အမေရိကန်-တရုတ် ပဋိပက္ခရန်ပွဲ ဖြစ်နိုင်ခြေအလားအလာအပေါ် ပညာရှင် ၂ ဦး၏ အမြင်များ

အမေရိကန်-တရုတ် ပဋိပက္ခရန်ပွဲ ဖြစ်နိုင်ခြေအလားအလာအပေါ် ပညာရှင် ၂ ဦး၏ အမြင်များ
An E-2D Hawkeye attached to the Tiger Tails of Airborne Early Warning Squadron 125 launches from the flight deck of the Navy’s only forward-deployed aircraft carrier USS Ronald Reagan in the Philippine Sea. (Photo courtesy of the U.S. Navy)

အောက်တိုဘာ ၁၄

ရှေးဂရိခေတ်က အေသင်နှင့် စပါတာ အကြား ဖြစ်စဉ်၊ သို့မဟုတ် လွန်ခဲ့သော ရာစုနှစ်တစ်ခုအကြာက ဂျာမနီ နှင့် ဗြိတိန်အကြား ဖြစ်စဉ် ကဲ့သို့ အင်အားကြီးလာခါစ နိုင်ငံတစ်နိုင်ငံက အင်အားကြီး နိုင်ငံတစ်နိုင်ငံကို စိန်ခေါ်သည့်အချိန်မျိုးတွင် ယင်းကဲ့သို့သော ပြိုင်ဆိုင်မှုအများစုက ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားခဲ့ပြီး တခါတရံ နှစ်ဘက်စလုံးအတွက် ဆိုးဝါးသည့် အဆုံးသတ်များ ဖြစ်ထားစေခဲ့သည်။

ပြီးခဲ့သည့် နှစ် ၅၀၀ အတွင်း ဖြစ်စဉ် ၁၆ ခုအနက် ၁၂ ခုသည် စစ်ပွဲများကို ဖြစ်စေခဲ့ကြောင်း အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဂရေဟမ် အလီဆန်က ပြောသည်။ အလီဆန် မေးခွန်းထုတ်ထားခဲ့သလို အမေရိကန်နှင့် တရုတ်တို့သည် Thucydides trap ဟု ခေါ်သည့် ကြီးထွားလာနေသော အင်အားကို ကြီးစိုးလွှမ်းမိုးထားသော အင်အားက ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ချိန် မလွဲမရှောင်သာ စစ်ဖြစ်ရခြင်း ဆိုသည့် အခြေအနေကို ရှောင်လွဲနိုင်မည်လား ဆိုသည်မှာ ကျွန်ုပ်တို့ခေတ်တွင် အလွန်ပင် ပေါ်လွင်ထင်ရှားလှသော ပထဝီနိုင်ငံရေးဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပုံရသည်။

တရုတ်၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့် ပညာရှင်တစ်ဦးဖြစ်သည့် ယန်ရွှီထောင်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Nikkei က အင်တာဗျူးခဲ့ချိန်တုန်းက နှစ်နိုင်ငံအကြား စစ်ပွဲ အန္တရာယ် မရှိဟု ၎င်းက ပြတ်ပြတ်သားသား ပြောခဲ့သည်။

သို့သော် ယင်းနောက်ပိုင်း အခြေအနေ အများအပြား ဖြစ်ပေါ်ထားခဲ့သည်။ ယခုတစ်ကြိမ် အင်တာဗျူးတစ်ခုတွင်လည်း ယန်က နှစ်နိုင်ငံအကြား စစ်ပွဲ ဖြစ်မည်မဟုတ်ဟု ထပ်မံ ပြောဆိုရင်းဖြင့် မှတ်ချက်သစ်တစ်ခုကို ဖြည့်စွက်ပေးသွားခဲ့သည်။ နှစ်နိုင်ငံအကြား အရွယ်အစား သေးငယ်သော စစ်ရေး ပဋိပက္ခတစ်ခု၏ ဖြစ်နိုင်ခြေအလားအလာကို ၎င်းက ဖယ်ထုတ်ထားခဲ့ခြင်းမရှိပေ။

အလားတူ အင်ဒို-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရှိနေထိုင်ရန် အမေရိကန်နှင့် တရုတ်အတွက် အလွန်ပင် ခက်ခဲမည်ဟု ထင်ကြောင်း အမေရိကန် ပညာရှင် ဘွန်နီ ဂလေစာက ပြောသည်။

အောက်ပါတို့သည် ၎င်းတို့၏ အင်တာဗျူးများထဲမှ တည်းဖြတ်ထားသည့် ကောက်နုတ်ချက်များဖြစ်သည်။

ယန်ရွှီထောင် (ပေကျင်းအခြေစိုက် Tsinghua တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး အင်စတီကျူ့၏ မဟာဌာနမှူး)

ယှဉ်ပြိုင်မှု

အမေရိကန်အစိုးရဟာ ၂၀၁၇ ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာထဲမှာ တရုတ်ကို အဓိက မဟာဗျူဟာ ပြိုင်ဘက်တစ်ဦးအဖြစ် ဖော်ပြခဲ့တယ်။  အဲဒီနောက်ပိုင်းကတည်းက တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ သဘောသဘာဝကတော့ ပြောင်းလဲမထားခဲ့ဘူး၊ အဲဒါက ယှဉ်ပြိုင်မှု ဖြစ်တယ်။

ပြီးခဲ့တဲ့ မကြာသေးတဲ့ကာလအတွင်းမှာတော့ ယှဉ်ပြိုင်မှုက ကုန်သွယ်မှုကနေတဆင့် နည်းပညာ၊ ဘဏ္ဍာရေးနဲ့ စစ်တပ် အပါအဝင် အခြား နယ်ပယ်တွေဆီ ကူးစက်ခဲ့ပြီး ယှဉ်ပြိုင်မှုကို အရှိန်မြင့်တက်ထားစေခဲ့တယ်။

ဒီယှဉ်ပြိုင်မှုရဲ့ ရလဒ်ကတော့ လာမယ့် ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်ရရှိမှာမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ အမေရိကန်ဟာ တရုတ်တို့ ပိုမိုအားကောင်းစွာနဲ့ ကြီးထွားလာနေတာကနေ တားဆီးဖို့ ဖြစ်နိုင်ဖွယ် နည်းလမ်းမျိုးစုံကို အသုံးပြုမှာဖြစ်ပြီး တချိန်တည်းမှာလည်းပဲ တရုတ်ကလည်း လက်ရှိအချိန်အထိတော့ အမေရိကန်ကို အပြည့်အ၀ ကျော်တက်နိုင်ဦးမှာ မဟုတ်လို့ ဖြစ်ပါတယ်။

ကပ်ရောဂါက အရှိန်တက်လာနေခဲ့ပြီး တရုတ်နဲ့ အမေရိကန်အကြား နိုင်ငံပါဝါ ကွာဟချက်ဟာ ကျဉ်းမြောင်းထားခဲ့ပါတယ်။ နှစ်နိုင်ငံအကြား လုပ်နိုင်စွမ်းအားပိုင်း ကွာဟချက် ပိုသေးငယ်လေလေ ယှဉ်ပြိုင်မှုရဲ့ ပြင်းထန်မှုကို ပိုကြီးမားလေလေဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုကတော့ အပြင်းထန်ဆုံး လယ်ဗယ်ကို မရောက်သေးတဲ့အတွက် ယှဉ်ပြိုင်မှုက ပိုမို ပြင်းထန်လာဦးမှာ ဖြစ်ပါတယ်။

စစ်ပွဲ အန္တရာယ်

အင်အားကြီးလာခါစ ပါဝါတစ်ခုက နိုင်ငံတကာ လွှမ်းမိုးကြီးစိုးမှုအတွက် ရှိရင်းစွဲ မဟာပါဝါတစ်ခုကို ဖယ်ရှားနေရာယူဖို့ ခြိမ်းခြောက်လာနေချိန် စစ်ပွဲ အန္တရာယ်နဲ့ပတ်သက်လို့ ပြောဆိုမှုတွေ ဖြစ်တဲ့ Thucydides trap လို့ ခေါ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ တချို့က စိုးရိမ်ပူပန်ကြပါတယ်။ ဒါပေမယ့် နှစ်ဘက်အကြား စစ်ပွဲဖြစ်နိုင်တဲ့ အန္တရာယ် မရှိဘူးလို့ ကျွန်တော်ကတော့ ယုံကြည်နေဆဲဖြစ်ပါတယ်။

စစ်ပွဲ ဆိုတာက နှစ်ဘက်စလုံးက အကြီးစား သတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ စစ်ရေးနည်းလမ်း အသုံးပြုတာကို ဆိုလိုပြီး အဲဒါက စစ်ရေးပဋိပက္ခတွေနဲ့ မတူကွဲပြားပါတယ်။ ၁၉၆၉ ခုနှစ်မှာ တရုတ်နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ Zhenbao ကျွန်းမှာ နယ်စပ် ပဋိပက္ခတစ်ခု ရှိခဲ့ပါတယ်။ ၁၉၉၉ မှာ အမေရိကန်ဟာ ဘဲလ်ဂရိတ်မှာ ရှိတဲ့ တရုတ်သံရုံးကို ဗုံးကြဲခဲ့တယ်။ ၂၀၂၀ မှာ တရုတ်နဲ့ အိန္ဒိယတို့ဟာ Kalwan တောင်ကြားမှာ နယ်စပ် စစ်ဘက် ပဋိပက္ခရန်ပွဲတစ်ခု ရှိခဲ့တယ်။ အဲဒီ ပဋိပက္ခ တစ်ခုစီတိုင်းတွင် လူတွေ သေဆုံးပေမယ့် အဲဒါတွေက စစ်ပွဲသုံးခု မဟုတ်ပါဘူး။

နျူကလီးယားလက်နက်တွေ ရှိနေတာကလည်း တရုတ်နဲ့ အမေရိကန်အကြား စစ်ပွဲတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

ဒါပေမယ့် အဲဒါက စစ်ရေး ပဋိပက္ခတွေမဖြစ်အောင် တားဆီးမှာတော့ မဟုတ်ပါဘူး။ “Thucydides trap” ဆိုတာက စစ်ပွဲကို ဆိုလိုပြီး စစ်ရေးပဋိပက္ခကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် “Thucydides trap” အယူအဆဟာ အထူးသဖြင့်တော့ တရုတ်-အမေရိကန် မဟာဗျူဟာ ယှဉ်ပြိုင်မှုအပေါ် လူတွေရဲ့ နားလည်သဘောပေါက်မှုကို လွဲမှားစေနိုင်တယ်လို့ ကျွန်တော် ထင်မိပါတယ်။

ယှဉ်ပြိုင်မှုက ဆိုက်ဘာ ကမ္ဘာမှာလည်း အဓိက ဖြစ်ပျက်နေပါတယ်။ “Thucydides trap” ကို မဆိုထားနဲ့ဦး၊ ဆိုက်ဘာတိုက်ခိုက်တွေဟာ အစဉ်အလာ နားလည်မှုအရ စစ်ပွဲတွေ မဟုတ်ပါဘူး။ ဒစ်ဂျစ်တယ် ခေတ်မှာ တရုတ်နဲ့ အမေရိကန်အကြား ယှဉ်ပြိုင်မှုက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ခဲ့တဲ့ အဓိက ပါဝါ ယှဉ်ပြိုင်မှုတွေနဲ့ မတူညီသလို၊ စစ်အေးခေတ်နဲ့လည်း မတူညီပါဘူး။ တရုတ်နဲ့ အမေရိကန် တို့ ပတ်သက်ပါဝင်နေတာက ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှု တစ်ခုမဟုတ်ပေမယ့် အဲဒါက ဒစ်ဂျစ်တယ် မဟာဗျူဟာ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ပါတယ်။

ဒါက တစ်ဦးနှင့် တစ်ဦး နားလည်မှု ရှိခြင်း အကြောင်း မဟုတ်

ပြည်သူအချင်းချင်း အပြန်အလှန် ဆက်ဆံမှုကို နက်ရှိုင်းစေတာက တရုတ်နဲ့ အမေရိကန်အကြား မဟာဗျူဟာ ဆက်ဆံရေးကို တိုးတက်စေမယ် ဆိုတဲ့ အိုင်ဒီယာက အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ချစ်ကြည်လာမလား သို့မဟုတ် ရန်လိုလာမလား ဆိုတာက ပြည်သူအချင်းချင်း ဆက်ဆံမှု မကြာမကြာဖြစ်ပေါ်မှု ဒါမှမဟုတ် နက်ရှိုင်းမှုအပေါ် မူတည်တာမျိုး မရှိဘဲ အဲဒါက နှစ်ဦးနှစ်ဘက် အကျိုးတရားများ ကိုက်ညီသလား သို့မဟုတ် ပဋိပက္ခဖြစ်နေသလားဆိုတဲ့အပေါ်မှာသာ မူတည်ပါတယ်။

နိုင်ငံတစ်နိုင်ငံတည်းအတွင်းမှာ တစ်ဦးနဲ့တစ်ဦး နက်နက်ရှိုင်းရှိုင်း နားလည်ပေမယ့်လည်း မည်သို့ပင်ဆိုစေကာမူ ရန်လိုနေတဲ့ လူတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ဗြိတိန်ရှိ စကော့တွေ၊ ကနေဒါရှိ ကွီးဘက်တွေ၊ စပိန်မှာ ရှိတဲ့ ကက်တလန်တွေ၊ ပြင်သစ်မှာ ရှိတဲ့ ကော်စီကန်တွေဟာ လွတ်လပ်ရေးအတွက် အားမန်ပါပါ လုပ်ဆောင်သူတွေ ဖြစ်ပါတယ်။

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ တစ်ယောက်အကြောင်း တစ်ယောက် သိပ်မသိဘဲနဲ့ မေတ္တာသက်ဝင်သွားနိုင်ပါတယ်။ လူတွေဟာ တစ်ဦးနဲ့တစ်ဥိး ချစ်သွားဖို့ မိနစ်အနည်းငယ်သာ ကြာနိုင်တယ်လို့ သိပ္ပံဆိုင်ရာ သုတေသနကလည်း ပြသထားခဲ့ပါတယ်။ တချိန်တည်းမှာလည်းပဲ အချိန်ရှည်ကြာစွာ အတူနေလာခဲ့ကြတဲ့ စုံတွဲတွေဆိုရင်လည်း ကွဲသွားတတ်ကြပြီး အကြောင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ချို့ယွင်းချက်တွေကို နက်နက်နဲနဲ သိရှိလို့ ဖြစ်ပါတယ်။

အလားတူအတိုင်းပဲ နိုင်ငံအားလုံးအကြား ချစ်ကြည်တဲ့ ဆက်ဆံရေးဟာ  ဘုံ အကျိုးတရားတွေအပေါ်မှာ အခြေတည်ပြီး အပြန်အလှန် နားလည်မှုအပေါ်မှာ အခြေမတည်ပါဘူး။  

အမေရိကန်ရဲ့ မဟာမိတ်တွေဟာ ၎င်းတို့အပေါ် ထရမ့်ရဲ့ စိမ်းကားတဲ့ မူဝါဒကို ကောင်းစွာ သတိမူမိတဲ့အတွက် ၎င်းတို့ဟာ တရုတ်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့တစ်ခု ထူထောင်ရေး ၎င်းရဲ့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး သတိနဲ့ ဆက်ရှိနေကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဦးဆောင်မှု

တရုတ်ဟာ ကမ္ဘာ့ဦးဆောင်သူအဖြစ် အမေရိကန်ရဲ့ နေရာကို အစားဝင်ဖို့ ဆန္ဒရှိနေတယ်လို့ အချို့က ယုံကြည်ကြတယ်။ ရှေးခေတ်ကာလတွေနောက်ပိုင်း အဓိကနိုင်ငံအားလုံးဟာ ကမ္ဘာ့ ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ ဆန္ဒရှိခဲ့ကြတယ်။ အရွယ်အစားသေးငယ်တဲ့ နိုင်ငံတွေကတော့ အဲဒီလို စိတ်ကူးမျိုး မရှိပါဘူး။ဒါကလည်း  အဲဒီလို သေးငယ်တဲ့ နိုင်ငံတစ်နိုင်ငံက ဒီလိုမျိုး ရည်ရွယ်ချက် မရှိတာ မဟုတ်ဘဲ သူ့မှာ လုပ်နိုင်စွမ်း မရှိလို့ ဖြစ်ပါတယ်။

အဲဒီတော့ တရုတ်က ကမ္ဘာ့ဦးဆောင်သူအဖြစ် အမေရိကန်နေရာ အစားဝင်လိုစိတ် ရှိနေသလား ဆိုတာက မေးရမယ့် မေးခွန်းမဟုတ်ဘဲ တရုတ်ဟာ အဲဒီလို လုပ်ဖို့  လုပ်နိုင်စွမ်း ရှိနေသလား ဆိုတာကသာ မေးရမယ့် မေးခွန်းဖြစ်တယ်။ လက်ရှိအချိန်မှာတော့ တရုတ်မှာ အဲဒီလို လုပ်နိုင်စွမ်း မရှိသေးပါဘူး။ တရုတ်ရဲ့ စစ်ရေးပါဝါဟာလည်း အမေရိကန်ရဲ့ နောက်မှာ တော်တော် ဝေးဝေးမှာ ရှိနေဆဲဖြစ်ပါတယ်။

ကွာဟချက်က နည်းပညာပိုင်းမှာ တည်ရှိနေတယ်။ တရုတ်နဲ့အကြား နည်းပညာဆိုင်ရာ ကွာဟချက်က ကျုံ့လာနေတယ်ဆိုတာကို ထရမ့်အစိုးရက သိရှိလက်ခံထားပြီး တရုတ်ရဲ့ 5G နဲ့ အခြား ဒစ်ဂျစ်တယ်နည်းပညာလုပ်ငန်းတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြင့်လုပ်ဆောင်ထားခဲ့ပါတယ်။ အမှန်တကယ်ဆိုလျင် အဲဒါက တရုတ်အတွက်လည်း တိုးတက်မှုတွေ ရစေဖို့အတွက် အခက်အခဲတစ်ချို့ကို ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် တချိန်တည်းမှာလည်းပဲ တရုတ်အပေါ် ဖိအား တိုးပေးတာက အမေရိကန်ရဲ့ နည်းပညာ ဖွံ့ဖြိုးမှုကို အရှိန်မမြန်ဆန်စေပါဘူး။ တရုတ်- အမေရိကန် ယှဉ်ပြိုင်မှုရဲ့ ရလဒ်ကတော့ ဘယ်နိုင်ငံရဲ့ နည်းပညာတိုးတက်မှုက ပိုမိုမြန်ဆန်သလဲ ဆိုတဲ့အပေါ် မူတည်မှာဖြစ်ပါတယ်။

“ကျွနု်ပ်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ဖုံးထားပြီး အခွင့်ကောင်းစောင့်မယ်” ဆိုတဲ့ တိန်ရှောက်ဖိန်၏ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲဖို့ ကျွန်တော် ထောက်ခံထားပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ဟာ ခုချိန်မှာ ကမ္ဘာ့ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်နေပြီးဖြစ်သလို အဲဒီအတိုင်း ဆက်လုပ်နိုင်တော့မှာ မဟုတ်လို့ပါ။ ကျွန်တော် ပြောချင်တဲ့ အဓိက အချက်က အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုနေရာကို အစားဝင်ဖို့မဟုတ်ဘဲ တရုတ်ရဲ့ လက်ရှိစွမ်းအားနဲ့ တစ်ပြေးညီရှိတဲ့ နိုင်ငံခြားရေးမူဝါဒတစ်ခုကို ကိုင်ဆွဲဖို့ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တရုတ်ဟာ  နိုင်ငံခြားရေးမူဝါဒကို “ကိုယ့် လုပ်နိုင်စွမ်းကို ဖုံးထားခြင်း” ဆိုတာကနေ “စိတ်အားထက်သန်မှု ရှိပါ၊ ရှေ့ခရီးဆက်ပါ” ဆိုတာကို ပြောင်းလဲခဲ့ပါတယ်။ အဲဒါက အဓိပ္ပါယ်ရှိပြီး တရုတ်ရဲ့ လက်ရှိအနေအထားနဲ့ တစ်ပြေးညီ ကိုက်ညီတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါပေမယ်ု့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်းဟာ ဒေသဆိုင်ရာ မူဝါဒတစ်ခုကနေ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတစ်ခုအဖြစ် တိုးမြှင့်ထားခဲ့ပြီးနောက် ယင်းဟာ တရုတ်ရဲ့ လုပ်နိုင်စွမ်းတွေရဲ့ အပေါ်မှာ ရှိနေပါတယ်။ တရုတ်အနေနဲ့ ယင်းကဲ့သို့ အလွန်အကျွံ တက်ကြွမာန်ပါတဲ့ မူဝါဒတွေကို ထိန်းကွပ်ဖို့ လိုပါတယ်။ ဒါပေမယ့် အဲဒါက “ကျွနု်ပ်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ဖုံးထားခြင်း” ဆိုတဲ့ မူဝါဒဆီ ပြန်သွားနိုင်မှာမဟုတ်ပါဘူး။

ဘွန်နီ ဂလေစာ (ဝါရှင်တန်အခြေစိုက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့ Center for Strategic and International Studies မှ တရုတ်ပါဝါစီမံကိန်းရဲ့ ညွန်ကြားရေးမှူးနဲ့ အာရှဆိုင်ရာ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်)

 

Yan Xuetong, dean of the Institute of International Relations at the Beijing-based Tsinghua University, left, and Bonnie Glaser, senior adviser for Asia and the director of the China Power Project at Washington-based think tank Center for Strategic and International Studies. (Photo source: Oki Nagai/CSIS)

မိန့်ခွန်းစကားတွေ

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်ပြီးနောက်ပိုင်း အနိမ့်ဆုံး အမှတ်မှာ ရှိနေပါတယ်၊ ဒါကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တည်ဆောက်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီတော့ ခုချိန်မှာ အမေရိကန်နဲ့ တရုတ်ဟာ အတော့်ကို ပြင်းထန်တဲ့ မဟာဗျူဟာ ယှဉ်ပြိုင်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ တကယ်ပဲ အံ့အားသင့်စရာ မရှိပါဘူး။

ထရမ့် အစိုးရဟာ အထူးတိကျတဲ့ မက်ဆေ့ချ်တွေကို အလေးပေးပြီး သေချာ ဂရုတစိုက် ပြင်ဆင်ထားတဲ့ မိန့်ခွန်းတွေ ပြောခဲ့ပါတယ်။ မက်ဆေ့ချ်တစ်ခုမှာ ဆိုရင် တရုတ်ဟာ အမေရိကန်နဲ့ ကမ္ဘာပေါ်က ဒီမိုကရေစီနိုင်ငံတွေအတွက် တကယ့် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပဲယိုဟာ ဒီမိုကရေစီနိုင်ငံများ မဟာမိတ်အဖွဲ့တစ်ခု ဖန်တီးဖို့ သူ့ရဲ့ အဆိုပြုချက်ထဲမှာဆိုရင် ကမ္ဘာပေါ်က စိတ်တူသဘောတူ နိုင်ငံတွေ အားလုံး နိုးထပြီး တရုတ် ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကို အသိအမှတ်ပြုဖို့ တောင်းဆိုနေပါတယ်။

ဒုတိယမြောက် အာဘော်တစ်ခုကတော့ ပြီးခဲ့တဲ့ ခြောက်လအကြာမှာ ပေါ်ပေါက်ခဲ့ပြီး ဒါကတော့ တရုတ်မှာ အစိုးရ အပြောင်းအလဲဖြစ်ဖု့ိ ပေါ်တင်မဟုတ်ဘဲ ဖုံးကွယ်ထားတဲ့ တောင်းဆိုမှုတစ်ခု ဖြစ်ပါတယ်။ ဘယ်သူကမှ အဲဒီစကားရပ်ကို တိတိကျကျ ပွင့်ပွင့်လင်းပြောဆိုခဲ့ဖူးတာမဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန် အဆင့်မြင့် အရာရှိကြီးတွေရဲ့ မိန့်ခွန်းတစ်ချို့မှာဆိုရင် အမေရိကန်မူဝါဒဟာ တရုတ်မူဝါဒ ပြောင်းလဲမှုကို ကန့်သတ်မထားဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်ထားစေခဲ့ပါတယ်။ ခုချိန်မှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ တရုတ်မှာ ကွန်မြူနစ်ပါတီကို ရင်ဆိုင်ထိပ်တိုက်တွေ့ပြီး အပြောင်းအလဲဖြစ်အောင် တိုက်တွန်းဖို့အတွက် တရုတ်ပြည်သူတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးလည်း ပါဝင်နေပါတယ်။

တရုတ်မှာ အစိုးရအပြောင်းအလဲဖြစ်စေဖို့ တိုက်တွန်းတဲ့နေရာမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ အားလုံးထဲမှာ ပထမဆုံးတစ်ခုကတော့  ဒါက ဖြစ်စေချင်တာနဲ့ တစ်ခြားစီ ဆိုသလို အခြေအနေတစ်ခုကို ရောက်သွားစေနိုင်တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ပြည်သူအများစုဟာ ၎င်းတို့ရဲ့ စနစ်ကို ပိုမို ထောက်ခံလာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်လို့ ဖြစ်ပါတယ်။ နောက်ပြီး အဲဒါက အမျိုးသားစည်းလုံးညီညွတ်မှုကို ပိုဖြစ်စေနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒါက ပြည်ပနိုင်ငံတွေဆီက ခြိမ်းခြောက်မှုတွေ၊ တရုတ်အပေါ် ၎င်းတို့ရဲ့ တောင်းဆိုချက်တွေ ချမှတ်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံခြားသားတွေရဲ့ အန္တရာယ်တွေကို သမ္မတ ရှီကျင့်ဖျင်ဘက်က လက်ညှိုးထိုးလို့ ရစေနိုင်လို့ ဖြစ်ပါတယ်။

တရုတ်တို့ဟာ တည်ငြိမ်တဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးတစ်ခုကို အမြဲတန်ဖိုးထားခဲ့ပါတယ်။ သူတို့ဟာ  နှစ်နိုင်ငံအကြားဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အတိတ်ကာလအတွင်းမှာလည်း သူတို့ရဲ့ မူဝါဒတချို့ကို ပြုပြင် မွမ်းမံထားခဲ့ပါတယ်။ တကယ်လို့ အမေရိကန်ဘက်က တကယ်ပဲ တရုတ်ကွန်မြူနစ်ပါတီကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ တရုတ်တွေဘက်က ထင်မြင်မယ်ဆိုရင် ဒါက နှစ်နိုင်ငံ ဆက်ဆံရေးအတွက်သာမက ဒီလို ဖြန့်ခင်းလာတဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုရဲ့ သဘောသဘာဝအတွက်မှာပါ ကြီးလေးတဲ့ အပျက်သဘောဆောင် အကျိုးဆက်တွေ ရှိသွားနိုင်ပါတယ်။

ပဋိပက္ခ ပြင်းထန်မှုကို လျှော့ချရေး အစီအမံတွေက အလုပ်မဖြစ်

အမေရိကန်နဲ့ တရုတ် တပ်ဖွဲ့တွေဟာ ပစိဖိတ်ဒေသက ဧရိယာ အများအပြားမှာ အတော့်ကို နီးနီးကပ်ကပ် လှုပ်ရှားနေပါတယ်။ သိပ်မကြာသေးခင်က တောင်တရုတ်ပင်လယ်မှာ နှစ်နိုင်ငံစလုံးဟာ အတော့်ကို တက်ကြွအားကောင်းတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြတယ်။ ၂၀၁၈ ခုနှစ်က လွတ်လပ်စွာ သွားလာမှု သဘောတရားကို ကျင့်သုံး ဆောင်ရွက်နေတဲ့ အမေရိကန် ဖျက်သင်္ဘောတစ်စင်းရဲ့ လမ်းကြောင်းထဲမှာ တရုတ်ဖျက်သင်္ဘောတစ်စင်းက တည့်တည့်မတ်မတ် နေရာယူခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို ကျွန်မတို့ သိကြပါတယ်။

တရုတ် တိုက်လေယာဉ်တစ်စင်းနဲ့ အမေရိကန် ကင်းထောက် လေယာဉ်တစ်စင်းတို့ တိုက်မိမှု ဖြစ်ပွားခဲ့တဲ့ ၂၀၀၁ ခုနှစ်ကထက်စာရင် ယနေ့အချိန်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ အတော်လေး ပိုပြီး ဗျာများနေပါတယ်။ ဒီကနေ့မှာ အဲဒီလို အကျပ်အတည်းတစ်ခုကို ကိုင်တွယ်စီမံဖို့ ကျွန်မတို့ နိုင်ငံ နှစ်နိုင်ငံရဲ့ လုပ်နိုင်စွမ်းဟာ လုံလောက်မှု မရှိပါဘူး။ ကျွန်မတို့မှာ ဟော့လိုင်းတချို့ ရှိတယ်၊ ကျွန်မတို့မှာ ခုခံကာကွယ်ရေး လင့် တစ်ခုရှိတယ်၊ ဒါပေမယ့် တရုတ်ရဲ့ နိုင်ငံရေးစနစ်ရဲ့ သဘောသဘာဝအရ အဲဒီလို အကျပ်အတည်း အခြေအနေ ဆက်သွယ်ရေး ယန္တရားတွေဟာ အလုပ်ဖြစ်ဖွယ် မရှိပါဘူး။

မတော်တဆမှုတစ်ခု ဒါမှမဟုတ် ဖြစ်စဉ်တစ်ခု ဖြစ်မယ်ဆိုရင် အခြေအနေ တင်းမာမှုကို လျှော့ချနိုင်စွမ်းက အတော်လေး အကန့်အသတ်နဲ့ ရှိနေပါတယ်။ ပြဿနာက တရုတ်အစိုးရရဲ့ ဖွဲ့စည်းပုံ သဘောသဘာဝဖြစ်ပါတယ်။ အကျပ်အတည်းတစ်ခုအတွင်းမှာ အမေရိကန်ဘက်က အဆင့်မြင့် စစ်ဘက် ဒါမှမဟုတ် နိုင်ငံရေး အရာရှိတစ်ဦးက တစ်ဘက်က သူနဲ့ အဆင့်တူသူတစ်ဦးဆီ ဖုန်းခေါ်ခဲ့မယ်ဆိုရင် အဲဒီဖုန်းကို ဟိုဘက်က တစ်ယောက်ယောက် ပြန်ဖြေဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိလှပါဘူး။ ဒီတော့ ကျွန်မ တော်တော်လေး စိုးရိမ်မိပါတယ်။

မဝေးတဲ့ ကာလတစ်ခုမှာ ထိုင်ဝမ်ကို တရုတ်ရဲ့ လုံးလုံးလျားလျား ကျူးကျော်မှုနဲ့ပတ်သက်လို့ ကျွန်မ စိတ်မပူမိပါဘူး။ သမ္မတ ဆိုင်ယင်ဝမ်ဟာ (ထိုင်ဝမ်) လွတ်လပ်ရေးယူဖို့ လုပ်နေတာ မဟုတ်ပါဘူး။  ဒါပေမယ့် ပေကျင်းဟာ အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးထပ်အားဖြည့်တာနဲ့ ပတ်သက်ပြီး အပြင်းအထန် ဆန့်ကျင်ပါတယ်။ တရုတ်ကတော့ ထိုင်ဝမ်အပေါ် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ တိုးမြှင့်ပေးဖို့ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်အနေနဲ့ စစ်အင်အားမသုံးဖို့ အကြောင်းရင်းတွေ ရှိနေတယ်လို့ ကျွန်မ ထင်မိနေဆဲပါ။

အင်ဒို-ပစိဖိတ်

အမေရိကန်-တရုတ် ယှဉ်ပြိုင်မှုရဲ့ အဓိက နယ်ပယ်တွေအနက် တစ်ခုကတော့ ပင်လယ်ရေကြောင်း အင်ဒို-ပစိဖိတ်ဒေသဖြစ်ပါတယ်။ အမေရိကန်ဟာ ဒီလမ်းကိုဝင်ထွက်သွားလာအသုံးပြုမှုဆက်လုပ်နိုင်ရေး  ဆက်ထိန်းထားဖို့ စိတ်ပိုင်းဖြတ်ထားသလို တရုတ်ကလည်း အမေရိကန်ရဲ့ အဲဒီဝင်လမ်းကို ငြင်းဆန်ဖို့ စိတ်ဆုံးဖြတ်ထားပါတယ်။ ကျွန်မတို့မှာ ကျွန်မတို့ရဲ့ မဟာမိတ်တွေကို ကတိပြုချက်တွေ ရှိထားသလို အဲဒီ ကတိပြုချက်တွေဟာ ဆက်လက်ယုံကြည်စိတ်ချရတယ်ဆိုတာကို သေချာစေရပါလိမ့်မယ်။ အမေရိကန်ကတော့ သိမ်းဆည်းထုပ်ပိုးပြီး အိမ်ပြန်သွားမှာတော့ မဟုတ်ပါဘူး။

အင်ဒို-ပစိဖိတ်မှာ အတူတကွယှဉ်တွဲနေဖို့က တော်တော်လေး ခက်ခဲပါတယ်။ ပြီးတော့ တကယ်လို့ အမေရိကန်နဲ့ တရုတ်အကြား ယှဉ်ပြိုင်မှုက အမှန်တကယ် ပိုမိုကျယ်ပြန့်သွားမယ်ဆိုရင် (လက်ရှိအချိန်မှာလည်း ယင်းအလားအလာက အဆိုပါ ဦးတည်ရာလမ်းကြောင်းထဲတွင် ရှိနေ) အဲဒါက ထိန်းသိမ်းစီမံဖို့ ပိုလို့တောင် ခက်ခဲသွားပါလိမ့်မယ်။

အဲဒါက မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာဖို့ကတော့ တော်တော်လေး ဖြစ်နိုင်ခြေမရှိပါဘူး။ နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှုကလည်း တကယ်ပဲ အဓိက နေရာမှာ ရှိနေပါတယ်။ အမေရိကန်ကတော့ နည်းပညာရဲ့ နယ်ပယ်ဧရိယာတွေမှာ ယင်းရဲ့ ဦးဆောင်မှုကို ပေးအပ်သွားဖို့ မရှိသလို တစ်ဘက်မှာလည်း တရုတ်ကလည်း အကျိုးတရားတွေကို ကြိုးပမ်းရှာဖွေဖို့၊ လွှမ်းမိုးထိန်းချုပ်လာနိုင်ဖို့အတွက် သူတို့ အလိုရှိသလို လုပ်လို့ရသမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ရှီကျင့်ဖျင် လက်ကိုင်ပြုနေတဲ့ အရပ်ဘက်-စစ်ဘက် ပေါင်းစပ်မှု မူဝါဒရဲ့ သဘောသဘာဝဟာလည်း တကယ့်ကို အတော်လေး အန္တရာယ်ရှိတယ်လို့ အမေရိကန်ဘက်က ရှုမြင်ပါတယ်။

အမေရိကန်၊ ဂျပန် ၊ အိန္ဒိယနဲ့ သြစတြေးလျတို့ Quad အဖြစ် စုဖွဲ့ပါဝင်တဲ့ နိုင်ငံလေးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်မယ့် ကြီးမားတဲ့ အခြေအနေတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အိန္ဒိယ၊ သြစတြေးလျနဲ့ ဂျပန်အပေါ် ထားတဲ့ တရုတ်မူဝါဒတွေက နိုင်ငံသုံးနိုင်စလုံးရဲ့ တရုတ်အပေါ် ထားတဲ့ မူဝါဒတွေကို တင်းမာခက်ထန်ထားစေခဲ့တယ်ဆိုတာ သံသယမရှိပါဘူး။  တရုတ်-အိန္ဒိယ နယ်စပ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ထိတွေ့ရန်ပြုမှုဖြစ်စဉ်နဲ့အတူ Quad ရဲ့ အခြားနိုင်ငံတွေနဲ့အကြား ပိုပြီး ပူးပေါင်းလုပ်ဆောင်လိုတဲ့ အိန္ဒိယရဲ့ စိတ်ဆန္ဒဟာ သေချာပေါက် မြင့်တက်နေပါတယ်။

စကော့ မော်ရစ်ဆင် ဦးဆောင်မှုအောက်မှာ သြစတြေးလျကလည်း ဒီ အခြားနိုင်ငံတွေနဲ့အတူ ပိုမို လုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ဂျပန် ၊ အိန္ဒိယ ဒါမှမဟုတ် သြစတြေးလျတို့ နိုင်ငံသုံးနိုင်ငံစလုံးဟာ တရုတ်ကို ဆန့်ကျင်တဲ့ တရားဝင် မဟာမိတ်အုပ်စုတစ်ခု ဖွဲ့ဖို့  တကယ်ပဲ စိတ်ဝင်စားနေတယ်လို့ ကျွန်မ မထင်ပါဘူး။ သူတို့ဟာ အာရှ NATO တစ်ခုကို အလိုမရှိပါဘူး။ ဒါပေမယ့် တရုတ်ကို ပြန်လည်တုံ့ပြန်ဖို့အတွက် စိတ်တူသဘောတူ နိုင်ငံတွေ ပူးပေါင်းခြင်းက သေချာပေါက် လိုအပ်ပါတယ်။ ပြီးတော့ Quad ဟာ အရေးအကြီးဆုံးတစ်ခုအဖြစ် ပေါ်လွင်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required