ထိုင်ဝမ်က ၎င်းပိုင်ကျွန်းဆီ လေယာဉ်ပျံသန်းရာ ဟောင်ကောင် သတိပေးချက်ကြောင့် ပြန်လှည့်

ထိုင်ဝမ်က ၎င်းပိုင်ကျွန်းဆီ လေယာဉ်ပျံသန်းရာ ဟောင်ကောင် သတိပေးချက်ကြောင့် ပြန်လှည့်

အောက်တိုဘာ ၁၆ ၊ ၂၀၂၀

တောင်တရုတ်ပင်လယ်ရှိ ထိုင်ဝမ်ထိန်းချုပ်သော ကျွန်းဆီ ပျံသန်းသည့် ထိုင်ဝမ်ခရီးသည်တင်လေယာဉ်တစ်စင်းကို ဟောင်ကောင်လေကြောင်းထိန်းချုပ်ရေးက သတိပေးခဲ့သဖြင့် လေယာဉ်သည် ပြန်လှည့်ခဲ့ရသည်ဟု ထိုင်ဝမ်အစိုးရက ပြောသည်။

ဒေသတွင်း တင်းမာမှုများ မြင့်တက်နေစဉ် ထိုင်ဝမ်ရှိ Kaohsiung အရပ်မှ Pratas ကျွန်းဆီသို့ ပျံသန်းသော UNI လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်သည် ဟောင်ကောင်၏ ပျံသန်းရေးသတင်းအချက် ထုတ်ပြန်ရေး ဇုန်အနား ချည်းကပ်မိရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ် အရပ်ဖက်လေကြောင်းစီမံခန့်ခွဲရေးရုံးက ထုတ်ပြန်သည်။

အမြင့်ပေ ၂၆၀၀၀ အောက်တွင် အန္တရာယ်ရှိသော လှုပ်ရှားမှုများ ရှိနေပြီး လေယာဉ် ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်း ဟောင်ကောင်လေကြောင်းထိန်းချုပ်ရေးက လေယာဉ်မှူးကို လှမ်း၍ သတိပေးသဖြင့် ဘေးကင်းလုံခြုံရေး အတွက် လှည့်ပြန်ခဲ့ရခြင်း ဖြစ်သည်ဟု ထိုင်ဝမ်ရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လေယာဉ်ပျံသန်းမှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည့် ထို အန္တရာယ်ရှိသော လှုပ်ရှားမှုများနှင့် ပတ်သက်ကာ ဟောင်ကောင်က ကြိုတင်သတိပေးထားခြင်း မရှိပေ။

ထင်မြင်ချက်ပေးရန် တောင်းခံသော်လည်း ဟောင်ကောင် အရပ်ဖက်လေကြောင်းဌာနက ချက်ချင်း မတုံ့ပြန်ပေ။

Pratas ကျွန်းဆီသို့ အများအားဖြင့် ထိုင်ဝမ်အစိုးရအရာရှိများ၊ ကမ်းခြေစောင့်အမှုထမ်းများကို တင်ဆောင်ပြီး အပတ်စဉ် စင်းလုံးငှား ပျံသန်းမှု ရှိသော်လည်း သာမန်ခရီးသည်များကို ခွင့်ပြုပေးထားခြင်း မရှိပေ။

အဆိုပါ ကျွန်းသည် တောင်တရုတ်ပင်လယ် မြောက်ပိုင်အဆုံးသတ် ဟောင်ကောင်၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး အငြင်းပွားမှု ရှိနေသော ရေပြင်က ပရာဆဲလ်နှင့် စပရက်လီကျွန်းများလောက် အာရုံစိုက်ခံရခြင်း မရှိပေ။

ဒီမိုကရက်တစ် ထိုင်ဝမ်ကို ၎င်းပိုင်အဖြစ် အတည်ပြုထားသည့် ရုတ်သည် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ Pratas ကျွန်းအနီး ပုံမှန်လေတပ်မစ်ရှင်များ ဆောင်ရွက်ခြင်းများအပါအဝင် စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင် လျက် ရှိနေသည်။

ဟောင်ကောင်နှင့် နီးသော ထိုင်ဝမ်ထိန်းချုပ်သည့် Pratas ကျွန်းသည် ဟောင်ကောင်၌ အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ပို၍ အရေးပါသော နေရာ ဖြစ်လာခဲ့သည်။

ထိုင်ဝမ်သို့ ခိုလှုံရန် ထွက်ပြေးလာသူများကို တင်ဆောင်ခဲ့သည့် စက်လှေတစ်စင်းကို Pratas ကျွန်းအနီးတွင် ထိုင်ဝမ်က တွေ့ရှိကယ်တင်ထားခဲ့သည်။

စစ်ပွဲပင် ထဖြစ်နိုင်သော အရှိန်ပြင်းထန်နေသည့် တင်းမာမှုများကြားတွင် တရုတ်က Pratas ကျွန်းအား သိမ်းပိုက်မည်ကို စိုးရိမ်ပူပန်ကြောင်း ထိုင်ဝမ်တာဝန်ရှိအချို့က ထုတ်ဖော်ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly