ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါဂျီလင်သို့အလည်ပတ်လာရန် အိန္ဒိယဖိတ်ခေါ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါဂျီလင်သို့အလည်ပတ်လာရန် အိန္ဒိယဖိတ်ခေါ်

အောက်တိုဘာလ ၁၄၊ ၂၀၂၀ 

အိန္ဒိယက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နောက်ထပ် အိန္ဒိယ ခရီးစဉ်လျှင် အနောက်ဘင်္ဂေါရှိ ဒါဂျီလင်သို့လည်း အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ထားသည်။  

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာက အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ် အမ် နရာဗန်နီနှင့်အတူ အောက်တိုဘာလ ပထမပတ်က မြန်မာနိုင်ငံသို့ ခရီးစဉ်အတွင်း နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ စကားပြောစဉ် ယင်းသို့ သီးခြား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဟင်ဒူစတန်တိုင်းမ် သတင်းက ဖော်ပြသည်။   

ဤဖိတ်ခေါ်မှုသည် နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာက ဒါဂျီလင်ရှိ မီရစ်ခ် တောင်ကြားမှထွက်သော နာမည်ကျော် ဆီးယွတ်ခ်တံဆိပ် လက်ဖက်ခြောက်ထုတ်ကို ဗိုလ်ချုပ်မှူးကြီးထံ လက်ဆောင်ပေးရာမှ စတင်ခဲ့သည်။ မစ္စတာ ရှရင်ဂလာက သူ့ဇာတိမှာ ဒါဂျီလင် ဖြစ်သည်ဟု ပြောသောအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒါဂျီလင် လက်ဖက်ခြောက်ကို သူနှစ်သက်ကြောင်း၊ ကန်ချင်ဂျွန်ဂါ တောင်ပေါ်ရှိ နှင်းများဖုံးနေသော ဒါဂျီလင်ကို ရောက်ဖူးလိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယမှ ဧည့်သည်များက ဗိုလ်ချုပ်မှူးကြီး၏ နောက်ထပ် အိန္ဒိယ ခရီးစဉ်ရှိလျှင် ဒါဂျီလင်သို့ သွားရောက်လည်ပတ်ရန် ထည့်သွင်းပေးမည်ဟု ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။ 

အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က တမီလ်နာဒူး ပန်းပုပညာရှင်များ ထုလုပ်သည့် ဝိတက္ကမုဒြာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုလည်း ဗိုလ်ချုပ်မှူးကြီးကို လက်ဆောင်ပေးခဲ့သည်။ ဝိတက္ကမုဒြာဆိုသည်မှာ ပရိသတ်၏ အိန္ဒြေအနုအရင့်ကို ချင့်ချိန်၍  လျော်ညီသည့် စရိုက်အနေအထားတိုင်း ဟောပြောဟန် လက်ညှိုးနှင့် လက်မ အဝိုင်းပြုပုံ ထုလုပ်ထားသည့် ဆင်းတုတော်ကို ဆိုလိုသည်။ 

အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒါဂျီလင်ထွက် ဆုတံဆိပ်ရ နာမည်ကျော် လက်ဖက်ခြောက်ထုတ်ကို လက်ဆောင်ပေးခဲ့သည်။ အန္ဒိယတွင် နှစ်ပေါင်းများစွာ နေဖူးသော ဒေါ်အောင်ဆန်းစုကြသည် ဒါဂျီလင်နှင့် မစိမ်းပေ။  

လက်ဖက်ခြောက်နှင့် ဆက်စပ်သော စကားစမြည် ပြောဆိုမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်လုပ်မှု နှစ်သက်တမ်း ၉၀ ရှိ လော့ပ်ချူးတံဆိပ်ကို ပိုနှစ်သက်သည်ဟု ပြောဆိုခဲ့သည်။ လော့ပ်ချူး လက်ဖက်ခြောက်သည် ဒါဂျီလင်နှင့် တီးစတာကြား ဒေသမှ ထွက်ရှိပြီး အမြင့်ပေ ၄၈၀၀ တွင် စိုက်ပျိုးကြသည်။ လော့ပ်ချူး လက်ဖက်ခြောက်ကို အန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီလည်း ကြိုက်နှစ်သက်သည်။   

မြန်မာနိုင်ငံခရီးစဉ်အတွင်း အန္ဒိယကိုယ်စားလှယ်အဖွဲ့သည် ကိုဗစ်ရောဂါ အရေးပေါ်ကုသရေးတွင် သုံးနိုင်သည့် ရမ်ဒီဆီဗာ ဆေး ၃၀၀၀ ကိုလည်း ပေးအပ်ခဲ့သည်။ ဤခရီးစဉ်သည် မစ္စတာ ဟာ့ရှ် ရှရင်ဂလာ ယခုနှစ် ဇန်နဝါရီလက နိုင်ငံခြားရေးအတွင်းဝန် ဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။ 

ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က ထုတ်ပြန်ချက်တွင် အိန္ဒိယ ကြိုးပမ်းနေသည့် COVID-19 ရောဂါဆေး ပူးပေါင်း ထုတ်လုပ်နိုင်မည့်အလားအလာ၊ ၂၀၂၁ တွင် စစ်တွေဆိပ်ကမ်း စီမံကိန်း စတင်နိုင်ရေး၊ ရခိုင်ပြည်နယ်တွင် သက်မွေးဝမ်းကြောင်း ပညာသင်ကျောင်း ဖွင့်လှစ်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အမတ်များနှင့် လူငယ်များ အပြန်အလှန် စေလွှတ်ရေးတို့ ပါဝင်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required