အာကာသခရီးသွား ဒုံးပျံယာဉ်ကို Blue Origin က အောင်မြင်စွာ စမ်းသပ်လွှတ်တင် 

အာကာသခရီးသွား ဒုံးပျံယာဉ်ကို Blue Origin က အောင်မြင်စွာ စမ်းသပ်လွှတ်တင် 
Photo - AFP

အောက်တိုဘာ ၁၅

ဘီလျှံနာသူဌေးကြီး ဂျက်ဘီဇို့ တည်ထောင်တဲ့ အမေရိကန်အာကာသကုမ္ပဏီ Blue Origin ဟာ တစ်နေ့မှာ အာကာသဆီ ခရီးသွားဧည့်သည်တွေကို တင်ဆောင်ပို့လွှတ်ဖို့ ရည်စူးထားတဲ့ ဒုံးပျံယာဉ်ကို အင်္ဂါနေ့မှာ နောက်ဆုံး စမ်းသပ်ပစ်လွှတ်ရာမှာ အောင်မြင်မှု ရခဲ့ပါတယ်။ 

အာကာသဧည့်သည်တွေကို ဒီ ဒုံးပျံယာဉ်နဲ့ ဘယ်အချိန်မှာ စေလွှတ်မယ်ဆိုတာ မသိရသေးပေမယ့် အခု New Shepard ဒုံးပျံယာဉ် စမ်းသပ်လွှတ်တင်ရာမှာတော့ အောင်မြင်ခဲ့တာပါ။ 

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ New Shepard ရဲ့ အာကာသယာဉ်အခန်းထဲမှာ ခရီးသည် ခြောက်ဦးကို တင်ဆောင်ပြီး အာကာသအနားသတ်မျဉ်းဆီ ပျံသန်းမှာဖြစ်တဲ့ ဒီ ဒုံးပျံယာဉ်မှာ မြေပြင်ဆီ မျဉ်းမတ် ပြန်လည်ဆင်းသက်မယ့် ပြန်လည်အသုံးပြုနိုင်တဲ့ လွှတ်တင်ရေး ယာဉ်ငယ်လည်း ပါရှိပါတယ်။ 

အခု စမ်းသပ်လွှတ်တင်မှုမှာတော့ ပင်လယ်ရေမျက်နှာပြင် အထက် ၆၆ မိုင်(၁၀၆ ကီလိုမီတာ)အထိ ရောက်ရှိခဲ့ပြီး အနောက်ပိုင်း တက္ကဆက် သဲကန္တာရထဲကို လေထီးနဲ့ ပြန်လည် ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ 
လွှတ်တင်ပျံသန်းချိန် စုစုပေါင်းကြာချိန်ဟာ ၁၀ မိနစ်နဲ့ ကိုးစက္ကန့် ရှိခဲ့ပါတယ်။ 

Blue Origin ဟာ အခု အာကာသယာဉ်ရဲ့ အခန်းငယ်ကို အရင်က ထုတ်ဖော်ပြသဖူးပါတယ်။ ခေတ်မီဆန်းပြားတဲ့ ဒီ အခန်းငယ်မှာ ဆန်းပြားတဲ့ အလင်းရောင် ပေးထားပြီး နောက်မှီ ထိုင်ခုံ ခြောက်ခုံပါကာ ဘေးမှာလည်း ကြီးမားတဲ့ ပြတင်းပေါက်တွေ ရှိနေပါတယ်။ 

မိုးကုပ်စက်ဝိုင်းဆီ ခေါ်ဆောင်သွားချိန် အာကာသခရီးသည်တွေ အလေးချိန်မဲ့တာကို ကြုံတွေ့ရမယ့် မိနစ်အနည်းငယ်ကို မှတ်တမ်းတင်ပေးမယ့် ကင်မရာတွေလည်း များစွာ ပါရှိနေပါတယ်။ 

အခုနှစ် နွေရာသီမှာ ပြိုင်ဖက် Virgin Galactic ကုမ္ပဏီကလည်း တစ်နေ့နေ့မှာ အာကာသအနားသတ်ဆီ ခရီးသွားဧည့်သည်တွေကို မိနစ်အနည်းငယ်ကြာ ပို့ဆောင်ပေးမယ့် ကိုယ်ပိုင် အာကာသယာဉ်ရဲ့ အတွင်းပိုင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ 

ဒါပေမယ့် အခု ဒီ ကုမ္ပဏီနှစ်ခုစလုံးဟာ အာကာသဆီ စီးပွားဖြစ် ခရီးသွား ဧည့်သည်တွေကို ဘယ်အချိန်မှာ စတင် ပို့ဆောင်မယ်ဆိုတာ မကြေညာသေးပေမယ့် နှစ်အတော်ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required