B အဆင့်စက်ရုံများ A အဆင့်သင့်သို့ တိုးမြှင့်ရန် ရန်ကုန်တိုင်းအစိုးရ သတိပေး

B အဆင့်စက်ရုံများ A အဆင့်သင့်သို့ တိုးမြှင့်ရန် ရန်ကုန်တိုင်းအစိုးရ သတိပေး
Photo - AFP

အောက်တိုဘာ ၁၅ရက်

ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားသည့် B အဆင့်ရှိ စက်ရုံများအနေဖြင့် A အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက ယာယီရပ်ဆိုင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာ ၁၄ရက်တွင် သတိပေးလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ကုန်ကြမ်းပေးကုန်ချောယူစက်ရုံအလုပ်ရုံများကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြင်ဆင်မှု (A) အဆင့်ဖြစ်စေချင်သော်လည်း စက်ရုံအချို့မှာအဆင်သင့်မဖြစ်သေးသည့်အတွက် (B) အဆင့်ဟူ၍ သတ်မှတ်ကာ အစောပိုင်းက ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

 “ပြီးခဲ့တဲ့အခေါက်မှာစစ်ထားတဲ့ B အဆင့်စက်ရုံတွေ အားလုံးကလည်း A အဆင့်ဖြစ်အောင်လို့ သူတို့ကို ပြန်ပြင်ဖို့အတွက်ကို ညွှန်ကြားထားပြီးသားဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာ ဒီစက်ရုံတွေ အားလုံးသည် A အဆင့်ကို ပြင်ဆင်ထားပြီးသားလို့ ယူဆလို့ သူတို့ကို ပေးလည်လိုက်မယ်။ ပြီးရင်သွားပြီးတော့စစ်မယ်။ စစ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့အချက်တွေနဲ့မကိုက်ညီဘူးဆိုရင် အဲ့စက်ရုံကို ရပ်ခိုင်းထားပြီးတော့ ပြန်ပြီးတော့ သတ်မှတ်တဲ့ ခုနကပြောတဲ့ Grade ကို level တစ်ခုအထိရောက်အောင်လို့ ပြန်ပြီးတော့ ပြင်ခိုင်းမယ်။ ပြန်ပြင်ပြီးပြီဆိုတော့မှ ပြန်ပြီးတော့လည်ခွင့်ပေးမယ်” ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

A အဆင့်သတ်မှတ်ချက်ဆိုတာဘာလဲ

  • - နှာခါင်းစည်းများအပါအဝင် လိုအပ်သော တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများအား မဖြစ်မနေဝတ်ဆင်စေရန်၊
  • - အလုပ်ဝင်ရောက်သည့်အချိန်တိုင်းတွင် ကိုယ်အပူချိန် မဖြစ်မနေတိုင်းတာရန်
  • - ခြောက်ပေခွာ၍ မရပါက အဆိုင်းစနစ်ကျင့်သုံးရန်နှင့် ထိုသို့ အဆိုင်းစနစ်ကျင့်သုံးရာတွင် ဝန်ထမ်းများအား အဆိုင်းမရွှေ့ပြောင်းဘဲ တာဝန်ချထားရန်
  • - မျက်နှာအကာများမဖြစ်မနေဝတ်ဆင်ပြီး မျက်နှာချင်းဆိုင် မဖြစ်စေရေးအတွက်  စီစဉ်ပေးရန်
  • - ပလပ်စတစ်အကာထားရှိရန်၊ လက်ရှိဝန်ထမ်း၏ ၅ဝရာခိုင်နှုန်းကိုသာ တစ်ရက်ခြားစီ သို့မဟုတ် လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး အလုပ်သို့လာရောက်ခြင်းမပြုရသော ကျန်ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ အဆောင်
  • - နေအိမ်များတွင်သာ နေထိုင်ကြရန်တို့ဖြစ်သည်။

B အဆင့်နှင့် C အဆင့်သတ်မှတ်ချက်

ထိုအချက်များထဲမှ အချက်တစ်ချက် မကိုက်ညီသည်နှင့် (B) အဆင့်သတ်မှတ်ကာ အချက်အများစု သို့မဟုတ် အချက်အားလုံးနီးပါးနှင့် ကိုက်ညီမှုမရှိပါက C အဆင့်အဖြစ်သတ်မှတ်သည်။ (C) အဆင့်စက်ရုံဆိုလျှင် လုံးဝဖွင့်လှစ်ခွင့်မရှိပေ။

(B) အဆင့်သတ်မှတ်ချက်ပေးထားသော စက်ရုံများကို နောက်တစ်ကြိမ်စစ်ဆေးရေးဝင်မည့်ရက်ကို မသတ်မှတ်ရသေးဘဲ ဝန်ထမ်းများမှ လုပ်ငန်းခွင် ဝင်ရောက်ပြီး စက်ရုံအများစု ပြန်လည်ဖွင့်လှစ်မှသာ စစ်ဆေးနိုင်မှာဖြစ်သည်။

 ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) လုပ်ကိုင်သည့်  (A)အဆင့်သတ်မှတ်ချက်ရသော စက်ရုံ ၂၀၀၀ ကျော်နှင့်  (B) အဆင့်သတ်မှတ်ချက်ရသော စက်ရုံ ၄၀၀၀ ကျော် စုစုပေါင်း စက်ရုံ ၆၀၀၀ ကျော်အား အောက်တိုဘာ ၁၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ စက်ရုံ၊ အလုပ်ရုံ အများစုမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required