မဟာဗျူဟာကျွန်းများ တရုတ်လက်အောက်ရောက်မည်ကို ပါကစ္စတန်နိုင်ငံရေးသမားများကြား စိုးရိမ်နေ 

By Nikkei Asia
14 October 2020
မဟာဗျူဟာကျွန်းများ တရုတ်လက်အောက်ရောက်မည်ကို ပါကစ္စတန်နိုင်ငံရေးသမားများကြား စိုးရိမ်နေ 
Prime Minister Imran Khan's government is being criticized by opposition parties for taking direct control of two islands that could be of strategic value to China in the Arabian Sea.    © Nikkei montage/Source photo by Reuters

အောက်တိုဘာ ၁၄ 

ပါကစ္စတန်နိုင်ငံတွင် ဆင်းဒ်ပြည်နယ် ဒေသန္တရအစိုးရ လက်အောက်က ကျွန်းနှစ်ကျွန်းကို တိုက်ရိုက်ထိန်းချုပ်မည်ဟု ဗဟိုအစိုးရက ပြောဆိုလိုက်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်၌ ပွတ်လောရိုက်သွားစေသည်။ 

ကရာချိမြို့ တောင်ဖက်တွင်ရှိသော ဘန်ဒယ်နှင့် ဘူဒိုကျွန်းများတွင် မြေယာဖော်ယူကာ မြို့ပြတည်ဆောက်မည့် စီမံကိန်း လွယ်ကူချောမွေ့ရေးအတွက် ပါကစ္စတန်ကျွန်းများ ဖွံ့ဖြိုးရေးအာဏာပိုင်မှု PIDA အမိန့်ဥပဒေကို သမ္မတ အာရစ်အယ်လ်ဗီက ပြီးခဲ့သည့်လတွင် လက်မှတ်ထိုးခဲ့သည်။ ကျွန်းနှစ်ကျွန်းစလုံးမှာ အလျားလိုက် ရှစ်ကီလိုမီတာခန့် ကျယ်ပြီး ဆင်းဒ်ကမ်းရိုးတန်းတစ်လျှောက် အကြီးဆုံးလည်း ဖြစ်သည်။ 

PIDA သည် ယင်း ကျွန်းများကို စီးပွားရေးဇုန်များအဖြစ် တည်ဆောက်ရန် ပြဋ္ဌာန်းချမှတ်ထားခြင်း ဖြစ်သည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။ ဘန်ဒယ်ကျွန်းသည် ဒူဘိုင်းနှင့်ပင် ယှဉ်နိုင်ပြီး ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကို ဆွဲဆောင်နိုင်ရာ ယင်း ပမာဏသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခါးပတ်နှင့် လမ်းပိုင်းစီမံကိန်း BRI ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ CPEC အတွက် လျာထားနှုန်းထားနှင့် ညီမျှကြောင်း ဆင်းဒ်ပြည်နယ်အုပ်ချုပ်ရေးမှူး အမ်မရန်အစ္စမေးလ်က ပြောသည်။ 

အဆိုပါ PIDA အမိန့်ကို ဆင်းဒ်ပြည်နယ်နှင့် ဘာလိုချီစတန်ပြည်နယ်များတွင် နိုင်ငံရေးဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် အောက်တိုဘာအစောပိုင်းတွင် ပြည်သူများက အာရုံစိုက်လာကြခြင်း ဖြစ်သည်။ 

ထို အမိန့်က တရားမဲ့ ကျူးကျော်သိမ်းပိုက်ခြင်းတစ်ရပ်ပဲ ဖြစ်သည်ဟု ဆင်းဒ်ပြည်နယ် အာဏာရ ပါကစ္စတန်ပြည်သူ့ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဘတ်တိုဇာဒါရီက ပြောသည်။ ဂျမ်မူးနှင့် ကက်ရှ်မီးယား၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ပိုင်းရ အခြေအနေကို ပြီးခဲ့သည့်နှစ်က အိန္ဒိယက ရုပ်သိမ်းလိုက်ခြင်းကို ၎င်းက ယှဉ်ထိုးပြောဆိုရင်း တွစ်တာတွင် ရေးသားသည်။ “အခု ဥပဒေဟာ သိမ်းပိုက်ခံကက်ရှ်မီးယားမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ လုပ်ရပ်နဲ့ ဘာများကွာသလဲလို့ ကျွန်တော် မေးမယ်။ အခု လုပ်ရပ်ကို အမျိုးသား၊ ပြည်နယ်နှင့် လွှတ်တော်တို့က ကန့်ကွက်သွားမှာ ဖြစ်တယ်။”ဟု ၎င်းက ရေးသည်။ 

ဆင်းဒ်တိုင်းရင်းသား အမျိုးသားရေး နိုင်ငံရေးသမားများကလည်း နောက်ထပ် CPEC အစိတ်အပိုင်းအဖြစ် ထိုကျွန်းများ တရုတ်လက်အောက် ကျရောက်သွားနိုင်သည်ဟု ယူဆကာ PIDA အမိန့်ဥပဒေအပေါ် ကန့်ကွက်ကြလျက် ပြင်းပြင်းထန်ထန် တုံ့ပြန်ကြသည်။ 

“တရုတ်ကွန်မြူနစ်ပါတီဆီ ကျွန်တော်တို့ရဲ့ ကျွန်းတွေကို ထိုးရောင်းတာ ကျွန်တော်တို့ ခင်ဗျားတို့ကို ခွင့်ပြုမှာ မဟုတ်ဘူး။”ဟု ဆင်းဒ်ပြည်နယ် လွတ်လပ်ရေးကို အားပေးသော Jeay Sindh Thinkers Forum အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဇာဖာဆာဟီတိုက တွစ်တာတွင် ရေးသည်။ 

ထိုသို့သော ထင်မြင်သဘောထားများအတွက် အစိုးရက အနည်းငယ်သာ သည်းခံခွင့်ပြုခဲ့သည်။ မေလအတွင်း အစိုးရသည် Jeay Sindh Thinkers Forum အဖွဲ့ကဲ့သို့ပင် အလားတူ သဘောထားရှိသော Jeay Sindh Qaumi Mahaz-Arisar ပါတီကို တားမြစ်ပိတ်ပင်ခဲ့သည်။ ယင်း ပါတီ၏ CPEC စီမံကိန်းကို အပြင်းအထန် ကန့်ကွက်ခြင်းသည် တားမြစ်ခံရခြင်း၏ အကြောင်းတစ်ချက်ဖြစ်သည်ဟု တော်တော်များများက ယူဆသည်။ 

တစ်ချိန်တည်းတွင် ပါကစ္စတန်တွင် အကြီးဆုံး ငါးဖမ်းသမားသမဂ္ဂဖြစ်သော Pakistan Fisherfolk Forum(PFF) က ပင်လယ်ကျွန်းများ ကယ်တင်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပြီး အစိုးရ၏ ထိုအမိန့်ကို ဆန္ဒပြရန် အောက်တိုဘာ ၁၅ ရက်၌ ဘန်ဒယ်ကမ်းလွန်တွင် ရေယာဉ်များ စုရုံးမှုကို လုပ်ဆောင်ရန် စီစဉ်ထားသည်။ PFF သမဂ္ဂသည် ပြီးခဲ့သည်လက တရုတ် ရေနက်ငါးဖမ်းရေယာဉ်များ ရောက်ရှိလာခြင်းကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကသည်။ အစိုးရက ၎င်း၏ ကျွန်းများဖွံ့ဖြိုးရေး စီမံကိန်းကို လက်မလျှော့ခဲ့လျှင် ငါးဖမ်းအလုပ်အကိုင်ပေါင်း ရှစ်သိန်း ဆုံးရှုံးမှုအန္တရာယ် ကျရောက်လိမ့်မည်ဟုလည်း ပြောကြသည်။ 

ဆင်းဒ်နှင့် ဘာလိုချီစတန်က ဒေသနိုင်ငံရေးနယ်ပယ်ကို ဗဟိုအစိုးရက ခြယ်လှယ်လာခြင်းပဲ ဖြစ်သည်ဟု ဘာလိုချီစတန် အခြေစိုက် အတိုက်အခံ အမျိုးသားရေးပါတီမှ ပြောခွင့်ရသူ လွှတ်တော်အမတ် မူဟမ်မတ်ရှာဟီက ပြောသည်။ “ဒီ အမိန့်ဥပဒေကို တစ်နိုင်ငံလုံးအနှံ့ ကန့်ကွက်ဆန္ဒပြပွဲတွေ အမျိုးသားရေးပါတီက စတင်သွားမှာဖြစ်တယ်။”ဟု ၎င်းက Nikkei Asia သို့ ပြောသည်။ 

PIDA အမိန့်ဥပဒေသည် ပါကစ္စတန်၌ တရုတ်၏ ချဲ့ထွင်နေသော စီးပွားရေး ရည်မှန်းချက်များကို အကူအညီဖြစ်စေသည်။ ပြီးခဲ့သည့်လအတွင်းက တရုတ်သည် ပါကစ္စတန်ဆိုင်ရာ ၎င်း၏ သံအမတ်ကြီးအဖြစ် စီးပွားရေးနှင့် ကုန်သွယ်ရေးတို့၌ နားလည်တတ်ကျွမ်းသော နန်ရန်းကို ခန့်အပ်ခဲ့ရာ ကုန်သွယ်စီးပွားနှင့် BRI စီမံကိန်းများ တိုး၍ ဖော်ဆောင်ရန်အတွက်ဖြစ်သည်ဟု သုတေသီများက ယူဆကြသည်။ 

ကရာချိအနီးက ကျွန်းနှစ်ကျွန်းကို ဗဟိုထိန်းချုပ်မှုအောက် ရုတ်ခြည်းထည့်သွင်းလာခြင်းသည် တစ်စုံတစ်ရာ ပုန်းလျှိုးကွယ်လျှိုး ကိစ္စရပ် ရှိနေသည်ကို ပြသနေကြောင်း ဝါရှင်တန်ရှိ Near East South Asia Center for Strategic Studies မှ အလည်အပတ်ရောက်ရှိသည့် ပညာရှင် မိုဟန်မာလစ်က ပြောသည်။ အဆိုပါ အမိန့်ဥပဒေက ဆိုထားသည့် ရည်မှန်းချက်မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေးနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းတို့ ကျွန်းများတွင် ဖွံ့ဖြိုးရေးဟု ဆိုသော်လည်း တရုတ်၏ BRI စီမံကိန်းအတွက် ပို၍ လမ်းကြောင်းဖြောင့်ဖြူးစေရန် ဖြစ်ပုံရသည်ဟု ၎င်းက ပြောသည်။ 

ယူအေအီးရှိ အမျိုးသားကာကွယ်ရေးကောလိပ်မှ မဟာဗျူဟာသုတေသန ပါမောက္ခလည်း ဖြစ်သည့် မာလစ်က ထို ကျွန်းများ တရုတ်လက်အောက် ရောက်ရှိလိမ့်မည်ဟူသော ထင်မြင်ချက်သာ အမှန်အတိုင်း ဖြစ်လာမည်ဆိုလျှင် ဟောမုဇ်ရေလက်ကြား၏ နှုတ်ခမ်းဝနှင့် အာရေဗျပင်လယ်တို့တွင် တရုတ်၏ ကြီးထွားလာသော မဟာဗျူဟာတည်ရှိနေမှုအတွက် ဒေသတွင်း စိုးရိမ်ပူပန်မှုများ မြင့်မားလာလိမ့်ဖြစ်သည်ဟု ပြောသည်။ 

PIDA သည် ဆင်းဒ်နှင့် ဘာလိုချီစတန်က ကမ်းရိုးတန်းများကို ဗဟိုအစိုးရ အုပ်ချုပ်မှုအောက် ထားရှိမည့် အစီအစဉ်ကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု လွှတ်တော်အမတ် ရှာဟီက ပြောသည်။ “ဂွါဒါဆိပ်ကမ်းနဲ့ CPEC ရဲ့ အခြားအစိတ်အပိုင်းတွေက ကမ်းရိုးတန်းစက်ဝန်းမှာ ရှိနေတယ်။ ဗဟိုအစိုးရက ဒါတွေကို လက်အောက်ထိန်းချုပ်တာက ပြည်နယ်အစိုးရတွေကို CPEC ကနေ လုံးလုံး ဘေးထုတ်ပစ်လိုက်တာပဲ။”ဟု ၎င်းက Nikkei Asia သို့ ပြောခဲ့သည်။ 

အမှန်အားဖြင့် ထိုကျွန်းများသည် ဖွံ့ဖြိုးရေးအတွက် အလားအလာ ရှိမနေသည့် ကျွန်းများဖြစ်သည်ဟု အချို့သော ပညာရှင်များက အခိုင်အမာဆိုသည်။ လမုတောများ ပျောက်ကွယ်ခြင်းနှင့် လူဦးရေများလာခြင်းတို့က ဆိုးဝါးသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးမှု အကန့်အသတ်များကိုပါ ဖြစ်စေနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူ ဒါရန်နီက ဌာနေသတင်းများသို့ ပြောသည်။ 

ဖွံ့ဖြိုးမှု ဖြစ်နိုင်ခြေအပေါ် သံသယရှိခြင်းများက ဆင်းဒ်နှင့် ဘာလိုချီစတန်ရှိ အခြားသော CPEC အခြေခံအဆောက်အအုံစီမံကိန်းများကို အရှိန်လျော့ကျသွားစေလိမ့်မည်ဟု မာလစ်က ပြောသည်။ ကျွန်းများအတွက် စီမံကိန်းများသည် ကပ်ဘေးကြောင့် စီးပွားရေး တုံ့ဆိုင်းခြင်းနှင့် သယံဇာတများ ဆုံးရှုံးနေရချိန်တွင် မထော်မနှမ်းနိုင်လွန်းသည်ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly