လက်နက်ကြီးတွေကြောင့် နာခေါ်နိုကာရာဘက်ခ်ဒေသက စစ်ဆေးရုံ ပျက်စီး

လက်နက်ကြီးတွေကြောင့် နာခေါ်နိုကာရာဘက်ခ်ဒေသက စစ်ဆေးရုံ ပျက်စီး

အောက်တိုဘာ ၁၆  

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ နာဂေါ်နိုကာရာဘက်ခ်ပဋိပက္ခဒေသရဲ့ မာတာကာ့မြို့ပြင်က စစ်ဆေးရုံကို လက်နက်ကြီးတွေနဲ့ အမြောက်ဆန်တွေထိခဲ့လို့ မော်တော်ကားတွေ ဆေးရုံအဆောက်အအုံနဲ့ ပြတင်းပေါက်တွေ ပျက်စီးသွားခဲ့ပါတယ်။  

အဲဒီဆေးရုံဟာ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ဆေးကုပေးနေတဲ့နေရာဖြစ်ပါတယ်။ သတိပေးဥဩသံမြည်လာတဲ့အချိန်မှာ တချို့က မြေအောက်ခန်းထဲ ဝင်ပြေးခဲ့ကြပေမယ့် ပြင်ပကလူတချို့ကတော့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဆရာဝန်နဲ့စေတနာ့ဝန်ထမ်းစစ်သားအဖြစ်ထမ်းဆောင်နေတဲ့ ဂီဗော့တာဒီဗိုစ်ယန်က “စစ်လေယာဉ်က ကျွန်တော်တို့ကို လှမ်းပစ်တာပါ။  အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို သေအောင်လို့ ဒုံးကျည်တွေ၊ ဗုံးတွေနဲ့ ပစ်နေကြတာပါ” လို့ပြောပါတယ်။

ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်လာတဲ့သူတွေကို ကူညီဖို့ ဆေးရုံပြင်ပမှာ ရပ်နေကြတုန်း ရုတ်တရက် လက်နက်ကြီးတွေနဲ့ ပစ်ခံခဲ့ရတာဖြစ်ပြီး အားလုံး ဒဏ်ရာတွေရခဲ့ကြတာဖြစ်ပါတယ်။

စစ်ကားမောင်းသူတစ်ဦးဖြစ်တဲ့ ဗစ်တာဆိုသူက “အပစ်ခံရတော့ ဘာမှန်းတောင်မသိလိုက်ပါဘူး။ ကျွန်တော်သတိရလာတော့ ဟိုနား ဒီနားက အော်ဟစ်နေသံတွေကို ကြားရတာပါပဲ။ လူတွေအားလုံး ဒဏ်ရာရခဲ့ကြတာပါ” လို့ပြောပါတယ်။

ဒေသခံတစ်ဦးဖြစ်သူကလည်း “ အိမ်နှစ်လုံးစလုံးလောင်နေတာပါ။ ခုထိ မီးမငြိမ်းသေးဘူး။ ထင်းပုံတွေကိုလည်း မီးမကူးအောင် ရွှေ့ထားရတယ်။ မနေ့ကဆို လက်နက်ကြီးတွေနဲ့ အများကြီး အပစ်ခံရတယ်။

စစ်လေယာဉ်ကလည်း ဆေးရုံကိုလှမ်းပစ်တယ်၊ နောက်ပြီး ဗုံးအတွဲလိုက်တွေ ရွာကို ပစ်ချပါတယ်။ နေရာအတော်များများ ပျက်စီးသွားတယ်။ ဗုံးအလုံးပေါင်း ၃၀ ၄၀ လောက် ရှိမယ်” လို့ဆိုပါတယ်။

 ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်တို့ကတော့ အဇာဘိုင်ဂျန်နဲ့ ခွဲထွက်အာမေးနီးယားတွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေ အဆုံးသတ်ကြဖို့ တိုက်တွန်းပြောဆိုထားကြပါတယ်။

အငြင်းပွားဖွယ်ကာရာဘက်ခ်ဒေသတိုက်ပွဲတွေကြောင့် လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပြီး ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က မော်စကိုမှာ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုကို အဓိပ္ပါယ်ကင်းမဲ့သလောက် ဖြစ်စေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly