"မင်းတို့ကို အမဲဖျက်မယ်"ဟု အိုင်အက်စ်တို့အား Anonymous ဟက်ကာအဖွဲ့ စစ်ကြေညာ

"မင်းတို့ကို အမဲဖျက်မယ်"ဟု အိုင်အက်စ်တို့အား Anonymous ဟက်ကာအဖွဲ့ စစ်ကြေညာ

နိုဝင်ဘာ ၁၃။              ။  ပါရီတိုက်ခိုက်ခံရပြီးနောက် ဟက်ကာအဖွဲ့ဖြစ်သည့် Anonymous က အိုင်အက်စ်တို့အား စစ်ကြေညာလိုက်သည်။

ယူကျု့တွင် တင်သည့် ဗီဒီယိုတွင် "လူသားချင်းစာနာထောက်ထားခြင်းအရ ပေါင်းစည်းပါဝင်ကြောင်း၊ အစွန်းရောက်များကို သတိပေးလိုက်ကြောင်း" ပြောဆိုထားသည်။

အဖွဲ့အမှတ်တံဆိပ် မျက်နှာဖုံးတပ် ပြောကြားသူက "တစ်ကမ္ဘာ့လုံးက Anonymous တွေက မင်းတို့ကို အမဲဖျက်ပစ်မှာဖြစ်တယ်။ မင်းတို့ကို မြေလှန်ရှာတွေ့မယ်ဆိုတာ၊ မင်းတို့ကို သွားခွင့်မပြုဘူးဆိုတာ မင်းတို့ သိထားရမယ်။ မင်းတို့အပေါ် အကြီးဆုံး စစ်ဆင်ရေး ငါတို့ ဆင်နွှဲမယ်။"ဟု ပြောဆိုထားသည်။

"အကြီးအကျယ် ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် မျှော်လင့်ထားပါ။ ငါတို့ စစ်ကြေညာပြီ။ အသင့်ပြင်ထားလိုက်တော့။ ပြင်သစ်ပြည်သူတွေက မင်းတို့ထက် အားကောင်းတယ်။ ဒီအားတွေကနေ မင်းတို့အတွက် ရက်ရက်စက်စက် ဖြိုခွင်းခြင်းတွေကို ယူဆောင်လာမယ်။"ဟုလည်း ယင်းပုဂ္ဂိုလ်က ပြောသည်။

အိုင်အက်စ်တို့ကို Anonymous တို့က ခြိမ်းခြောက်ခြင်းသည် ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။ ဇန်နဝါရီလအတွင်းက ချာလီဟတ်ဒူးမဂ္ဂဇင်း တိုက်ခိုက်ခံရစဉ်ကလည်း အလားတူ ခြိမ်းခြောက်မှုမျိုး လုပ်ဆောင်ထားသည်။

ယင်းဟက်ကာအဖွဲ့က အိုင်အက်စ်တို့ကို ထောက်ခံသည့် ဝါဒဖြန့်နေသည့် တွစ်တာအကောင့်စာရင်းများကို ထုတ်ဖော်သည့် အော်ပရေးရှင်းအားလည်း လုပ်ဆောင်ထားသည်။

ပါရီတိုက်ခိုက်မှုကို အိုင်အက်စ်တို့က ကျုးလွန်ကြောင်း ကြေညာထားသည်။ ယင်းတိုက်ခိုက်မှုအတွင်း လူ ၁၂၉ ဦးသေဆုံးကာ ၄၁၅ ဦး ဆေးကုသမှု ခံနေရသည်။ ၄၂ ဦး၏ အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရှိကြောင်း သိရသည်။

Ref ; Mirro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly