NLD ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ တောင်ကုတ် NLD ဥက္ကဌ ဦးတင်သိန်းအောင်နှင့် အင်တာဗျူး

NLD ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ တောင်ကုတ် NLD ဥက္ကဌ ဦးတင်သိန်းအောင်နှင့် အင်တာဗျူး

အောက်တိုဘာ ၁၅ 

တောင်ကုတ်မြို့နယ်အတွင်းကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် မနီနီမြင့်၊ ဦးမင်းအောင်နှင့် မချစ်ချစ်ချောတို့ကို အောက်တိုဘာလ ၁၄ရက်က လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့သည်။ မနီနီမြင့်နှင့် ဦးမင်းအောင်တို့သည် လက်ရှိမှာလည်း လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည်။  ၎င်းတို့သုံးဦးနှင့်အတူ အဖမ်းခံရပြီး ပြန်လွတ်လာသူများ၏ အဆိုအရ ရခိုင်တပ်တော် (AA)က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
 
အမတ်လောင်းများဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်ကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး။  ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အရင်ဆုံးပြောပေးပါ။

ဖြေ။   ။ မနေ့က ၁၄ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်းသုံး ယောက်နဲ့ နောက်က အဖွဲ့ဝင်တစ်ချို့လည်း ပါတာပေါ့။ ဖောင်းခါးကျေးရွာရောက်တယ်။ တောင်ကုတ်နဲ့ ၁၅ မိုင်လောက်ဝေးတယ်။ ရေကြောင်းကနေသွားရတယ်။ အဲ့ဒီမှာ စည်းရုံးရေး ခဏနားပြီး ထမင်းစားဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လူတစ်စုက ဝင်လာပြီး ဒေါ်နီနီမေမြင့် ဦးမင်းအောင်ရယ် ဒေါ်ချစ်ချစ်ချောတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကိုခေါ်သွားမှန်းတော့မသိဘူး။ စပိဘုတ်နဲ့လာတယ်လည်းပြောတယ်။ စက်လှေနဲ့လာတယ်လို့လည်း ပြောတယ်။ ရေကြောင်းကလာတာပေါ့။ မောင်းပြန် သေနတ်တွေပါတယ်။ ဓားတွေပါတယ်။ လူအင်အားဘယ်လောက်ပါလဲဆိုတာကိုတော့ အတိအကျမသိဘူး။ ဖမ်းတဲ့အချိန်က အလျင်အမြန်ဖြစ်တယ်ဆိုတော့လေ။

မေး။   ။ ဖမ်းဆီးတဲ့အချိန်မှာ ရိုက်နှက်တာတွေရောရှိလား။
 

ဖြေ။    ။ ဦးမင်းအောင်ကို လက်ပြန်ကျိုးတုပ်ပြီးတော့ ပါးကိုရိုက်တယ်။ သစ္စာဖောက်တွေလို့ ပြောပြီး ပါးကိုရိုက်တယ်။ ရွာသားနှစ်ယောက်ကိုလည်း NLD ဝန်းရံရမလားဆိုပြီး သေနတ်ဒင်နဲ့ ထုတယ်။

မေး။    ။ ခေါ်ဆောင်ပြီးတဲ့နောက်မှာရော ဘာတွေဆက်ဖြစ်သေးလဲ။
 

ဖြေ။     ။ သိတဲ့သူတစ်ချို့က လှမ်းဆက်တာပေါ့။ ပါသွားတဲ့သူတွေရဲ့ ဖုန်းတွေကတော့ အားလုံးအသိမ်းခံရတယ်။ အဲဒါနဲ့ မြို့နယ်လုံခြုံရေးအဖွဲ့ကို ဖုန်းဆက်ပြီးတော့ သူတို့နောက်ကို လိုက်သွားတယ်။ ဘယ်အချိန်ဘယ်ကာလမှာ ပြန်လွှတ်မယ်ဆိုတာလည်းမသိဘူး။ ဘယ်နေရာကိုခေါ်သွားတာလဲဆိုတာ မသိဘူး။ ရမ်းဗြဲကို ရေကြောင်းခရီးကနေ ဦးတည်ပြီးသွားတယ်လို့ သိရတယ်။

မေး။     ။ တောင်ကုတ်မြို့နယ်မှ အေအေလက်နက်ကိုင်အဖွဲ့ လှုပ်ရှားတာက ဒီဖမ်းဆီးမှုမတိုင်ခင်မှာ ဘာတွေရှိခဲ့ပါသလဲ။

ဖြေ။      ။ ကျေးရွာတစ်ချို့မှာ အေအေကိစ္စနဲ့ ပတ်သက်ပြီးတော့ လူလေးငါးယောက်ခြောက်ကို ဖမ်းဆီးထားတာရှိတယ်။ တစ်ချို့ကိုလည်း ပြန်လွှတ်လိုက်တာရှိတယ်။ ရုံးတင်ပြီးမှ သက်သေမခိုင်လုံလို့ဆိုပြီး ခြောက်ယောက်ဖမ်းထားတာမှာ ငါးယောက်ကို လွှတ်လိုက်တယ်။ တစ်ယောက်ကတော့ကျန်နေဆဲပဲ။ အေအေနဲ့ ပတ်သက်ပြီးတော့ တောင်ကုတ်နယ်မှာတော့ နည်းနည်းပြဿနာတွေရှိတယ်။ မအီဘက်မှာလည်း ဖမ်းတာဆီးတာတွေရှိတယ်။ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ သို့မဟုတ် စစ်စုံထောက်အဖွဲ့) က သေနတ်နဲ့ပစ်တာရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့အဖွဲ့ဝင်တွေဖြစ်တဲ့ ကြုံခင်းရွာက တစ်ယောက်? ဘုရွှေမော်ရွာက နှစ်ယောက်မှာ တစ်ယောက်ကတော့ အဖမ်းခံထားရတယ်။ နောက်နှစ်ယောက်ကတော့ ရှောင်ပြေးပြီးတော့ မြို့ပေါ်ရောက်နေတယ်။ အဲဒါတွေကတော့ တပ်ကနေ စစ်ကြောင်းဝင်ပြီးဖမ်းတယ်။ ရဲကိုအပ်တယ်။ ရဲက အမှုဖွင့်ပြီး တရားစွဲတယ်။

မေး။   ။ အေအေလက်နက်ကိုင်အဖွဲ့က အခုဖမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပြင် အခြားဖမ်းခံရတဲ့သူတွေရှိသေးလား။

ဖြေ။    ။ ဘုရွှေမော်ရွာက ကိုသန်းရွှေဆိုတာ ခုထိသတင်းမကြားသေးဘူး။ ဟိုတုန်းကပြန်စမယ်ဆိုရင် ပလက်ဝမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းတယ် ပြန်လွှတ်တယ်။ ရမ်းဗြဲက တစ်ယောက်ကိုလည်းဖမ်းပြီး ပြန်လွှတ်တယ်။ ခုထိမလွှတ်သေးတာတော့ ဦးသန်းရွှေတစ်ယောက်က မလွှတ်သေးဘူး။ နောက်တစ်ယောက်က ဘူးသီးတောင် မောင်တောမှာ NLD ဥက္ကဋ္ဌ အသတ်ခံရတယ်။ ဒါကတော့ အေအေနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ အနေအထားတွေပါ။

မေး။   ။ မနေ့က ဖြစ်စဉ်မှာပါတဲ့သူတွေကရော ပြန်လွတ်လာပြီးလား။
 

ဖြေ။    ။ မနေ့ညက ဒီကလုံခြုံရေးအဖွဲ့တွေနဲ့ သူတို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြန်လာကြတယ်။ လုံခြုံရေးအဖွဲ့တွေက ပြန်ခေါ်လာကြတယ်။

မေး။     ။ ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကရော အေအေနဲ့ပတ်သက်ပြီး ဝေဖန်တာတွေရှိလား။
 

ဖြေ။     ။ နိုင်ငံရေးသမားဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ AA ဆိုတာလည်းရှိမယ်၊ BB ဆိုပြီး ပြောတာလည်းရှိမှာပေါ့။ နိုင်ငံရေးအနေအထားတစ်ခုအရ ပေါ်လစီပိုင်းအရရော သဘောထား ရေးရာအရရော တိုက်ဆိုင်တဲ့အခါ ဝေဖန်တာတော့ ရှိမှာပေါ့ဗျာ။

မေး။    ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါ။
 

ဖြေ။     ။ ရွေးကောက်ပွဲလည်း နီးလာပြီ။ ဒီကာလမှာမှ နိုင်ငံရေးကို လက်နက်နဲ့ ဖြေရှင်းတာဆိုတော့ အနေအထားတွေက အများကြီးမကောင်းဘူးပေါ့ဗျာ။ ရွေးကောက်ပွဲ လုပ်မယ့်ဆဲဆဲမှာမှ တောင်ကုတ်မြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လေင်း သုံးဦးအဖမ်းခံရတယ်ဆိုတော့ တော်တော်ကို ရုပ်ဆိုးပါတယ်။ နိုင်ငံရေး လုပ်တဲ့ကိစ္စမှာ နိုင်ငံရေးသမားတွေကို လက်နက်နဲ့ ချိန်းခြောက်ဖမ်းဆီးတာက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ နောက်တစ်ခုက သူတို့ရဲ့ကျန်းမာရေး ခုထိ အဆက်အသွယ်မရတော့ သူတို့ရဲ့ ကျန်းမာရေးကို တာဝန်ယူပေး ရမယ့် အနေအထားမှာရှိပါတယ်။ ဘယ်မှ ဘယ်လိုရှိတယ်၊ အနေအထားတစ်ခုကို သတင်းလေး ထုတ်ပြန်ပေး စေချင်တယ်။ သူတို့ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်တယ်။ ဒီကာလက စစ်ကြောရေးလုပ်မယ့်ကာလဆိုတော့ လက်လွန် ခြေလွန်ဖြစ်မှာကိုလည်း စိုးရိမ်တယ်။ ကျန်ခဲ့တဲ့မိသားစုတွေ အသိုင်းအဝိုင်းတွေမှာ အများကြီး ထိခိုက်နစ်နာမှုတွေရှိပါတယ်။ အရေးယူစရာဘာမှမရှိဘူးဆိုရင်လည်း ဒီလွှတ်တော်ကိုယ်စားလှယ်သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly