ပြင်သစ်နှင့် အင်္ဂလန်တို့၏ခြေစမ်းပွဲစဉ်ကို စီစဉ်ထားသည့်အတိုင်း ကစားမည်

ပြင်သစ်နှင့် အင်္ဂလန်တို့၏ခြေစမ်းပွဲစဉ်ကို စီစဉ်ထားသည့်အတိုင်း ကစားမည်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ သောကြာနေ့ညက ပဲရစ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းတွင် ကစားမည့် အင်္ဂလန်နှင့်ပြင်သစ်တို့၏ ချစ်ကြည်ရေးခြေစမ်းပွဲကို မူလအစီအစဉ်အတိုင်း ဆက်လက်ကစားမည် ဖြစ်သည်။

ပဲရစ်မြို့ အကြမ်းဖက်မှုကြောင့် အင်္ဂလန်နှင့်ပြင်သစ်တို့၏ ခြေစမ်းပွဲမှာ ကစားရန် မသေချာသည့် အခြေအနေတွင် ရှိခဲ့သော်လည်း ယခု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်   နှစ်ခုစလုံးက မူလစီစဉ်ထားသည့်အတိုင်း ကစားမည်ဟု သဘောတူညီခဲ့ကြသည်။

ပဲရစ်မြို့အကြမ်းဖက်မှုတွင် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရသည်ဟု မူလသတင်းများက ဖော်ပြခဲ့သော်လည်း ယခု ပြင်သစ်အစိုးရ၏ ထုတ်ပြန်ချက်တွင် လူပေါင်း ၁၂၈ ဦးသေဆုံးပြီး ၉၉ ပြီးမှာ စောင့်ကြည့်ဆဲအနေအထားတွင် ရှိနေကြောင်း ပါရှိသည်။ သေဆုံးသွားသူများထဲတွင် Stade de France အမျိုးသားအားကစားကွင်းကြီးအနီး ပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရသူ သုံးဦးလည်း ပါဝင်ခဲ့သည်။

ပြင်သစ်အသင်းက ဂျာမနီကို ၂-၀ ဖြင့် အနိုင်ရခဲ့သည့် ထိုခြေစမ်းပွဲတွင် ကစားသမားများနှင့် ပရိသတ်များသည် ပွဲပြီးခဲ့သည့်နောက်ပိုင်း အချိန်အတော်ကြာသည်အထိ ကွင်းအတွင်း  စောင့်ဆိုင်းခဲ့ကြ ရသည်။

'ယုတ်မာပက်စက်လွန်းတဲ့ ဒီအကြမ်းမှုကြီးဖြစ်ပွားပြီးကတည်းက ပဲရစ်မြို့နဲ့အတူ အမှန်တကယ်ကို ဝမ်းနည်းကြေကွဲ ခံစားရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သေဆုံးသွားခဲ့ရသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေအတွက် ကြီးမားတဲ့ကိုယ်ချင်းစာမှုနဲ့နက်ရှိုင်းတဲ့ ဝမ်းနည်းမှုကို ပြသလိုပါတယ်။

ဒီနေ့မှာ အင်္ဂလန်အုပ်ချုပ်ရေးအကြီးအကဲတွေ၊ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ တိုင်ပင်ဆွေးနွေးခဲ့ပြီး ဒီခြေစမ်းပွဲကို ကစားသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလိုကစားခြင်းအားဖြင့် ထိခိုက်ခံစားခဲ့ရသူအားလုံးကို လေးစားကြောင်းပြသနိုင်မှာဖြစ်သလို ပြင်သစ်ပြည်သူတွေရဲ့စည်းလုံးမှုကိုလည်း ပြသနိုင်မှာ ဖြစ်ပါတယ်' ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဒိုက်ကီက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly