အငြင်းပွားဖွယ် တတိယမြောက် သမ္မတ သက်တမ်းအတွက် ဂီနီသမ္မတ မဲဆွယ်စည်းရုံး 

အငြင်းပွားဖွယ် တတိယမြောက် သမ္မတ သက်တမ်းအတွက် ဂီနီသမ္မတ မဲဆွယ်စည်းရုံး 

အောက်တိုဘာ ၁၄ ၊ ၂၀၂၀

ဂီနီသမ္မတ အယ်လ်ဖာကောင့်ဒေးဟာ တတိယမြောက် သက်တမ်း အနိုင်ရမယ် မျှော်လင့်ချက်နဲ့ သမ္မတရွေးကောက်ပွဲမတိုင်မီ လူထုစုရုံးပွဲ ပြုလုပ်ပါတယ်။  

အသက် ၈၂ အရွယ် သမ္မတ ကောင့်ဒေးအနေနဲ့ အောက်တိုဘာ ၁၈ ရက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အငြင်းပွားမှုတွေကြားမှာ ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ 

ခုလို တတိယသက်တမ်းဝင်ပြိုင်လာတာလည်း ဖွဲ့စည်းပုံဥပဒေသစ်ကို ပြဋ္ဌာန်းပြီးမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။ ခုလို ဖွဲ့စည်းပုံသစ်ကို ပြဋ္ဌာန်းတာဟာ အနောက်အာဖရိက ဂီနီနိုင်ငံမှာ သမ္မတသက်တမ်း နှစ်ကြိမ်ကန့်သတ်ချက်ကို ဖယ်ရှားချင်လို့ ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ 

ကောင့်ဒေးရဲ့ တတိယသက်တမ်း ဝင်ပြိုင်မှာကို ဆန့်ကျင်ကြရာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလယ်ကစပြီး လမ်းတွေပေါ်မှာ ပြည်သူထောင်ပေါင်းများစွာဟာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 

“သူတို့တွေက ခင်ဗျားတို့ကို ပြောလိမ့်မယ်။ ကျွန်တော် မကျန်းမာတော့ဘူး။ ကျွန်တော် လဲနေပြီ၊ မထနိုင်တော့ဘူး။ ကျွန်တော် မဟန်ဘူး၊ မဟန်တော့ဘူးလို့ ပြောကြလိမ့်မယ်။”ဟု ကောင့်ဒေးက ပြောပါတယ်။ 

“ကျွန်တော်ရဲ့ တက်ကြွလှုပ်ရှားသူတွေကို ကျွန်တော် ပြေချင်တယ်။ ကျွန်တော် ဆူပူအကြမ်းဖက်မှုတွေကို မလိုလားဘူး၊ ခင်ဗျားတို့က ကျောက်တုံးတွေနဲ့ ပစ်ပေါက်တာ၊ ရဲတွေကို တိုက်ခိုက်တာ၊ လမ်းတွေကို ပိတ်ဆို့တာတွေ ကျွန်တော် မလုပ်စေချင်ဘူး။”လို့လည်း သူက ပြောပါတယ်။ 

“ကျွန်တော်တို့ရဲ့ လွ်လပ်ရေးနဲ့ အချုပ်အခြာအတွက် ကျွန်တော်တို့ ဂုဏ်ယူကြတယ်။ ဂီနီပြည်သူတွေ လိုချင်တာကို ကျွန်တော် လုပ်ပေးတယ်။”လို့ သူက ဆိုပါတယ်။ 

လူထုစုရုံးပွဲမှာ ရောက်ရှိနေတဲ့ ထောက်ခံသူ အမျိုးသား ကန်ဒါမာရာကလည်း “ဒီကို ရောက်နေတာဟာ အယ်လ်ဖာကောင့်ဒေးက ဒီ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို လိုလားသူတွေ အားလုံးရဲ့ အထက်မှာ ရှိတယ်ဆိုတာကို ယုံကြည်တာ သက်သေပြတာပဲ။ နိုင်ငံတိုးတက်အောင်၊ လူငယ်တွေနဲ့ သင့်မြတ်အောင် ကြိုးစားသူတွေထဲ သူက ရှေ့ဆုံးကပဲ။”လို့ ပြောပါတယ်။ 

နိုင်ငံရဲ့ ဦးဆောင်အတိုက်အခံ ကိုယ်စားလှယ်လောင်း ဒီယာလိုကတော့ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ကောင့်ဒေးအနေနဲ့ ဂုဏ်သိက္ခာနဲ့အညီ အငြိမ်းစားယူသင့်တယ်လို့ ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်က ပြောထားပါတယ်။ 

“သူ့အသက်အရ သူဟာ ကိုယ်ပိုင်းဆိုင်ရာရော၊ အသိဉာဏ်စွမ်းဆောင်ရည်မှာပါ သမ္မတတစ်ဦး ထမ်းပိုးရမယ့် တာဝန်ကို နိုင်တော့မှာ မဟုတ်ဘူး။”လို့ ပြင်သစ်သတင်းဌာနနဲ့ အင်တာဗျူးရာမှာ ဒီယာလိုက ပြောပါတယ်။ 
“ဒီတော့ သူ့အနေနဲ့ ဂုဏ်သိက္ခာရှိစွာပဲ အငြိမ်းစားယူဖို့ကို သဘောတူသင့်တယ်လို့ ကျွန်တော် ထင်တယ်။”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly