ဂျပန်က စားသောက်ဆိုင်များအတွက် စူပါကွန်ပျူတာဖြင့်ဒီဇိုင်းဖော်ထားသည့် မျက်နှာကာများ တီထွင်

ဂျပန်က စားသောက်ဆိုင်များအတွက် စူပါကွန်ပျူတာဖြင့်ဒီဇိုင်းဖော်ထားသည့် မျက်နှာကာများ တီထွင်

အောက်တိုဘာ ၁၆  

စားသောက်ဆိုင်များတွင် သွားရောက်စားသုံးသူများအတွက် ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှုကို လျှော့ချနိုင်ပြီး လေထဲပျံ့နှံ့နေသော အရည်စက်အမှုန်အမွှားများကို ထိထိရောက်ရောက်တားဆီးနိုင်မည့် မျက်နှာကာတစ်မျိုးကို       ကမ္ဘာ့အမြန်ဆုံး Fugaku စူပါကွန်ပျူတာကိုအသုံးပြုကာ ဂျပန်သုတေသနအဖွဲ့က တီထွင်လိုက်သည်။  

စားသုံးသူများသည် ရောဂါကူးစက်မှာစိုးရိမ်ကာ ဆိုင်များကိုရှောင်ရှားနေသဖြင့်  စားသောက်ဆိုင်အများအပြားသည် ဝင်ငွေနှင့်ထွက်ငွေမျှအောင်ရုန်းကန်နေရစဉ်တွင် Toppan Printing Co. နှင့် Suntory Liquors Ltd. တို့သည် စားသောက်ရင်းတပ်ဆင်ထားနိုင်သည့် ထိရောက်သောမျက်နှာကာကို တီထွင်ရန် စတင်ခဲ့ကြသည်။ ၎င်းတို့သည် Fujitsu Ltd. နှင့်တွဲ၍ Fugaku စူပါကွန်ပျူတာကိုတည်ထွင်ခဲ့သော နိုင်ငံပိုင် Riken သုတေသနအဖွဲ့ မှာလည်း အကူအညီများရယူခဲ့သည်။  

ကွန်ပျူတာ၏ သရုပ်ပြချက်အရ ပုံမှန်မျက်နှာကာတစ်ခုသည် ပါးစပ်မှထွက်လာသည့်အရည်စက်လေးများ၏ ၃၀ % ခန့်ကိုသာ လေထဲသို့ပျံ့နှံ့ခြင်းမှ တားဆီးပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ စူပါကွန်ပျူတာကိုအသုံးပြုကာ လေ့လာမှုအမျိုးမျိုးပြုလုပ်ပြီးနောက် မေးစေ့မှ နှာခေါင်းအထိဖုံးအုပ်ထားသော ပန်းကန်လုံးပုံသဏ္ဍာန် မျက်နှာကာဒီဇိုင်းသည် အရည်စက်အမှုန်အမွှားများကို ၇၀ % အထိ တားဆီးပေးနိုင်ကြောင်း သုတေသီအဖွဲ့က အတည် ပြုခဲ့ကြသည်။  

မျက်နှာကာကို ဖောက်ထွင်းမြင်နိုင်သော သာမိုပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး မျက်နှာကာတပ်ဆင်ထားရင်း စားနိုင်စေရန် ပါးစပ်အဖုံးကို တစ်ဖက်သို့ အလွယ်တကူ ရွှေ့နိုင်အောင်ပြုလုပ်ထားသည်။ မျက်လုံးကိုလည်း အကာအကွယ်ပေးထားသည့် အဆိုပါမျက်နှာကာကို ယခုအခါ တိုကျိုရှိ စားသောက်ဆိုင် အများအပြားတွင် စမ်းသပ်အသုံးပြုလျက်ရှိသည်။  

အဆိုပါမျက်နှာကာမျိုးကို မည်သူမဆိုထုတ်လုပ်နိုင်ရန် ကွန်ပျူတာအကူအညီအဖြင့်ပြုလုပ်ထားသော ၎င်းမျက်နှာကာဒီဇိုင်းကို အများပြည်သူ အခမဲ့အသုံးပြုနိုင်ကြောင်း Toppan ကုမ္ပဏီကပြောသည်။  ကုမ္ပဏီသည် မျက်နှာ ကာထုတ်လုပ်မှုနှင့် တီထွင်မှုကို တာဝန်ယူထားပြီး တခြားကုမ္ပဏီများ၏ အမှာစာများကိုလည်းလက်ခံသည်ဟု Toppan မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။  

မျက်နှာကာရောင်းချမှုကို ဒီဇင်ဘာ နှစ်ကုန်စားသောက်ပွဲအချိန်မီ စတင်မည်ဟု ပူးပေါင်းကုမ္ပဏီအဖွဲ့က ပြောသည်။  

“လူတိုင်း အဲဒီမျက်နှာကာကို ထုတ်လုပ်အသုံးပြုနိုင်ခြင်းအားဖြင့် ရောဂါကူးစက်မှုအန္တရာယ်လျှော့ချဖို့ ဂျပန်မှာ မြန်မြန်ဆန်ဆန် ဖြန့်ဝေနိုင်သွားမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီမျက်နှာကာတွေက စားသောက်ဆိုင်လုပ်ငန်း ပြန်လည်သက်ဝင်လှုပ်ရှားလာအောင် အထောက်အကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးပါလိမ့်မယ်” ဟု  Suntory Liquors ဥက္ကဋ္ဌ Kenji Yamada က အင်္ဂါနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

စားသောက်ဆိုင်လုပ်ငန်းများသည် မတ်လကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ်ထိခိုက်ခဲ့သည်ဟု Suntory Liquors အဖျော်ယမကာကုမ္ပဏီက မှတ်ချက်ပြုခဲ့သည်။ အသင့်စား စားသောက်ဆိုင်များမှ အော်ဒါ မှာယူမှုများမြင့်တက်လာခြင်းကြောင့် ဇူလိုင်လမှစတင်၍ စားသောက်ဆိုင်လုပ်ငန်းအချို့ ပြန်လည်နာလန်ထူလာသော်လည်း အဖျော်ယမကာနှင့်စားဖွယ်များ အဓိကရောင်းချသည် Izakaya နှင့် အခြားစားသောက်ဆိုင် များ သည် နွေဦးမှစတင်ကာ အတော်အသင့်အရောင်းတက်ခဲ့သော်လည်း ယခုနှစ်အစောပိုင်း၏ ၄၀ % ခန့်သာရောင်းအားရှိခဲ့ကာ လုပ်ငန်းများ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly