တရုတ်တွင် တရားဝင်ကြေညာချက်မထွက်ခင် လနှင့်ချီ၍ COVID နှင့်တူသော လူနာများ ရှိနေခဲ့

တရုတ်တွင် တရားဝင်ကြေညာချက်မထွက်ခင် လနှင့်ချီ၍ COVID နှင့်တူသော လူနာများ ရှိနေခဲ့

အောက်တိုဘာ ၁၆ ၊ ၂၀၂၀

အာဏာပိုင်များက ကမ္ဘာကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော်လည်း ဝူဟန်တွင် စက်တင်ဘာ ၂၀၁၉ ခုနှစ်ကတည်းက ရောဂါလက္ခဏာများပြသနေခဲ့သည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ ရုံးတွင်းစာရွက်စာတမ်းများက ပြသနေသည်။
 
ပေါက်ကြားလာသော စာရွက်စာတမ်းအတွဲလိုက်တွင် COVID-19 ရောဂါနှင့် ဆင်တူသော လက္ခဏာရှိ တရုတ်မှလူနာများသည် အုပ်ချုပ်မှုအာဏာပိုင်များ၏ တရားဝင်ကြေငြာခြင်းမပြုမီတွင်ပင် ဆေးရုံတက်ရောက်ခဲ့ကြ ကြောင်းဖော်ပြနေကာ ကိုဗစ်-၁၉ သည် တရုတ်ကပ်ရောဂါနယ်မြေအစ ဝူဟန်တွင် အတိအကျ မည်သည့်အချိန်တွင် စတင်ပြန့်ပွားခြင်းနှင့်ပတ်သတ်ပြီး မေးခွန်းထုတ်စရာများဖြစ်လာသည်။

 အစိုးရစာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ရသည့် ယုံကြည်ရသော သတင်းအရင်းအမြစ်မှ The Epoch Times မှ ရရှိသော ဆေးရုံအချက်အလက်များအရ ၂၀၁၉ စက်တင်ဘာကပင် အနည်းဆုံးလူနာတစ်ဦး သည် COVID-19 ကဲ့သို့ ရောဂါလက္ခဏာများကို စတင်ခံစားနေရကြောင်း သိရသည်။ ထိုနောက်လတွင် လူဒါဇင်များစွာ ဆေးရုံတက်ခဲ့ရသည်။ ဝူဟန်ရှိဆေးရုံများသည် ပြင်းထန်သည့် အဆုတ်ရောင်ရောဂါ၊ အဆုတ်ရောဂါကူး စက်မှုများနှင့် အခြား COVID-19 လူနာများနှင့် ဆင်တူသော ရောဂါလက္ခဏာများကြောင့် ၂၀၁၉ အောက်တိုဘာတွင် သေဆုံးမှုများရှိခဲ့ကြောင်း တင်ပြထားသည်။

မြို့၏ ကျန်းမာရေးကော်မရှင်သည် အဆုတ်ရောင်ရောဂါအသစ် ဖြစ်ပွားခြင်းကို သတင်းပေး ဆရာဝန်များ၏ လူမှုမီဒီယာပို့စ်များပျံ့နှံ့သွားပြီးချိန် ၂၀၁၉ ဒီဇင်ဘာ ၃၁ တွင်မှ လူသိရှင်ကြားကြေငြာခဲ့သည်။

 The Epoch Times ရရှိထားသော ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ စာတစ်စောင်တွင် ဗဟိုအစိုးရက ဖွဲ့စည်းထားသော အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရောဂါ၏ အစောပိုင်းဖြစ်ပွားမှုများကို ခြေရာခံရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။၎င်းသည် COVID-19 လက္ခဏာကဲ့သို့ အဆုတ်ရောင်ရောဂါဖြင့် သေဆုံးမှုများ၊ ဆေးအေဂျင်စီတစ်ခုစီမှ သတ်မှတ်ထားသော အဆင့်များမှ နှစ် သို့မဟုတ် နှစ်နှင့်အထက် (သုံး သည်အမြင့်ဆုံးဖြစ်သည်) ရှိသော အစောဆုံး သေဆုံးမှု ၁၀ခု၏ အသေးစိတ်အချက်အလက်များ၊ အရာရှိများက ရောဂါစတင်ဖြစ်ပွားသည်ဟု ကနဦးဖော်ပြခဲ့သော Huanan ပင်လယ်စာဈေးသို့ သွားရောက်ခဲ့ပြီး အဖျားဆေးခန်းများသို့ သွားရောက်ခဲ့ သော လူနာအချက်အလက်များ အပါအဝင် ၂၀၁၉ အောက်တိုဘာ ၁ရက်မှ ဒီဇင်ဘာ ၁၀ အတွင်း ဝူဟန်ဆေးရုံများမှ အချက်အလက်များကို ဒေသအာဏာပိုင်များအား တောင်းဆိုခဲ့သည်။ ထိုစာတွင် မြို့အတွင်းရှိ COVID-19 လူနာအများဆုံး လက်ခံရရှိသော ဆေးရုံ ၉ခုသည် စုံစမ်းစစ်ဆေးရေး၏ အဓိက သော့ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

 The Epoch Times သည် ဆေးရုံ ၁၁ခုမှ စုံစမ်းမေးမြန်းမှုအတွက် မှတ်တမ်းအချို့ကို ရရှိခဲ့သည်။
 
စုဆောင်းထားသော အချက်အလက်များရှိနေသော်လည်း ဝူဟန်ရောဂါထိန်းချုပ်ရေးအဖွဲ့သည် အစောဆုံး မှတ်တမ်းတင်ထားသည့် လူနာမှာ ၂၀၁၉ ဒီဇင်ဘာတွင် ဖျားနာခဲ့သော Chen မျိုးနွယ် ဖြစ်ကြောင်း ဖေဖာ်ဝါရီ ၂၆တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ အာဏာပိုင်များအနေဖြင့် ဖေဖော်ဝါရီမတိုင်ခင် ဖြစ်ရပ်များအတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ရှိ မရှိသည် မရှင်းလင်း မသေချာပေ။
 
တစ်ချို့ ဝေဖန်သူများအတွက် စုံစမ်းစစ်ဆေးမှုသည် ကျဉ်းမြောင်းပြီး လွန်စွာနောက်ကျနေသည်။ “ဒီလောက်ကြီးမားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ထိုဒေသအတွင်းပျံ့နှံ့နေတာကို ဘာလို့ တစ်ခြားဆေးရုံတွေမှာ လိုက်မစုံစမ်းတာလဲ?” ဟု ဝေါ်လ်တာ ရီဒ် ကြည်းတပ် သုတေသန အင်စတီကျူ  မှ ဗိုင်းရပ်စ်ရောဂါဌာနခွဲ၏ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးဟောင်း ရှောင်လင်း က The Epoch Times ကို ပြောကြားသည်။

“ဒီကိစ္စကို အရင်ကတည်းက လုပ်သင့်တာ” ဟုပြောပြီး နှောင့်နှေးသော စုံစမ်းမှုကိုမူ “ရယ်စရာကောင်းသည်” ဟု ပြောသည်။

 သံသယရှိ လူနာများ
 
ရရှိထားသောမှတ်တမ်းများသည် ဆေးရုံ၃ခုတွင် COVID-19 ကဲ့သို့ လက္ခဏာများနှင့် သေဆုံးမှု ကိုးခု ရှိုခဲ့ကြောင်း ဖော်ပြနေသည်။ ငါးဦးမှာ ပြင်းထန်သော အဆုတ်ရောင်ရောဂါလူနာများဖြစ်ပြီး စုံစမ်းရေးစာတွင် ဖော်ပြထားသော ဆေးရုံများမှတစ်ခုဖြစ်သည့် ဝူဟန် အမှတ် (၆) ဆေးရုံ တွင် ၂၀၁၉ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း သေဆုံးခဲ့သည်။ တတိယအဆင့်ရှိ ဝူဟန်တိုင်းရင်းဆေးရုံတွင် အောက်တိုဘာလတွင် သေဆုံးသူ သုံးဦး ရှိခဲ့သည်။ ဝူဟန် အမှတ် (၈) ဆေးရုံတွင် သေဆုံးသူ တစ်ဦးရှိသည်။

လူနာများသည် ပထမဆုံး ရောဂါလက္ခဏာများ ပေါ်ပြီးနောက် ရက်ပေါင်းများစွာမှ လေးပတ်အတွင်း သေဆုံးခဲ့ကြသည်။

ဥပမာအားဖြင့် Xu Zhenqian သည် ဝူဟန် အမှတ် (၆) ဆေးရုံသို့ တက်ရောက်ခဲ့သည်။ အသက် ၈၂ နှစ် အရွယ်ရှိသူသည် ၂၀၁၉ အောက်တိုဘာ ၁တွင် အကြောင်းရင်းမရှိ ချောင်းဆိုးခြင်း၊ ချွဲချောင်းဆိုခြင်းနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မှုလက္ခဏာများ အပါအဝင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။ နိုဝင်ဘာ ၃ ရက်တွင် သေဆုံးပြီးနောက် ထိုလူနာအား အခြား ဆေးရုံသို့ ရွှေ့ပြောင်း ခဲ့သည်။
 
ထိုဆေးရုံမှ အခြားလူနာ သုံးဦးသည်လည်း မသေဆုံးမီ အသက်ရှူရန် ခက်ခဲမှုများ ရှိခဲ့ကြသည်။ သူတို့၏ CT scan များက သူတို့၏ အဆုတ်ပေါ်တွင် မှုန်ဝါးသော အမှတ်အသားများ ပြသနေပြီး ၎င်းတို့သည် အချို့ COVID-19 လူနာများ၏ အနာများနှင့် ပုံသဏ္ဍာန်ကိုက်ညီနေသည်။

မှတ်တမ်းများတွင် ဆေးရုံ ၈ခုတွင် COVID-19 သံသယရှိလူနာ အနည်းဆုံး ၄၀ ရှိခဲ့ကြောင်း ဖော်ပြထားကာ အစောဆုံးတစ်ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅တွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ပြီး ဝူဟန် Puren Jiang’an ဆေးရုံသို့ တင်ခဲ့ရသော အသက် ၆၇နှစ်အရွယ် Xiao Niangui ဖြစ်သည်။

ဝူဟန်တွင် COVID19 လူနာများကို ကုသရန် ကျေးရွာနှင့် မြို့နယ်အဆင့် ကျန်းမာရေးဌာန ၂၀၅ခုနှင့် သတ်မှတ်ထားသော ဆေးရုံ ၆၆ခု ရှိသည်ဟု မြို့အရာရှိများက မတ်လတွင် ပြောကြားခဲ့သည်။

တရုတ်၏ ပွင့်လင်းမြင်သာမှုနည်းပါးခြင်းသည် အစိုးရအရာရှိများ၏ ဝေဖန်မှုကို ဆိုးဆိုးရွားရွားခံခဲ့ရသည်။ နိုင်ငံအတွင်း ရောဂါပျံ့ပွားမှုကို လေ့လာရန် အမေရိကန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း မှ ကျွမ်းကျင်သူများ အား ဝင်ခွင့်ပြုရန်ကို တောက်လျောက် အပြောင်းမလဲမရှိ ငြင်းဆန်ခဲ့သည်။ ဖေဖော်ဝါရီ ၁၂ တွင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ အရာရှိတစ်ဦးက အေဂျင်စီအနေဖြင့် ရောဂါပျံ့ပွားမှုနှင့် ပတ်သတ် ပြီး “တိုက်ရိုက်အချက်အလက်”များကို မရသေးကြောင်းနှင့် “လေ့လာရန် ဖိတ်ကြားခြင်းခံရမယ်လို့ ဆက်လက်မျှော်လင့်နေမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မေလ ၁ရက်နေ့ ထုတ်ပြန်ခဲ့သော သတင်းမီဒီယာ အင်တာဗျူးတစ်ခုတွင် တရုတ်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ကိုယ်စားလှယ်က တရုတ်သည် အဖွဲ့၏ကျွမ်းကျင်သူများအား ဗိုင်းရပ်စ်စုံစမ်းစစ်ဆေးမှုမှ ဖယ်ထုတ်ထား ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly