တရုတ်ရှိဂျပန်ကုမ္ပဏီများ အရှေ့တောင်အာရှသို့ရွှေ့ပြောင်းနိုင်ရေး တိုးချဲ့လုပ်ဆောင်  

တရုတ်ရှိဂျပန်ကုမ္ပဏီများ အရှေ့တောင်အာရှသို့ရွှေ့ပြောင်းနိုင်ရေး တိုးချဲ့လုပ်ဆောင်  

 အောက်တိုဘာ ၁၅ 

ဂျပန်သည် တရုတ်အပေါ်မှီခိုရလွန်းသော ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များကို အမျိုးအစားများစွာ တိုးချဲ့ထုတ်လုပ်နိုင်ရန်အတွက် အရှေ့တောင်အာရှ၌ ထုတ်လုပ်ရေးနေရာများတည်ဆောက်သွားမည့်စီးပွားရေးလုပ်ငန်းများကို အားပေးရေးအစီအစဉ်အား သိသိသာသာ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။  

ဂျပန်အစိုးရသည် ကုမ္ပဏီကြီးများနှင့် ပိုမိုသေးငယ်သောစီးပွားရေးလုပ်ငန်း သုံးပုံနှစ်ပုံခန့်အတွက် အရှေ့တောင်အာရှအတွင်း ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှု၏ ကုန်ကျစရိတ်ထက်ဝက်ခန့်အထိ ကျခံပေးမည်ဖြစ်သည်။ ထောက်ပံ့ငွေသည် သတ်မှတ်နိုင်ငံ၌ ထုတ်လုပ်မည့်ထုတ်ကုန်နှင့် သက်ဆိုင်ပေမည်။  

ရည်ရွယ်ချက်မှာ ကုမ္ပဏီများအား လုပ်ငန်းလည်ပတ်သည့် ပြည်ပနိုင်ငံအရေအတွက်တိုးလာစေရန်ဖြစ်ပြီး တချို့သောနိုင်ငံမှ  ထွက်ခွါရန်ဖြားယောင်းသွေးဆောင်ခြင်းမဟုတ်ပေ။ အစီအစဉ်တွင် တရုတ်ကို အမည်အားဖြင့် တိတိကျကျဖော်ပြမထားသော်လည်း ထိုနိုင်ငံအား မှီခိုမှုလျှော့ချမည့် ရည်ရွယ်ချက်ဖြစ်ဟန်ရှိသည်။ 

ဝန်ကြီးချုပ်ယိုရှီဟီဒဲဆူဂါသည် ဂျပန့်ခေါင်းဆောင်အဖြစ် ပထမဆုံး တရားဝင်ပြည်ပခရီးတွင် အရှေ့တောင်အာရှ၏အရေးပါပုံကို ထပ်မံမီးမောင်းထိုးပြလျက် ယခုလ ဗီယက်နမ်သို့သွားရောက်မည့်ခရီးစဉ်အတွင်း အဆိုပါအစီအစဉ်ကို ကြေညာမည်ဖြစ်သည်။ အရှေ့တောင်အာရှ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးလုပ်ဆောင်စီမံချက်များကို တိုက်တွန်းရန် အာဆီယံခရီးစဉ်ကို အသုံးချပေလိမ့်မည်။ ဆူဂါ၏အာဆီယံခရီးစဉ်တွင် အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်မည်ဖြစ်သည်။  

ဤအစီအစဉ်သည် အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ထုတ်လုပ်မှုကွန်ရက်များတိုးချဲ့ခြင်းနှင့်သက်ဆိုင်သော စီမံကိန်းများကို ထောက်ပံ့ရန်ရည်ရွယ်သည်။ နိုင်ငံတစ်ခုအတွင်းမှ ကုမ္ပဏီများအား ဆွဲထုတ်မည့်အစီအစဉ်များ ပါဝင်ဖွယ်မရှိပေ။ သို့သော် တရုတ်နိုင်ငံမှထွက်ခွါလျက် အရှေ့တောင်တောင်အာရှတစ်နိုင်ငံတွင် စက်ရုံသစ်တစ်ခုဆောက်ခြင်းသည် ကုန်ပစ္စည်းများကို တိုးချဲ့ထုတ်လုပ်သည့် ပုံစံဖြစ်သည်။  

လွတ်လပ်သောကုန်သွယ်မှုကို ပုံဖျက်သည်ဟု ဝေဖန်ကြမည့်အန္တရာယ်ရှိသောကြောင့် အစီအစဉ်တွင် တရုတ်နိုင်ငံအမည်ကို ထည့်သွင်းဖော်ပြမထားပေ။ အစီအစဉ်သည် သတ်မှတ်ကုမ္ပဏီများကို ထောက်ပံ့ခြင်းထက် ထိုသို့မတည်ထောက်ပံ့ရန်အတွက် ရည်ရွယ်ချက်စံနှုန်းများရှိနေပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းအရ စိုးရိမ်စရာ ရှိလိမ့်မည်မဟုတ်ဟု ဂျပန် Kansai University of International Studies မှ နိုင်ငံရေးရာစီးပွားရေးပါမောက္ခ ယိုရီဇူမီ ဝါတာနာဘဲက ပြောသည်။  

အရှေ့တောင်အာရှသည် ကုန်ကျစရိတ်ရှုထောင့်မှကြည့်ပါက ထုတ်လုပ်သူများအတွက် မျက်စိကျစရာကောင်းသော နေရာဖြစ်သည်။ တရုတ်တွင် ကုန်ထုတ်လုပ်မှုလုပ်သားတစ်ဦးအတွက် ပျမ်းမျှနှစ်စဉ် လုပ်အားခမှာ အမေရိကန်ဒေါ်လာ ၁၀ ၀၀၀ နီးပါးနှင့်နှိုင်းယှဉ်လျှင် အင်ဒိုနီးရှားတွင် ၅ ၉၅၆ ဒေါ်လာနှင့် ဗီယက်နမ်တွင် ၄ ၀၁၄ ဒေါ်လာသာရှိကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အဆိုအရသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့်အစောပိုင်းကာလ၌ တရုတ်မှ ကားပစ္စည်းအစိတ်အပိုင်းများမရနိုင်ခဲ့သည့်အချိန်တွင် မော်တော်ကားစက်ရုံများပိတ်လိုက်ရသည်ကို ကိုးကားလျက် ဆူဂါသည် ဝန်ကြီးချုပ်မဖြစ်မီအချိန်ကပင် နိုင်ငံများကို ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်အတွက် အလွန်အမင်းမှီခိုအားထားမှုကို ရင်ဆိုင်ရန်လိုအပ်ကြောင်းအလေးထားပြောဆိုခဲ့သည်။

ဂျပန်အစိုးရသည် အစီအစဉ်၏ အရေးပါမှုကို မူဝါဒပဏာမခြေလှမ်းအဖြစ် ပြသရန် တတိယ အပိုဆောင်းဘတ်ဂျက်တွင်  ငွေကြေးအများအပြား ဘေးဖယ်ထားဖွယ်ရှိသည်။  

စီးပွားရေးလုပ်ငန်းများအနေဖြင့် အရှေ့တောင်အာရှတွင် ၎င်းတို့၏ထောက်ပံ့ဖြည့်ဆည်းမှုကွန်ရက်များ ချဲ့ထွင်နိုင်ရန် ဂျပန်အစိုးရက ၂၀၂၀ ဘဏ္ဍာနှစ်၏ ပထမအကြိမ် အပိုဆောင်းဘတ်ဂျက်အဖြစ် ယန်း ၂၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၃ သန်း) ကြိုတင်လျာထားသည်။ ဇွန်လတွင် အဆုံးသတ်ခဲ့သော ပထမအကြိမ်လျှောက်ထားမှုများတွင် စီမံကိန်းပေါင်း ၃၀ ကို အစိုးရ အတည်ပြုခဲ့သည်။  

အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဘတ်ဂျက် ၁၀ ဆ တန်ဖိုးထက်သာသောလျှောက်ထားမှုပေါင်း ၁ ၇၀၀ ခန့်ရရှိခဲ့ပြီး ၎င်းတို့ထဲမှ စီမံကိန်း ၅၇ ခု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၄ သန်း ကို ခွင့်ပြုခဲ့သည်။

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲနှင့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပါးစပ်နှာခေါင်းစည်းနှင့်တခြားအရေးပါသောပစ္စည်းများရနိုင်မှု နှောင့်နှေးခြင်းသည် တရုတ်မှီခိုသည့်ထောက်ပံ့ပစ္စည်းကွန်ရက်၏အန္တရာယ်ကို မီးမောင်းထိုးပြခဲ့သည်။ 

အမေရိကန်က အထိအခိုက်မခံသောသတင်းအချက်အလက်များ တရုတ်ဆီပေါက်ကြားမည်ကို စိုးရိမ်ကြောင်းဖော်ပြလျက် အမေရိကန်ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေးပစ္စည်းများကို တားမြစ်ခဲ့ပြီး ယူကေ၊ ဩစတြေးလျနှင့် ဂျပန်အပါအဝင် မဟာမိတ်နိုင်ငံများကိုလည်း ထိုသို့လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ 

တရုတ်သည် အမေရိကန်မှထုတ်ကုန်များအပေါ်တင်းကျပ်သောထိန်းချုပ်မှုများလုပ်ဆောင်ကာ တုံ့ပြန်ခဲ့သည်။ ဂျပန်စီးပွားရေးလုပ်ငန်းများသည်လည်း တရုတ်တွင်ရှိနေခြင်းအားဖြင့် တုံ့ပြန်မှုသံသရာအလယ်တွင် မထွက်ခွါနိုင်ဘဲ သောင်တင်နေခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly