သန်လျင်မြို့တွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်း စင်တာများ၏ အခြေအနေ

သန်လျင်မြို့တွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်း စင်တာများ၏ အခြေအနေ
သန်လျင်မြို့ပေါ်ရှိ ကွာရန်တင်းစင်တာ အားလုံးအတွက် အစားအသောက် ချက်ပြုတ်နေစဉ်။ ဓာတ်ပုံ - သူရ / မဇ္ဈိမ

အောက်တိုဘာ ၁၅ရက်

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းအထိ COVID-19 အတည်ပြုလူနာ  ၃၁၃၂၅  ဦးရှိပြီး သေဆုံးသူ ၇၃၂ ဦးရှိသည်။

သန်လျင်မြို့တွင် ယနေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၆၀၀ ကျော်နှင့်  သေဆုံးသူ ၁၁ ဦး ရှိပြီဖြစ်သည်။

ထို့ကြောင့် COVID-19 ကို ကာကွယ်ထိန်းချုပ်ရန် လူမှုအဖွဲ့အစည်း ၅၀ ကျော်ပါဝင်သည့် သန်လျင်ကိုဗစ် အထောက်အကူပြု ကော်မတီတစ်ရပ်ကို ပြီးခဲ့သည့် ဧပြီလတုန်းက ဖွဲ့စည်းထားသည်။

သန်လျင်မြို့နယ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်သည့်  ကွာရန်တင်းစင်တာပေါင်း  ခြောက်ခုရှိ သည်။

ကွာရန်တင်းစင်တာ နှစ်ခု၏ အစားအသောက်ပိုင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူထားပြီး ကျန်စင်တာ လေးခုကို သန်လျင်ကိုဗစ် အထောက်အကူပြုကော်မတီက အကုန်အကျခံကာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကော်မတီ၏ဒုခေါင်းဆောင် ဦးဟန်ညွန့်က ပြောသည်။

“အရှေ့ပိုင်းတက္ကသိုလ်စင်တာနဲ့ နည်းပညာတက္ကသိုလ်စင်တာနှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေပြီးတော့ ကျွေးမွေးစရိတ် ကျခံပါတယ်။ ကျန်တဲ့ အထက (၄)၊ အထက (၂)၊ အထက (၁) နောက်အခု ကျွန်တော်တို့ ဆက်ထားမယ့် ကိစ္စတွေကို ကိုဗစ်အထောက်အကူပြအဖွဲ့ကပဲ ကျခံတာပါ။ ကျွန်တော်တို့ အခု ကုတင် ၁၀၀ ဆံ့ ကွာရန်တင်းစင်တာတစ်ခု ထပ်တိုးဖို့ စီစဉ်နေပါတယ်။”ဟု ဦးဟန်ညွန့်က ပြောသည်။

သန်လျင်မြို့ပေါ်ရှိ ကွာရန်တင်းစင်တာ အားလုံးအတွက် အစားအသောက် ချက်ပြုတ်နေစဉ်။ ဓာတ်ပုံ - သူရ / မဇ္ဈိမ

သန်လျင်မြို့နယ်မှ ကွာရန်တင်းစင်တာများအတွက် နေ့စဉ်အစားအစာချက်ပြုတ်မှုများကို ကျောက်တန်း မြို့နယ် မြိုင်သာယာ (၃) လမ်းရှိ နေအိမ်တစ်လုံး၌ နေ့စဉ်ချက်ပြုတ်ပြီး ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတ်မှတ်ဈေးနှုန်းဖြစ်သော လူတစ်ဦးစာအတွက် တစ်ရက်လျှင် မနက်စာ၊ နေ့လည်စာနှင့် ညနေစာကို  သုံးထောင်ကျပ်ဖြင့် ချက်ပြုတ်ပေးနေခြင်းလည်း ဖြစ်သည်။

အကျိုးအမြတ်အနည်းငယ်သာရှိသော်လည်း အစားအစာများကို ချက်ပြုတ်ပို့ဆောင်ပေးရခြင်းသည် တဖက် တစ်လမ်းမှ ကူညီနေရခြင်းဖြစ်သည့်အတွက် အားရကျေနပ်ကြောင်း ချက်ပြုတ်ရေးကို ဦးစီးလုပ်ကိုင်နေသည့် ဦးဝင်းရွှေက ပြောသည်။

“သန်လျင်မြို့နယ်အတွက်ဆို အနိမ့်ဆုံး ၇၀၀ နဲ့ ၁၀၀၀ ကြားကို ချက်ပြုနေရပါတယ်။ တစ်နေ့ကို သုံးနပ်ပေါ့။ မနက်စာရယ်၊ နေ့လည်စာရယ်၊ ညနေစာရယ်။ လူတစ်ဦးကို ၃၀၀၀ နှုန်းနဲ့ ဒီကချက်ကျွေးပါတယ်။ အဆင်ပြေ ပါတယ်။ အဆင်ပြေတယ်ဆိုတာက ကျွန်တော်တို့က စေတနာထားပြီး လုပ်ပေးတဲ့အတွက် အဆင်ပြေတယ်။ ငွေရေးကြေးရေးက သိပ်အကြောင်းမဟုတ်ဘူး။ တစ်ဖက်တစ်လမ်းကနေပြီး ကူညီပေးရသလိုပါပဲ။ ” ဟု ဦးဝင်းရွှေက ပြောသည်။

ကွာရန်တင်းစင်တာများကို စာသင်ကျောင်းများနှင့်တက္ကသိုလ်အဆောက်အဦးများတွင် ဖွင့်လှစ်ထားသည်။

လက်ရှိကွာရန်တင်းစင်တာ ခြောက်ခုတွင် ကွာရန်တင်းဝင်နေသူ ၈၀၀ ဦးရှိပြီး တစ်ရက်လျှင် ကျွေးမွေးစရိတ် သည် သိန်းနှစ်ဆယ်ကျော် ရှိသည်ဟုဆိုသည်။

သန်လျင်မြို့ပေါ်ရှိ ကွာရန်တင်းစင်တာ အားလုံးအတွက် အစားအသောက် ချက်ပြုတ်နေစဉ်။ ဓာတ်ပုံ - သူရ / မဇ္ဈိမ

ကွာရန်တင်းဝင်နေသူများအတွက် မနက်စာ၊ နေ့လည်စာနှင့် ညနေစာများဝေငှပေးရပြီး အပြင်မှလာပို့သည့် ပစ္စည်းများအား လက်ခံစစ်ဆေးခြင်းကို လုပ်အားပေးဆောင်ရွက်နေသည့်  ကိုနန္ဒာအောင်ကမူ
“တချို့လူတော်တော်များများကတော့ ကွမ်းစားဆေးလိပ်သောက်တာတွေ ရှိကြတယ်။ ဒီထဲရောက်တော့ မနေနိုင်ဘူး။ ထမင်းတွေအောက်မှာကွမ်းတွေ၊ မုန့်ဘူးတွေအောက်မှာ ကွမ်းတွေထည့်ပြီး အဲလိုမျိုးထည့် ကြတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ကွမ်းထုတ်တွေပါရင် သိမ်းထားလိုက်တယ်။ ဆေးလိပ်ဘူးတွေပါရင် သိမ်းထားလိုက်တယ်။ ကျွန်တော်တို့စစ်တာပေါ့လျော့လို့ ပါသွားရင် သူတို့စားမိတဲ့အခါ swab ယူတဲ့အခါ positive ဖြစ်နိုင်ခြေများလို့ ကျွန်တော်တို့က မထည့်ပေးတာပါ။ အခက်အခဲတွေကတော့ အမျိုမျိုးပါ။ တချို့ဆိုရင် သက်သက်လွတ်စားတဲ့အခါ သက်သက်လွတ်တွေ စီစဉ်ပေးရတယ်” ဟု ပြောသည်။

သန်လျင်မြို့နယ်အတွင်း၌ COVID-19 ရောဂါကူးစက်မှုကို လျော့နည်းစေရန် Fever clinic ဆေးခန်းတွင် လာရောက်ပြသချင်သော ဖျားနာသူများနှင့်အနံ့ပျောက်သူများကို ကော်မတီအနေဖြင့် အိမ်အရောက် ကြိုပို့ပေးသည့် စနစ်တစ်ခုလုပ်ဆောင်နေကြောင်း သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောသည်။
 

သန်လျင်မြို့ပေါ်ရှိ ကွာရန်တင်းစင်တာ အားလုံးအတွက် အစားအသောက် ချက်ပြုတ်နေစဉ်။ ဓာတ်ပုံ - သူရ / မဇ္ဈိမ

သန်လျင်မြို့ပေါ်ရပ်ကွက် အဝင်လမ်းများတွင် ရပ်ကွက်တာဝန်ရှိသူများက ဖြတ်သန်းသွားလာသူများနှင့် မော်တောယာဉ်များ၊ ဆိုင်ကယ်များအား စစ်ဆေးမေးမြန်းခြင်း၊လက်ဆေးခိုင်းခြင်းနှင့် နှာခေါင်းစည်းတပ်ဆင် ခိုင်းခြင်းများကို တွေ့ရသည်။

ယခုလိုလုပ်ဆောင်ရာတွင် ရပ်ကွက်နေလူထုများ၏ ပူးပေါင်းပါဝင်မှုကြောင့် အခက်အခဲသိပ်မရှိကြောင်း အောင်ချမ်းသာ (၃) ရပ်ကွက် ရာအိမ်မှူး ဦးအောင်မြင့်က ပြောသည်။

သန်လျင်မြို့နယ်အတွင်း၌ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နေသလို ကွာရန်တင်းစင်တာများကိုလည်း လိုအပ်လျှင် လိုအပ်သလို တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သန်လျင်ကိုဗစ်အထောက် အကူပြုကော်မတီထံမှ သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required