အာသံရိုင်ဖယ်တပ်က WIY မူးယစ်ဆေးပြား ဒေါ်လာ ၉ သိန်းနီးပါးဖိုး ဖမ်းမိ၊ မြန်မာ ၁ ဦးလည်း အဖမ်းခံရ

By ဘုန်းမြင့်ဦး
16 October 2020
အာသံရိုင်ဖယ်တပ်က WIY မူးယစ်ဆေးပြား ဒေါ်လာ ၉ သိန်းနီးပါးဖိုး ဖမ်းမိ၊ မြန်မာ ၁ ဦးလည်း အဖမ်းခံရ
(ဓာတ်ပုံ - အာသံရိုင်ဖယ် )

အောက်တိုဘာ ၁၆ ၊ ၂၀၂၀

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ်ရှိ ရွာတစ်ရွာတွင် အာသံရိုင်ဖယ်တပ်က မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွင်း အိန္ဒိယ ရူပီး သိန်း ၆၅၀ (အမေရိကန် ဒေါ်လာ ၈၈၀၀၀၀ ကျော်) တန်ဖိုးရှိ WIY မူးယစ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မဏိပူရပြည်နယ် မြို့တော် အင်ဖာမှ ၁၁၂ ကီလိုမီတာ (မိုင် ၇၀ နီးပါး) ဝေးသည့် ဟိုလန်ဖိုင်ရွာတွင် အာသံရိုင်ဖယ်တပ်က စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။ စီးနင်းရှာဖွေမှုအတွင်း မူးယစ်ဆေးပြားမှု၌ သံသယရှိသူ မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။  

အောက်တိုဘာလ ၁၃ ရက်နေ့တွင် WIY ဆေးပြားပေါင်း ၁၃၀၀၀၀ သိမ်းဆည်းရမိကြောင်း အာသံရိုင်ဖယ်တပ်က လူမှု ကွန်ရက်တွင် ကနဦး သတင်းတင်ခဲ့သည်။ သိမ်းဆည်းရမိသည့် ယင်းဆေးပြားများ၏ ကာလပေါက်ဈေးမှာ ရူပီး သိန်း ၆၅၀ ဖိုးအထိ ရှိနေခြင်းဖြစ်ပြီး ယခု ရဲလက်သို့ လွှဲလိုက်ပြီ ဖြစ်သည်။

အိန္ဒိယ ANI သတင်းဌာန၏ အဆိုအရ ယခု မူးယစ်ဆေးဝါး နှိမ်နင်းရေးကို မိုးရေးဒေသရှိ အာသံရိုင်ဖယ်တပ်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နှိမ်နင်းရေးအတွင်း မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

WIY ဆေးပြား၏ အမည်သည် ‘ကမ္ဘာဟာ သင်တို့အတွက်’ (World is Yours) ၏ အတိုကောက် ဖြစ်ပြီး တားမြစ်ထားသည့် မူးယစ်ဆေးတစ်မျိုးဖြစ်သည်။ WIY ဆေးပြားသည် ယာဘ ဆေးပြားနှင့် အလားတူပြီး မက်သာဖက်တမင်း အပါအဝင် စိတ်ကြွဆေးများကို အခြေခံထားသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly