လှိုင်သာယာနှင့် ရွှေလင်ပန်းစက်မှုဇုန်များတွင် CMP စက်ရုံ၊အလုပ်ရုံ ၂၅၀ ကျော် ပြန်ဖွင့်

လှိုင်သာယာနှင့် ရွှေလင်ပန်းစက်မှုဇုန်များတွင် CMP စက်ရုံ၊အလုပ်ရုံ ၂၅၀ ကျော် ပြန်ဖွင့်

အောက်တိုဘာ ၁၃

လှိုင်သာယာနှင့် ရွှေလင်ပန်း စက်မှုဇုန်များရှိ ကုန်ကြမ်းယူ ကုန်ကြမ်းပေးဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံ ၂၅၀ ကျော် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း အဆိုပါ စက်မှုဇုန်ကော်မတီများမှ တာဝန်ရှိသူများက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ဆောင်မှု A နှင့် B အဆင့်သတ်မှတ်ချက်အောင်မြင်သော ရွှေလင်ပန်းစက်မှုဇုန်ရှိ စက်ရုံ ၁၀၀ ကျော်နှင့် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံ ၁၅၀ ကျော် အောက်တိုဘာ ၁၂ ရက်နေ့ကစ၍ ပြန်ဖွင့်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

“များသောအားဖြင့် လူ ၁၅၀၀ လောက်ရှိတဲ့စက်ရုံက လူ ၄၀၀၊ ၅၀၀ လောက်နဲ့ပဲ အဆင်ပြေသလိုလေး လည်ပတ်နေရတဲ့ သဘောရှိပါတယ်။” လို့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်ညွှန်ကြားချက် A အဆင့်သတ်မှတ်ချက် စက်ရုံများတွင် စက်ရုံအဝင်ဝ၌ လက်ဆေးစင်များ ထားရှိရန်၊ ဖယ်ရီကားပေါ်တွင် Face Shield တပ်ဆင်ရန်၊ နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ထမင်းစားချိန်တွင် လူစုလူဝေးမဖြစ်ရန်၊ စက်ရုံအတွင်းဆေးဖြန်းခြင်း၊ ဗီနိုင်းကပ်ထားခြင်း စသဖြင့် ကိုဗစ်လမ်းညွှန်ချက် အများအပြားပါဝင်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦးက ရှင်းပြသည်။

A အဆင့်ပါသတ်မှတ်ချက်များအတိုင်း အနည်းငယ်လိုအပ်ချက်ရှိသည့် စက်ရုံများကို B အဆင့်သတ်မှတ်၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့သော်လည်း A အဆင့်သတ်မှတ်ချက်ရရှိရန် ပြင်ဆင်မှုပြုလုပ်ရမည် ဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်မှ တာဝန်ရှိသူက ပြောသည်။

ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံ ၄၀၀ ရှိရာ ကျန်စက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်သည်ဟု

 ရွှေလင်ပန်းစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင် စက်ရုံအလုပ်ရုံပေါင်း ၇၀၀ ကျော်ရှိရာ ပြန်ဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့် စက်ရုံပေါင်း ငါးရာကျော်လောက် ကျန်ရှိနေကြောင်း လှိုင်သာယာစက်မှုဇုန်ကော်မတီအမှုဆောင်အရာရှိ ဦးအောင်ကျော်ဦးက ပြောသည်။

ယခုပြန်လည်ဖွင့်လှစ်နေသည့် စက်ရုံများအား (A) အဆင့် သတ်မှတ်ချက် ရှိမရှိ လာရောက်စစ်ဆေးခြင်း မရှိဘဲ  ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်ရှိ ကိုဗစ် ၁၉ ဒုတိယလှိုင်းအတွက် A၊ B၊ C အဆင့် သတ်မှတ်ချက်များကို တိကျစွာ ထုတ်ပြန်ပေးရန် အရေးကြီးကြောင်းလည်း မြန်မာနိုင်ငံအထည်ချုပ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ောက်တိုင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ထား သည်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ် ၄၄ ခုကို အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်ကာ ‌နေအိမ်တွင်နေထိုင်ရေးအစီအစဉ် Stay at Home အမိန့်ထုတ်ပြန်ထားပြီး အထည်ချုပ်လုပ်ငန်းများအပါအဝင် လက်ခစားလုပ်ငန်းစနစ်ဖြင့် လုပ်ကိုင်သည့် CMP စက်ရုံ၊ အလုပ်ရုံများကို ပိတ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

ကုန်ကြမ်းယူ ကုန်ကြမ်းပေးဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံ များအနေဖြင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စည်းကမ်းသတ်မှတ်ချက် A အဆင့် ရရှိရန် ပြင်ဆင်ဆောင်ရွက်ထားပါက အောက်တိုဘာလ ၁၂ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၁ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ပေါင်း ၂၉ ခု ရှိပြီး အထည်ချုပ်အလုပ်သမားစုစုပေါင်း ငါး သိန်းကျော် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ် ၁၉ အတည်ပြုလူနာတွေ့ရှိမှု များပြားလာသဖြင့် ကိုဗစ်ပထမလှိုင်းတွင် A အဆင့်ရရှိထားသည့် စက်ရုံများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် စစ်ဆေးပြီးမှသာ  ဖွင့်လှစ်ခွင့်ပြု သင့်ကြောင်း မြန်မာနိုင်ငံအထည်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းဇော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly