တရုတ် အပြန်အလှန် ရန်စောင်မှုသည် ဝါရှင်တန်အတွက် နှစ်နှစ်ဆယ်ကျော် ပြည်ဝင်ခွင့် တားမြစ်ထားသည့် အင်ဒိုနီးရှား စစ်ဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုကို ပြည်ဝင်ခွင့် ပြုလိုက်ပြီး လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် သံသယရှိထားသော ယင်း ဗိုလ်ချုပ်ကြီးဟောင်းကို ပင်တဂွန်သို့ပင် ဖိတ်ကြားလာဖြစ်စေသည်။

တနင်္လာနေ့အထိ အမေရိကန်သို့ ငါးရက်တာ ခရီးစဉ်တွင် ဆူဘီယန်တိုက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဆူဘီယန်တိုအား ဝါရှင်တန်၏ ဖိတ်ကြားချက်သည် အမေရိကန်အနေဖြင့် ၎င်း၏ အရိပ်အာဝါသအောက် အရှေ့တောင်အာရှကို ချော့ခေါ်ယူပြီး တရုတ်ထံမှ ဖယ်ကြဉ်သွားရန် ကြိုးစားနေချိန်မှာပဲ ဖြစ်သည်။

ဝါရှင်တန်က ယခုကဲ့သို့ ဖိတ်ခေါ်မှုက သားဖြစ်သူ၏ ဘွဲ့ယူသည့် အခမ်းအနားသို့ တက်ရောက်ရန် ကြိုးစားစဉ် ၂၀၀၀ ခုနှစ်က ဗီဇာငြင်းပယ်ခံရသော ဆူဘီယန်တိုအတွက် သမိုင်းတစ်ကွေ့ပဲ ဖြစ်သည်။ လူ့အခွင့်အရေး အလွဲ သုံးမှုများနှင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိကြောင်း ဆူဘီယန်တိုအား စွပ်စွဲချက်များ ရှိလင့်ကစား ယခုကဲ့သို့ ၎င်းအား ဖိတ်ကြားခြင်းအတွက် တရားဝင်အကြောင်းပြချက်တော့ ထုတ်ပြန်ခြင်း မရှိပေ။

သို့သော် လက်ရှိတွင် “တရုတ်ကို ဆန့်ကျင်ပြီး ချိန်ခွင်လျှာ ထိန်းမယ့် အာရှနိုင်ငံ ဖြစ်နိုင်သမျှ ရရှိလေလေ အမေရိကန်အတွက် အကျိုးရှိလေပါပဲ။”ဟု မဟာဗျူဟာနှင့် နိုင်ငံတကာသုတေသနစင်တာဆိုသည့် အမေရိကန် ပညာရှင်အဖွဲ့မှ ဘွန်နီချန်းက ပြောသည်။ “ဒီမိုကရက်တစ်မဟာမိတ်သစ်အဖြစ် တရုတ်ကို ဖယ်ခွာလိုတဲ့ နိုင်ငံတွေနဲ့ အုပ်စုဖွဲ့ရေးကို ၂၀၂၀ ဇူလိုင်လမှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုက ဆော်ဩခဲ့ဖူးတယ်။ ကမ္ဘာမှာ တတိယအကြီးဆုံး ဒီမိုကရေစီဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဒီမူနဲ့ အံ့ဝင်တဲ့ သေချာတဲ့ နိုင်ငံတစ်နိုင်ငံပဲ။”ဟု ၎င်းက ပြောသည်။

ဆူဘီယန်တို၏ ခရီးစဉ်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် အမေရိကန်အစိုးရ၏ တရားဝင် ဖိတ်ခေါ်ချက်ကို ဖြည့်ဆည်းခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ခရီးစဉ်အတွင်း အနာဂတ်စစ်ရေးလေ့ကျင့်မှုတွင် ခိုင်မာတောင့်တင်းစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေးရေးအပါအဝင် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုကျယ်ပြန့်စွာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အသေးစိတ်ကို ဆွေးနွေးရန် ရည်သန်ထားသည်။

၁၉၉၀ ခုနှစ်များ၌ ဆူဘီယန်တိုသည် ၎င်း၏ ယောက္ခမဖြစ်သူ အာဏာရှင် သမ္မတဟောင်း ဆူဟာတိုလက်ထက်၌ နိုင်ငံ၏ အထူးတပ်ယူနစ်၏ တပ်မှူးဖြစ်ခဲ့သည်။ ၎င်း အုပ်ချုပ်သော တပ်ခွဲက ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးပြန်ပေးဆွဲသည့် ဖြစ်ရပ် ပေါ်ပေါက်ခြင်းတို့အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုအချို့ဖြင့် ၎င်းက စွပ်စွဲခံထားရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဆူဟာတို အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး နောက် ၁၉၉၈ ခုနှစ်၌ စစ်တပ်မှ ၎င်းအား ထုတ်ပယ်လိုက်ရာ နောက်ပိုင်း၌ ဂျော်ဒန်နိုင်ငံတွင် ကိုယ်တိုင်ပြည်ပြေးအဖြစ် သွားရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုနောက်ပိုင်း၌ နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး သမ္မတရွေးကောက်ပွဲ သုံးကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တစ်ကြိမ်တွင် ဒုတိယသမ္မတ ရာထူးကို မျှော်မှန်းခဲ့သည်။ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် သမ္မတ ဂျိုကိုဝီဒိုဒိုက ရှုံးနိမ့်ခဲ့သော်လည်း သမ္မတ ဝီဒိုဒိုက အံ့အားသင့်စဖွယ်အဖြစ် ဆူဘီယန်တိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းကာ ခန့်အပ်ပြီး ဝန်ကြီးဌာန အဖွဲ့အစည်းများတွင် အများဆုံးသော ဘတ်ဂျက် အသုံးစရိတ်ကိုပါ ကိုင်တွယ်ခိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly