စစ်ချီရန် အသင့်ပြင်ထားဖို့ ရေတပ်အား သမ္မတ ရှီကျင့်ဖျင် ပြော 

စစ်ချီရန် အသင့်ပြင်ထားဖို့ ရေတပ်အား သမ္မတ ရှီကျင့်ဖျင် ပြော 

အောက်တိုဘာ ၁၄ 

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကွမ်တုံခရီးစဉ် ဒုတိယမြောက်နေ့တွင် စစ်အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်ခဲ့ပြီး တိုက်ပွဲဝင် အသင့်ရှိရန်နှင့် နိုးကြားသတိဖြင့် နေရန် ရေတပ်အား မှာကြားခဲ့သည်။ ရှီကျင့်ဖျင်သည် ပြည်ပရောက် တရုတ်အများစု နယ်မြေဖြစ်သော ရှန့်ထုံသို့လည်း သွားရောက်ခဲ့သည်။ 

ဗုဒ္ဓဟူးနေ့တွင် ရှန်ကျန်းအထူးစီးပွားရေးဇုန်၏ နှစ် ၄၀ ပြည့် အထိမ်းအမှတ်သို့လည်း သမ္မတက တက်ရောက်မည် ဖြစ်သည်။ ပြည်နယ်အရှေ့ပိုင်းရှိ ရှန့်ထုံအနီးက စစ်တပ်စခန်းတွင် ရေတပ်အနေဖြင့် ဘက်စုံစွမ်းနိုင်ပြီး ရုတ်ခြည်းလျင်မြန်စွာ တုံ့ပြန်သည့် ရာသီမရွေးဒေသမရွေး တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ရန် ရည်သန်ထားသင့်သည်ဟု ရှီကျင့်ဖျင်က ပြောသည်။ 

“ခင်ဗျားတို့အနေနဲ့ စိတ်နဲ့ ကိုယ်ကို စစ်ချီဖို့ ပြင်ဆင်အသင့်ရှိအောင် ပုံအပ်ထားသင့်တယ်။ အမြဲ သတိနိုးကြားနေရမယ်။”ဟု ရှီကပြောကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။ 

“ရေတပ်မှာ အမျိုးမျိုးသော မစ်ရှင်တွေရှိတယ်။ ခင်ဗျားတို့ လိုအပ်မှုဟာ တစ်သတ်မတ်တည်း ရှိမှာမဟုတ်၊ အပြောင်းအလဲတွေ ရှိနေမယ်။ ဒါကြောင့် တိုက်ပွဲဝင်ဖို့ လိုအပ်တဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ထားသင့်တယ်။ သင်တန်းစံနှုန်းတွေနဲ့ တိုက်ရည်စွမ်းရည်ကို မြှင့်တင်ထားဖို့ လိုတယ်။”ဟု ရှီကျင့်ဖျင်က ပြောသည်။ 

တရုတ် ပိုင်နက်နှင့် အချုပ်အခြာ၊ နိုင်ငံ၏ ရေပြင်အကျိုးစီးပွားနှင့် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ကို ပြောပုံရသော နိုင်ငံ၏ ပင်လယ်ရပ်ခြား အကျိုးစီးပွားများ ဘေးကင်းလုံခြုံရေးဆိုသည့် အရေးပါသော တာဝန်ကို ရေတပ်က ထမ်းရွက်ထားရမည်ဖြစ်သည်ဟု ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ရှီကျင့်ဖျင်က ဆိုသည်။ 

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုများ မြင့်တက်နေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး လိုအပ်လျှင် အင်အားသုံးကာ ပိုင်နက်အတွင်း ထည့်သွင်းမည်ဟု တရုတ်က စိတ်ပိုင်းထားသော ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး နွေးထွေးနေသည့် အချိန်၌ ရှီကျင့်ဖျင်က ပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

ထိုင်ဝမ်ကို ခေတ်မီလက်နက်များ တပ်ဆင်ပေးရေး သဘောတူညီချက် သုံးရပ်ကို အမေရိကန်ကွန်ဂရက်က သုံးသပ်နေသည်ဟူသော သတင်းများအပေါ် တုံ့ပြန်ပြီး တရုတ်က လက်တုံ့ပြန်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျို့လီကျင်းက အင်္ဂါနေ့တွင် ပြောသည်။ 

“ထိုင်ဝမ်ဆီ လက်နက်ရောင်းဖို့ စီစဉ်ထားတာကို အမေရိကန်အနေနဲ့ ချက်ချင်း ပယ်ဖျက်သင့်တယ်။ လက်နက်အရောင်းအဝယ် အားလုံးကို ရပ်ပြီး စစ်ရေးဆက်ဆံမှုကို ဖြတ်တောက်သင့်တယ်။”ဟု ၎င်းက ပြောသည်။ 

နေ့လယ်ပိုင်း၌ ရှန့်ထုံသို့ ရောက်ရှိခဲ့သော ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကြား ‘အမျိုးသားအားသစ်လောင်းရေး’ ပန်းတိုင်ကို ဆောင်ကြဉ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly