ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေကြား အကျဉ်းသားချင်း လဲလှယ်

ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေကြား အကျဉ်းသားချင်း လဲလှယ်

အောက်တိုဘာ ၁၆ ၊ ၂၀၂၀

ယီမင်နိုင်ငံမှာ အကျဉ်းသားလဲလှယ်မှုအရ လွတ်မြောက်လာခဲ့တဲ့ ဟူသီသူပုန်တွေဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဆာနားမြို့တော်ဆီ ရောက်ရှိတဲ့နောက်မှာ ပျော်ပွဲအထိမ်းအမှတ်တွေ ကျင်းပပါတယ်။

နိုင်ငံရဲ့ ကာလရှည်ကြာနေတဲ့ စစ်ပွဲအတွင်း ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေဟာ ပြီးခဲ့တဲ့ လက ဆွစ်ဇာလန်နိုင်ငံမှာ သဘောတူညီချက် တစ်ရပ်ရခဲ့ပြီး အဲဒီ သဘောတူညီချက်အရ နှစ်ရက်အတွင်း အကျဉ်းသား ၁၀၈၁ ဦးကို လဲလှယ်ကြမှာ ဖြစ်ပါတယ်။

၂၀၁၄ က စတင်ဖြစ်ပွားတဲ့ စစ်ပွဲကာလတစ်လျှောက် အခု အကျဉ်းသားလဲလှယ်မှုဟာ အများဆုံး အရေအတွက်ဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ရပ်လည်း ဖြစ်ပါတယ်။

ခြောက်နှစ်ကြာဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံက စစ်ပွဲမှာ ဆော်ဒီအာရေဗျနဲ့ ၎င်းရဲ့ မဟာမိတ်တွေက ကြားဝင်ဖြန်ဖြေပေမယ့် ဟူသီသူပုန်တွေဟာ နိုင်ငံရဲ့ မြောက်ပိုင်း နယ်မြေတော်တော်များများကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အခု အကျဉ်းသားလဲလှယ်မှုဟာ ပဋိပက္ခစစ်ပွဲ အဆုံးသတ်ရေး အားထုတ်မှုတွေရဲ့ တိုးတက်ရိပ်ပြတဲ့ ရှားရှားပါးပါး လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။

သူပုန်ထိန်းချုပ်ရာ ဆာနားမြို့တော်ဆီ ပြန်လည်ရောက်ရှိလာတဲ့ တိုက်ခိုက်ရေးသမားတွေကို ကော်ဇောနီခင်းပြီး စစ်တီးဝိုင်းနဲ့ ကြိုဆိုကြသလို စစ်အရာရှိကြီးတွေနဲ့ မိသားစုတွေပါ လာရောက်ကြိုဆိုကြတာ ဖြစ်ပါတယ်။

“အမေရိကန် ကျဆုံးပါစေ၊ အစ္စရေး ကျဆုံးပါစေ။”ဆိုပြီး ကြွေးကြော်ကြပါတယ်။ ဒီ ကြွေးကြော်သံဟာ ယီမင်အစိုးရနဲ့ ဆော်ဒီနောက်ခံတဲ့ ညွန့်ပေါင်းတပ်တွေကို တိုက်ပွဲဝင်နေတဲ့ ဟူသီသူပုန်တွေရဲ့ ကြွေးကြော်သံပဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့ လက်ရှိအချိန်အထိ ယီမင်နဲ့ ဆော်ဒီအာရေဗျမြို့တွေက တိုက်ခိုက်ရေးသမား ၄၈၄ ဦးကို လေယာဉ် ငါးစင်းနဲ့ ပို့ဆောင် ပြန်လွှတ်ပေးခဲ့တယ်လို့ ရှုပ်ထွေးတဲ့ နှစ်ရက်တာ အကျဉ်းသားလဲလှယ်မှုကို စီမံခန့်ခွဲပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။  

လေယာဉ်တွေဟာ ဆာနားမြို့တော်၊ အစိုးရထိန်းချုပ်တဲ့ ဆီးယန်းမြို့နဲ့ ဆော်ဒီအာရေဗျက ရီယတ်ဒ်နဲ့ အက်ဘဟာမြို့တွေကြား ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။

ဆွစ်ဇာလန်မှာ ပြီးခဲ့တဲ့ လ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ကုလသမဂ္ဂ ယီမင်ဆိုင်ရာ သံအမတ် မာတင်ဂရစ်ဖစ်က အကျဉ်းသားလဲလှယ်မှုကို အောင်မြင်စွာ စတင်နိုင်တာအတွက် ချီးကျူးစကား ပြောပါတယ်။

“ကြက်ခြေနီအဖွဲ့ ဦးဆောင်ပြီး ဒီကနေ့ အကျဉ်းသားလဲလှယ်မှုဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်မယ်ဆိုတဲ့ နောက်ထပ် လက္ခဏာတစ်ရပ်ပါပဲ။”လို့ သူက ပြောခဲ့ပါတယ်။

ယီမင်အစိုးရနဲ့ အီရန်ကျောထောက်နောက်ခံတဲ့ ဟူသီသူပုန်တွေဟာ ၂၀၁၈ခုနှစ်က ဆွီဒင်နိုင်ငံမှာ ကုလသမဂ္ဂ ကြားဝင်ဖြန်ဖြေထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် အကျဉ်းသား ၁၅၀၀၀ နီးပါးကို အပြန်အလှန် လဲလှယ်ဖို့ အာမခံထားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly