နေပြည်တော်တွင် အစိုးရအရာရှိတစ်ဦး၏ ဇနီးကို သတ်ပြီး ပစ္စည်းလုခဲ့သည့် တရားခံ ဖမ်းမိ

နေပြည်တော်တွင် အစိုးရအရာရှိတစ်ဦး၏ ဇနီးကို သတ်ပြီး ပစ္စည်းလုခဲ့သည့် တရားခံ ဖမ်းမိ

နေပြည်တော်၊ အောက်တိုဘာ ၁၄၊

အုပ်ချုပ်ရေးမြို့တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူကို သတ်ပြီး ပစ္စည်းလုခဲ့သည့် တရားခံကို အောက်တိုဘာ ၁၄ ရက်နေ့က သက်သေခံ ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“သပြေကုန်းစျေးမှာ စုံစမ်းသိရှိရတယ်။ သက်သေခံ ရွှေထည်ပစ္စည်းတွေနဲ့ ပတ်သက်လို့ သတင်းရပြီး မြို့မစျေးက ရွှေဆိုင်တစ်ဆိုင်ကို ရောက်ရှိတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်။ သူ့မှာ ရှိတဲ့ရွှေထည်နဲ့ စစ်ထားတဲ့ရွှေထည်က လုံးဝသေချာပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ညပိုင်းက ပုဗ္ဗသီရိမြိုနယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ကံလူကွက်သစ်ရှိ နေအိမ်၌ အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် လူသတ်၊ ပစ္စည်းလုယူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အမှုဖြစ်ပွားခဲ့သည့် အဆိုပါရပ်ကွက်သည် ဒက္ခိဏခရိုင်တရားရုံး၏ အနောက်ဘက်တွင် တည်ရှိပြီး လူနေအိမ်ခြေ ကျဲပါးကြောင်း ဒေသခံများထံမှ သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက တရားခံ ယူဆောင်သွားခဲ့သော ပစ္စည်းများကို စစ်ဆေးခဲ့ရာ မီးခံသေတ္တာအတွင်းမှ စိန်ခြယ်လက်စွပ်တစ်ကွင်း၊ ကျောက်ပြာလက်စွပ် ခြောက်ကွင်း၊ နှစ်ကျပ်သား ရွှေဆွဲကြိုး တစ်ကုံးနှင့် လက်ကိုင်ဖုန်းတို့ ပျောက်ဆုံးခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၉ တို့ဖြင့် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာက တရားခံဖြစ်သည့် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သူ ကြည်ရှိန် (၄၆) နှစ်ကို ကနဦး စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်ခြံဝင်း အတွင်းသို့ အုတ်တံတိုင်းခြံစည်းရိုးကို ကျော်ဝင်ရောက်ခဲ့ပြီး မီးဖိုချောင်အတွင်းရှိ ဓားတစ်ချောင်းယူဆောင်ကာ အမျိုးသမီးကို ဓားဖြင့်ထိုး၍ လဲကျသွားစဉ် အနီးရှိ တုတ်၊ အုတ်ခဲဖြင့် ထပ်မံ ထုရိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“နေအိမ်အတွင်းသို့ ထပ်မံဝင်ရောက်ပြီး သော့တန်းလန်းဖြစ်နေသော မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် စားပွဲပေါ်ရှိ ဖုန်းတို့အား ယူဆောင်ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ယင်းရပ်ကွက် အနေဖြင့် လူနေကျဲပြီး လူသွားလူလာ ပြတ်လပ်ကြောင်း၊ ၎င်းနေအိမ်တွင် မိသားစုနည်းပြီး တစ်ခါတစ်ရံ အမျိုးသမီးတစ်ဦးတည်း ရှိကြောင်းသိရှိပြီး ခိုးယူရန်အကြံဖြင့် ယခင်ရက်ကတည်းက ၎င်းအိမ် အခြေအနေအား ကြိုတင်လေ့လာ ပြင်ဆင် ခိုးယူ၊ လူသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်” ဟု အဆိုပါ ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အမှုဖြစ်ပွားခဲ့သည့် အဆိုပါ ညောင်ပင်ကြီးကျေးရွာနှင့် နီးကပ်လျက်ရှိသည့် ရာဇဌာနီလမ်းရှိ ချစ်သူလမ်းကြားဟု လူအများခေါ်သော ကုက္ကိုလ်တန်း လမ်းမတွင်လည်း ပြီးခဲ့သည့် ဩဂုတ်လက ဓားထိုးလုယက်မှု ဖြစ်ခဲ့ဖူးပြီး တရားခံကိုလည်း ဖမ်းမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly