အသေးဆုံးက စတင်ကြ ၊ လီနင်မှတ်ချက် နဲ့ မုန်တိုင်းလွန်မှ ပြန်သာယာမလား

အသေးဆုံးက စတင်ကြ ၊ လီနင်မှတ်ချက် နဲ့ မုန်တိုင်းလွန်မှ ပြန်သာယာမလား

( က ) အသေးဆုံးက စတင်ကြ

ကျွန်တော်တို့ဟာ မကြာခဏဆိုသလို ကြီးမားတဲ့ ကိစ္စရပ်တွေ ပြောဆိုကြတယ် လုပ်ဖို့လည်း အကြံပေးခြင်းခံရတယ်။ထိုနည်းတူစွာ ထုထည် ကြီးမားတဲ့ အရာတွေနဲ့ ပတ်သက်လို့လည်း ကြိုတင် တွေးမြင်မှန်းမျှော်ကြည့်ရာမှာ တော်ကြတယ်။ ဥပမာအားဖြင့် စစ်ရေးပြင်ဆင်မှု နဲ့ ကျူးကျော်စစ်လို ကိစ္စတွေမှာ တုံ့ပြန်ဖို့ အတွက် ကြိုပြင်ကြတယ်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုဆိုရင် သူ့ရဲ့ ကာကွယ်ရေး ဘတ်ဂျက်ကို ဒေါ်လာ ထရီလီယံနဲ့ ချီပြီးသုံးတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဏုကြည့် ကိရိယာ နဲ့ကြည့်မှသာ မြင်နိုင်တဲ့ ပိုးမွှားတွေအတွက် မပြင်ဆင်ကြဘူး။ ဒီ အစက်အပျောက်လောက်တောင် မရှိတဲ့ ပိုးမွှားလေးတွေက ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံတွေကို သွားလာလှုပ်ရှား ကူးသန်းရောင်းဝယ်မှုတွေ ရပ်ဆိုင်းကုန်တာ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းအတွက် မကြုံစဖူး အပြောင်းအလဲ စိန်ခေါ်မှုတွေနဲ့ ကြုံရတာတွေ ဖြစ်စေတယ်။ ဒါကြောင့် ကျွန်တေ်ာတို့ဟာ ကိစ္စရပ်တစ်ခုကို စတင်စဉ်းစားမယ်ဆိုရင် အခြေခံ အကြောင်းအရာတွေ ၊ အသေးအဖွဲ့ ကိစ္စတွေကနေ စတင်စဉ်းစားဖို့ လိုကောင်းလိုအပ်လာလိမ့်မှာ ဖြစ်ပါတယ်။
( Fareed Zakaria 2020, Ten Lessons for a Post pandemic world )

(ခ) လီနင်ရဲ့ မှတ်ချက်

ဆိုဗီယက်ခေါင်းဆောင်ကြီး လီနင်ကတော့ တခါက ဆိုဖူးတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဘာမှ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဖြစ်လာတဲ့ ရက်သတ္တပတ်တွေကပဲ နောက် ဆယ်စုနှစ်တွေအတွက် သက်ရောက်မှု ရှိစေတယ်။ လို့ ပြောခဲ့ဖူးတယ်။ ဆိုလိုရင်းက အမှုမဲ့ အမှတ်မဲ့ ဘာမှမဖြစ်သလို နေလာရင်းနဲ့ တကယ်လည်း တစုံတရာ အကြပ်အတည်း အခက်အခဲက ဖြစ်လည်းဖြစ်လာရော အဲဒီကိစ္စရဲ့ အကျိုးသက်ရောက်မှုက နောက်ဆယ်စုနှစ်တွေအထိ သက်ရောက်မှုရှိတယ်၊ ကုစားနေရမှာဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

( ဂ) လျှော့မတွက်သင့်တဲ့ လူ နဲ့ တိရစ္ဆာန် ပိုမိုနီးကပ်စွာ နေထိုင်လာရခြင်း

၁၁.၁၀.၂၀၂၀ မနက်ပိုင်း သတင်းတွေ ဖတ်ရင်း မိတ်ဆွေကိုရဲ ( တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့ ) ရဲ့ လူမှုကွန်ယက်မှာ ကူးစက်မြန် ဗိုင်းရပ်စ်တွေက လူတွေကို သန်းနဲ့ချီ သေစေမယ့်အကြောင်း ယခင်ကတည်းက ပညာရှင်တွေ ကမ္ဘာ့ကဝိတွေ ဟောကိန်းထုတ်ခဲ့တာတွေကို လူမှုကွန်ယက်မှာ ထောက်ပြရေးထားတာတွေ့တယ်။

လူဦးရေ တိုးပွားတာ ၊ စားကျက်ကျုံ့တာ ၊ လူတွေစားဖို့ တိရစ္ဆာန်တွေကို ပိုထုတ်လုပ်ရတာ ၊ သဘာ၀ အရံအတားတွေ ပိုဖြိုဖျက်လာရတာ ၊ ဇီ၀ ပြုပြင်ထားတဲ့ အသားငါး ထုတ်လုပ်မှုတိုးမြင့်ရတာ တွေကြောင့် ဇီဝအမျိုးစုံတာ မရှိတော့တဲ့အပြင် သဘာဝက ပေးတဲ့ ကိုယ်ခံအား အကာအရံ Immunological Firebreak မရှိတော့တာက အစ မွေးမြူရေးခြံတွေက ဗိုင်းရပ်စ ကူးစက်ဖို့ အလားအလာ အရှိဆုံး နေရာဖြစ်နိုင်တဲ့အကြောင်း လီဒါဘတ်ဂျ် ၊ ဘီလ်ဂိတ် ၊ Wallace တို့ရဲ့ အတိတ်က ဟောကိန်းတွေကို ကိုးကားလို့ ဖော်ပြထားတယ်။

ပူလစ်ဇာ ဆုရှင် ဂျာရတ် ဒိုင်းမွန်းကတော့ ပထဝီ အနေအထားအလိုက် လူဦးရေ နေထိုင်မှု ပုံစံ နဲ့ သဘာဝပတ်ဝန်းကျင် တည်ရှိမှု အခြေအနေတွေက ကမ္ဘာကို ပုံဖော်နေတယ် ဆိုပြီး သူ့ရဲ့ နာမည်ကျော် စာအုပ် ဖြစ်တဲ့ "Guns, Germs, and Steel: The Fates of Human Societies ဆိုတဲ့စာအုပ်မှာ အခိုင်အမာ ထောက်ပြခဲ့ဖူးတယ်။

သူ အလေးထား ထောက်ပြခဲ့တဲ့ နယ်မြေတွေကတော့ ဥရောပ နဲ့ အာရှ ကုန်းတွင်းချင်းထိစပ်တဲ့ နယ်မြေဖြစ်တဲ့ ယူအေးရှား တိုင်းပြည်တွေဖြစ်တယ်။

ရာသီ ဥတု တောတောင် နယ်မြေစုံလင်ပြီး စိုက်ပျိုးမြေတွေ ရေဝရေလဲ ဒေသတွေပါရှိတဲ့ ယူအေးရှားက ဇီဝမျိုးစုံတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။

ဥပမာအားဖြင့် ရှေးခေတ်ကဆိုရင် ဆိတ်တွေ ၊ သိုးတွေက ယူအေးရှား ဒေသခံတွေအတွက် အဝတ်တွေ ၊ ချိစ်တွေအဖြစ် ဖန်တီးပေးသလို ၊ နွားမတွေဆီက နွားနို့ရပြီး ၊ နွားထီးတွေက လယ်ယာ ထွန်ယက်ပေးတယ်။ ကြက် ၊ ဝက်တွေက အသား အစားအစာ ရစေပြီး ၊ အဲဒီ နွားတွေ ကုလားအုပ်တွေကပဲ စစ်ရေး အပါအဝင် သယ်ယူပို့ဆောင်ရေး ကုန်သွယ်ရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့တယ်။

နယ်မြေကျယ်ပြောမှုနဲ့ ရာသီဥတုကောင်းမွန်မှုတွေကလည်း အရှေ့ရော ၊ အနောက် အတွက်ပါ ကုန်သွယ်မှုအတွက်သာ မက အခြေချနေထိုင်မှု တိုးလာစေဖို့အတွက်လည်း စိတ်ကိုင်းညွတ်မှုတွေ ဖြစ်စေခဲ့တယ်။

အခြေချနေထိုင်ဖို့အတွက် တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် တိုက်ခိုက်ရတာ တွေပါတဲ့အတွက် သူ့စာအုပ်ကို Guns, Germs and Steel : The Fate of Human Societies လို့ အမည်ပေးခဲ့တာဖြစ်တယ်။

ဒါကြောင့်ပဲ စိုက်ပျိုးတွေ ပိုချဲ့ရတာတွေ ဖြစ်လာတယ်။ လူတွေနဲ့ ဇီဝမျိုးကွဲတွေ ပိုနီးစပ်လာသလို ပျက်သုဉ်းလာတာ မျိုးစိတ်ပြောင်းကုန်တာတွေလည်း အများကြီးဖြစ်ကုန်တယ်။

နောက်ပိုင်းတော့ အဲဒီနယ်မြေတွေထဲ လူနေသိပ်သည်းလာတာ ၊ ကိုလိုနီ နယ်မြေသစ်အဖြစ် ကျရောက်ခဲ့တာ ၊ သဘာ၀ အတိုင်းရှိတဲ့ နယ်မြေတွေ ကျုံ့လာပြီး လူတွေနေထိုင်ရာနေရာ နဲ့ မွေးမြူရေး လုပ်ငန်းတွေ ပိုနီးလာတာတွေက တိရစ္ဆာန်တွေက တစ်ဆင့် လူတွေကို ရောဂါ ကူးစက်မှုတွေ များလာစေခဲ့တယ်။

ရေကျောက် ၊ ဝက်သက် နဲ့ တုပ်ကွေး ရောဂါတွေဟာ လူတွေနဲ့ တိရစ္တာန်တွေ အနေနီးကပ်လာတာတွေကြောင့်လို့လည်း ဂျရတ်ဒိုင်းမွန်း (၁၉၉၇ ) က ထောက်ပြခဲ့တာပါ။

( ကိုးကား- Jared Diamond; Guns, Germs, and Steel: The Fates of Human Societies )

သူ့ရဲ့ တင်ပြချက်တွေထဲမှာ အေဒီ ၁၅၀၀ လောက်ကစလာတဲ့ နိုင်ငံရေးစနစ် နဲ့ နည်းပညာ တိုးတက်မှုတွေဟာ ကမ္ဘာရဲ့ ကွာဟမှု မညီမျှကို ချက်ခြင်း လက်ငင်းဖြစ်စေခဲ့တယ်လို့ ဆိုတာပါ။

သံမဏိနဲ့ စတီးလ် လုပ်ငန်းအဆင့်မြင့်လာတဲ့ သံမဏိ လက်နက်တွေ ပိုင်ဆိုင်တဲ့ အင်ပါယာတွေ နိုင်ငံတွေဟာ သာမန် ၊ တုတ် ၊ ဓါး ကြေး လက်နက် နိုင်ငံတွေကို အနိုင်ယူခဲ့ကာ တချို့ဒေသတွေမှာတော့ ဒေသခံတွေကို မျိုးဖြုတ်မှုတွေအထိ ဖြစ်စေခဲ့တယ်။ တက်စ်မေးနီးယား မှာဆိုရင် ကျောက်လက်နက်တွေပဲ သုံးသေးသလို ၊ တောင်အမေရိက အင်ဒီးစ် တောင်တွေပေါ်မှာလည်း ကြေးလက်နက်တွေကိုသာ အသုံးပြုနိုင်ပါသေးတယ်။
ကိုလိုနီ စနစ်တွေ ဖိနှိပ်မှု ၊ နယ်မြေချဲံထွင်မှု နဲ့အတူ ဆက်စပ် စဉ်းစားစရာဖြစ်တဲ့ ထင်သာမြင်သာတဲ့ ဒေသတွေကတော့ ကိုလိုနီခေတ်လွန် အာဖရိက နိုင်ငံတွေအနေနဲ့ ရုန်းကန်နေရဆဲ ဖြစ်နေတာ ၊ အလယ်အမေရိကနိုင်ငံ တွေနဲ့ မက္ကစီကိုလို နိုင်ငံတွေ ၊ နယူးကာလီဒိုးနီးယား ၊ ဆိုဗီယက်ကနေ ထွက်လာတဲ့ တိုင်းပြည်တွေက နမူနာကောင်းဖြစ်နိုင်ပါတယ်။

ဂျာရတ်ဒိုင်းမွန်းရဲ့ နောက်ထပ် နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ Collapse: How Societies Choose to Fail or Succeed စာအုပ်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ အခြားအကြောင်းအရာတွေက လူ့အဖွဲ့အစည်းအတွက် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို ရွေးချယ်စရာ ဖြစ်စေတယ်ဆိုတဲ့ အကြောင်းကို ရေးသားခဲ့တာဖြစ်တယ်။

( ဃ ) သေးသေးလား ၊ ကြီးကြီးလား ၊ မုန်တိုင်းလွန်မှ ပြန်သာယာမလား

စီမံခန့်ခွဲမှု နဲ့ ပတ်သက်ရင်လည်း အခြေခံအကျဆုံး အသေးဆုံးအစိတ်အပိုင်းက စလုပ်ဖို့ ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။

အသက်ကြီးလာလေလေ ပိုပြီး သတိပြုလာလေလေ ဖြစ်တဲ့အချက်ကတော့ သေးငယ်တဲ့ ကိစ္စလေးတွေက ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်စေတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်

Sandra Cisneros ( 1954 )

ကြီးမားတဲ့ ကိစ္စရပ်တွေဟာ ရုတ်တရက် ဖြစ်ပွားခဲ့တာမဟုတ်ဘူး။ အသေးအမွှား ကိစ္စလေးတွေကနေ ပေါင်းစု ၊ ဆုံပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။
 

( ဂျော့ခ် အီးလီးယက် )

ကမ္ဘာ့အခြေအနေ ကြည့်ပြန်တော့ ကိုဗစ် ၁၉ လို ကပ်ဘေး မဖြစ်ခင် အခြေအနေမှာတောင် ကမ္ဘာရဲ့ လျင်မြန်စွာ ပြောင်းလဲမှုကြောင့် နိုင်ငံရဲ့ အစိုးရဝန်ဆောင်မှုတွေအနေနဲ့ Open တံခါး ဖွင့်ထားသော ၊ Fast လျင်မြန်သော ၊ Stable တည်ငြိမ်သော စတဲ့ အသွင်သဏ္ဍာန် ၃ ရပ်အနက် အများဆုံး ၂ ရပ်ကိုပဲ ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့ ဆိုထားကြတာပါ။ ( Fareed Zakaria 2020 )
ဒီလို အခြေအနေမှာ စီးပွားရေးလည်းအောင်မြင်ချင် ၊ ရွေးကောက်ပွဲရော ၊ ကိုဗစ် ၁၉ ကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ချင် အားလုံး အနိုင်ရချင် ဆိုတဲ့ကိစ္စဟာ ဖြစ်လာရင်တော့ ကောင်းမှာ ဖြစ်ပေမယ့် အစိုးရလက်တံ ဝန်ဆောင်မှု အားမကောင်း ၊ ညီညွတ်ရေးမရှိ ၊ စီမံခန့်ခွဲမှုနဲ့ ဗျူဟာ ညံ့ ဆိုတဲ့ တိုင်းပြည်အဖို့ လောဘကြီးလွန်းရာရောက်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု မြှင့်တက်နေစဉ် ထိန်းနိုင်သည့် အခြေအနေသို့ ရောက်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံရဲ့ အဓိက လုပ်ဆောင်မှာ အချက် ၂ ချက်သာ ရှိပါတယ်။ တစ်ချက်ကတော့ ရပ်ရွာ အသိုင်းအဝိုင်းရဲ့ လုပ်ဆောင်ချက်ရယ် ၊ တောင်အာဖရိက အစိုးရရဲ့ ခေါင်းဆောင်မှု လို့ ဆိုတာပါ။ ( ဒေါက်တာ ညိုထွန်း ၂၀၂၀- ကွက်လပ် )

လွန်ခဲ့တဲ့ ၃ လက စာရေးသူ ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို ပြန်လာတော့ ရန်ကုန်က ဈေးဆိုင်တွေ ၊ လက်ဘက်ရည်ဆိုင် ၊ စားသောက်ဆိုင်တွေက ယခင်အတိုင်းပဲ ခုံမလျှော့ ဘာမလျှော့ ထိုင်တဲ့လူတွေကလည်း ၁၀ ဦးမှာ ၃ ဦးလောက်သာ Masks တွေတပ် နဲ့ ဘတ်စ်ကားတွေကလည်း လူပြည့်၊ ဈေးတွေကလည်း စည်စည်ကားကား အခြေအနေမျိုး တွေ့ခဲ့ရပါတယ်။ ဈေးထဲသွားရင် Masks လည်ပင်းချိတ်တဲ့ ဈေးသည်ရှိသလို မတပ်သူတွေ ကလည်း မြင်နေခဲ့ရပါတယ်။

သင်္ဃန်းကျွန်း ၊ တောင်ဥက္ကလာ စတဲ့ မြို့နယ်ဘက်တွေမှာပါ။

အစိုးရပေးတဲံ့ သတင်းစကားတွေ သာမန်ပြည်သူတွေ လူထု ရပ်ရွာအခြေပြု အုပ်ချုပ်ရေးတွေဆီ မရောက်တာလား ၊ တစ်ချိန်တည်းမှာလည်း ယုံမှတ်ပြီး ပုံအပ်ကြသလား ၊ သို့တည်းမဟုတ် မတ် ၊ ဧပြီလောက်က ပိုးတွေ့မှု နောက်ပိုင်း အရှိန်တန့်သလို ဖြစ်ခဲ့မှုကို အောင်မြင်သွားပြီလို့ ထင်မှတ်ကြသလား မသိပါ။

သြဂုတ်လလယ်လောက် ရောက်မှ ပိုးက ရှိရင်းစွဲ လက္ခဏာမပြပဲ ကူးစက်နေတဲ့ သဘောမျိုးသတိပြုမိလာကြတာ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်မှု ရှုထောင့်အရ ကြည့်ရင်တော့ အခြေခံ အကျဆုံးစီမံခန့်ခွဲမှုတွေ ၊ နာခံယူမှု တွေမှာ ပျက်ကွက်ခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။ သြဂုတ်လမှာပဲ ဖက်ဒရယ် တည်ဆောက်ရေးအတွက် ၂၁ ပင်လုံလို ညီလာခံမျိုး ကျင်းပခဲ့ပေမယ့် ဗိုင်းရပ်စ် ကာကွယ်ရေး ထိန်းချုပ်ရေးအတွက် အခြေခံကျတဲ့ အသေးဆုံး စီမံခန့်ခွဲမှု Micro Management ကိုတော့ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့တာ ထင်ရှားပါတယ်။

ကိုဗစ် ၁၉ ကူးစက်မှု ၊ ပိုးတွေ့မှု တစ်ဟုန်ထိုးမြင့်လာသော်လည်း လူစုလူဝေး ရွေးကောက်ပွဲ ကမ်ပိန်းတွေနဲ့ စစ်ပွဲ တိုက်ပွဲသံများ ၊ စစ်ဘေးရှောင် အရေအတွက် တိုးပွားလာမှု သတင်းတွေလည်း မြင်နေရတယ်။

ရွေးကောက်ပွဲ ရွှေ့သင့်မရွှေ့သင့် ဝိရောဓိက အစ၊ ချိနဲ့ တိုင်းပြည်မှာ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ရွေးကောက်ပွဲတွေကို ဒီမိုကရေစီ အရ တရားဝင်မှု အားကောင်း မကောင်း၊ ဘေးအန္တရာယ် ကင်းကင်း လုပ်နိုင်စွမ်း ရှိ မရှိ ပွင့်ပွင့် လင်းလင်း ဆွေးနွေးတိုင်ပင်တာမျိုး မဟုတ်ဘဲ နဂိုအစီအစဉ်အတိုင်း ဆက်လုပ်ဖို့ စီစဉ်နေမှုများ ၊ ကိုဗစ် ကာလ စီးပွားရေး ကျဆင်းမှု ၊ နဂိုရှိရင်းစွဲ လူမှုစီးပွား ပြဿနာများ ၊ အုပ်ချုပ်ရေး နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်း  ချက် ၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးပြဿနာ ဆက်ရှိခြင်း ၊ အလုပ်လက်မဲ့နဲ့ နောက်ဆက်တွဲပြဿနာတွေက တစ်ခုချင်းအလိုက် အကျပ်အတည်း Situational Crisis ကနေ အကုန်လုံးပေါင်းဆုံလာမဲ့ National Level Institutional Crisis အဖြစ် ရောက်လာမလား ဆိုပြီး သတိပေးနေသူတွေလည်း တစ်ပုံတစ်ပင်။

(ကိုးကား-မင်းဇင်၊ ဒေါက်တာဖေသက်ခင်၊ ဦးမြင့် ၂၀၂၀ အောက်တိုဘာလ )

လူသေဆုံးမှုများ တဲ့ စစ်ဘေးတွေ ၊ ကပ်ဘေးတွေဟာ တစ်ခါတစ်ခါ ဆက်စပ်နေတာလည်းတွေ့ရပါတယ်။

သမိုင်းမှာ လူအသေအပျောက်များတဲ့ စစ်ပွဲ၊ ကပ်ဘေးကြောင့် ပိုမိုဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံရတာလည်း ရှိဖူးသလို စစ်ကြောင့် ကပ်ဘေးကြောင့် တစ်ဖက်မှာ ပိုချမ်းသာတဲ့ နိုင်ငံတွေ ဒါမှမဟုတ် နဂိုနိမ့်နေရာမှ ပြန်လည် တည့်မတ်သွားတဲ့ ကိစ္စမျိုးတွေလည်း ကမ္ဘာမှာ ဖြစ်ဖူးပါတယ်။

အာရှဥရောပ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကရိုင်းမီးယား ဒေသ Genoese ကို မွန်ဂိုတွေ သိမ်းထားတဲ့ ၁၃၄၇ ခုနစ် ကာလတုန်းက Kipchaks ဟန်ဂေရီ တပ်တွေဟာ အဲဒီမြို့ကို ဝိုင်းနိုင်ခဲ့ပါတယ်။ မြို့ကို အရင်သိမ်း ထားတဲ့ မွန်ဂိုလ်တွေဟာ အရှေ့အရပ်ကနေ ပါလာခဲ့တဲ့ ပလိပ်ရောဂါကြောင့် အဲဒီလို ဝိုင်းထားတဲ့ အခြေအနေမှာပဲ မြို့တွင်းမှာ ဖျားနာ သေကြေမှုတွေဖြစ်နေတာပါ။ ဒါကို Kipchaks ဟန်ဂေရီယန်းတွေက မြိုအပြင်ကနေ မြို့အတွင်းကို တိုက်ခိုက်မှုတွေလုပ်ပါတော့တယ်။ မြို့တွင်းကနေ ခုခံသူတွေဟာ အများအပြားကျဆုံးပေမယ့် အဲဒီ Genose က ခုခံသူတွေရဲ့ သင်္ဘော တစ်စင်းဟာ ပိတ်ဆို့ထားမှုကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး စစ္စလီ ကျွန်းပေါ်က မက်ဆီနာကိုရောက်သွားခဲ့ပါတယ်။ အဲဒီသင်္ဘောနဲ့အတူ ပလိပ်ရောဂါသည်တွေလည်းပါသွားတဲ့အတွက် ကျွန်းပေါ်က လူတွေကိုပါ ကူးစက်မှုတွေ ဖြစ်ကုန်ပြီး မက်ဆီနာက လူတစ်ဝက်လောက်ဟာ နှစ်လ အတွင်း သေဆုံးသွားခဲ့တာပါ။

အဲဒီ ကပ်ရောဂါဟာ အီတလီနဲ့ ဥရောပ တစ်နံတစ်လျားကိုလည်း ပျံ့နှံ့သွားသလို ၁၃၅၀ ခုနစ်မတိုင်ခင်မှာ ဥရောပက အနည်းဆုံး လူဦးရေ ၁၄ သန်းလောက်ဟာ သေဆုံးသွားခဲ့ပါတယ်။ ဥရောပတလွှား လယ်တွေမှာ အလုပ် လုပ်နေသူတွေရဲ့ တစ်ဝက်လောက်ဟာ သေဆုံးကုန်တဲ့အတွက် ကျန်တဲ့ လယ်ယာလုပ်သားတွေအနေနဲ့ လုပ်အားခ ပိုရလာသလို အသက်ရှင်ကျန်နေသူတွေဟာ သေဆုံးသူတွေရဲ့ လယ်မြေတွေ ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် လူတွေ ပိုင်ဆိုင်မှု ရုတ်ခြည်းတိုးတက်လာတဲ့ ခေတ်လို့ ဆိုနိုင်ပါတယ်။ မြေပိုင်ကျွန်စနစ်လည်း ဥရောပမှာ လျော့နည်း ပပျောက်လာပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ ပိုင်ဆိုင်မှု တိုးလာလို့ စိတ်အားတက်ကြွကြပြီး ယဉ်ကျေးမှု ထုတ်ကုန် ပိုမို ထုတ်လုပ်နိုင်ရေး အားပြုလာကြသလို အစဉ်အလာ မြေရှင်တွေမဟုတ်ဘဲ သာမန် အရပ်သား လုပ်သားတွေလည်း မြေရှင်ဖြစ်လာခဲ့တဲ့ ခေတ်လို့ ဆိုရမှာပါ။ အဲဒီမတိုင်ခင်ခေတ်ကတော့ ဥရောပဟာ တာရှည်စစ်ပွဲတွေနဲ့အတူ လူအများစုဟာ ဆင်းရဲမှု ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာလည်းဖြစ်ပါတယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly