တောင်ကုတ်တွင် လက်နက်ကိုင်အဖွဲ့က NLD ကိုယ်စားလှယ် ၂ ဦးနှင့် ကိုယ်စားလှယ်လောင်း ၁ ဦးကို ဖမ်းဆီးသွား

တောင်ကုတ်တွင် လက်နက်ကိုင်အဖွဲ့က NLD ကိုယ်စားလှယ် ၂ ဦးနှင့် ကိုယ်စားလှယ်လောင်း ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ရွာတစ်ရွာသို့ဆင်းကာ ရွေးကောက်ပွဲအောင်နိုင်ရေးဆောင်ရွက်နေသည့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနှင့် ကိုယ်စားလှယ်လောင်းပါတီဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှနေ၍ အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ရကြောင်း NLD ပါတီဘက်က အတည်ပြုပြောသည်။

 အဖမ်းခံရသူများမှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မနီနီမေမြင့်၊ ရခိုင်ပြည်နယ် တောင်ကုတ်မဲဆန္ဒနယ် အမှတ်( ၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် (ယခင်စည်ပင်သာယာဝန်ကြီးဟောင်း) နှင့် ပြည်နယ် NLD အလုပ်မှုဆောင် မချစ်ချစ်ချော ရခိုင်ပြည်နယ်တို့ဖြစ်ကြပြီး သုံးဦးလုံးမှာ တောင်ကုတ်တွင် ဝင်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်းဖြစ်ကြသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းတွင် မဲဆွယ်စည်းရုံးရေးအတွက် ဗုဒ္ဓဟူးနေ့ အောက်တိုဘာလလ ၁၄ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထမင်းစားချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“  အောင်နိုင်ရေးသွားရင်းနဲ့ အဖမ်းခံရတယ်။ စခေါ်သွားတာပေါ့။ ဘယ်အဖွဲ့ဆိုတာတော့မသေချာဘူး” ဟု NLD  ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး  မုံရွာအောင်ရှင်ကပြောသည်။

ဒေါ်နီနီမေမြင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်ကုဒ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ ဒေါ်ချစ်ချစ်ချောသည် အမျိုးသားလွှတ်တော်နေရာနှင့် ဦးမင်းအောင်သည် ပြည်နယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်နေရာများမှ  ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်သည်။

အဖမ်းခံရသူများ၏ တယ်လီဖုန်းများကိုစက်ပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရနိုင်သေးသလို မည်သည့်တပ်ဖွဲ့က ဖမ်းဆီးသည်ကိုလည်း မသိရသေးကြောင်းပြောသည်။

NLD ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သော ဒေါက်တာမျိုးညွှန့်က  
  “ ရမ်းဗြဲဘက်ကို စက်လှေနဲ့ထွက်သွားနဲ့ ထွက်သွားတယ်လို့ သိရပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

တောင်ကုတ်မြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်နေရာအားလုံးအနိုင်ရရှိထားသည့် မြို့နယ်လည်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်လျက်ရှိသော ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်(AA) လှုပ်ရှားမှုများရှိနေပြီး တပ်မတော်ဘက်မှရော၊ ရခိုင့်တပ်(AA) ဘက်မှပါ အရပ်သားများ ဖမ်းဆီးမှုများ ရှိနေခဲ့သည်။

မုံရွာအောင်ရှင်က “ဘယ်တော်လှန်ရေးကိစ္စပဲဖြစ်ဖြစ် ဒါတော်လှန်ရေးနဲ့တော့မဆိုင်ဘူး။ အဲ့လိုလုပ်တာက ရည်မှန်းထားတဲ့ရည်မှန်းချက်ကိုလည်း အောင်မြင်စေမှာမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်” ဟု ပြောသည်။
 
ယခင်က AA အဖွဲ့က ပလက်ဝမြို့နယ် မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA မှ လနှင့်ချီ ဖမ်းဆီးထားခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly