Maersk ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းများကို အသုံးပြုမှု ရပ်ဆိုင်းတော့မည်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော 

Maersk ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းများကို အသုံးပြုမှု ရပ်ဆိုင်းတော့မည်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော 

အောက်တိုဘာ ၁၃

ကမ္ဘာလုံးဆိုင်ရာ သင်္ဘောကုန်စည်ပို့ဆောင်မှု လုပ်ငန်းကြီးဖြစ်သည့် Maersk ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ စစ်တပ်ပိုင် ဆိပ်ကမ်းများကို အသုံးပြုမှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက အောက်တိုဘာ ၈ ရက်တွင် ပြောခဲ့သည်။ 

ယင်းမတိုင်မီက အဆိုပါ အဖွဲ့သည် လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်ပတ်သက်မှုရှိသော နိုင်ငံတကာကုမ္ပဏီများကို ဆန့်ကျင်သည့် ကမ်ပိန်းတစ်ခုကိုလည်း ဦးဆောင်လုပ်ဆောင်ထားခဲ့သည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ စစ်တပ်သည် ပျံ့နှံ့နေသော လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများ ရှိသည်ဆိုသည့် စွပ်စွဲချက်များနှင့် ဆယ်စုနှစ်များနှင့်ချီ ရင်ဆိုင်ထားခဲ့ရသည်။ 

သို့သော် ၂၀၁၇ ခုနှစ်က နိုင်ငံ၏ ရိုဟင်ဂျာ (မူရင်း) မွတ်ဆလင် လူနည်းစုအပေါ် ကြမ်းတမ်းသည့် ဖြိုခွင်းမှုက အထူးသဖြင့် ကမ္ဘာကို တုန်လှုပ်စေခဲ့ကာ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံး၌ လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ဖြင့် တရားစွဲမှုအထိ ဦးတည်စေခဲ့သည်။ 

လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK သည် ယင်း၏ “Dirty List” ပေါ်ရှိ နိုင်ငံတကာကုမ္ပဏီ အများအပြားကို စစ်တပ်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် ဖိအားပေးလျက် ရှိသည်။ 

ကမ္ဘာ့ အကြီးဆုံး သင်္ဘောကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ A.P. Moller-Maersk သည် အောက်တိုဘာလကုန်မှစ၍ “စစ်တပ်ပိုင် ဆိပ်ကမ်းများ အသုံးပြုမှု ရပ်ဆိုင်း” ရန် သဘောတူညီခဲ့ကြောင်း ယင်းက အောက်တိုဘာ ၈ ရက်တွင် ကြေညာခဲ့သည်။ 

Maersk သည် မဟာဗျူဟာ ပြောင်းလဲမှု၏ အသေးစိတ်အချက်အလက်များကို အေအက်ဖ်ပီကို ပေးခဲ့ခြင်း မရှိသော်လည်း ယင်းသည် ယထာဘူတကျကျ ခွဲခြမ်းလေ့လာသုံးသပ်ခြင်း (due diligence) ကို အရှိန်မြင့်စွာ ကျင့်သုံ းလုပ်ဆောင်ခြင်းဖြင့် မြန်မာရှိ လုပ်ငန်းလည်ပတ်မှုများကို ထိန်းသိမ်းလုပ်ကိုင်ရန် ကုလသမဂ္ဂ၏ မကြာသေးမီက အကြံပြုချက်များနှင့်ပတ်သက်၍ သိရှိထားသည်ဟု ပြောသည်။ 

ဒိန်းမတ်ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် အတော်ပင် သိသာထင်ရှားကြောင်းနှင့် ယင်းက အခြားသော သင်္ဘောကုန်စည်ပို့ လုပ်ငန်းများကိုလည်း အလားတူအတိုင်း လိုက်လုပ်ရန် ဖိအားပိုပေးနိုင်မည်ဖြစ်ကြောင်း ကမ်ပိန်းအဖွဲ့၏ ညွန်ကြားရေးမှူး မာ့ခ် ဖာမန်နာက ပြောသည်။ 

“ဗမာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာကုမ္ပဏီတွေ ငွေကြေးထောက်ပံ့နေတာတွေ ရပ်ဆိုင်းရေး စည်းရုံးလှုံ့ဆော်မှုတွေက  အရှိန်ရလာနေပြီး ဆက်လက် တိုးတက်နေပါတယ်” ဟု ၎င်းက မြန်မာ၏ ယခင်အမည်ကို သုံးပြီး ပြောသည်။ 

စစ်တပ်သည် နိုင်ငံတကာဥပဒေကို အတော်ပင် ဆိုးဝါးစွာဖြင့် ချိုးဖောက်ထားခဲ့သည့်အတွက် တပ်မတော် (စစ်တပ်) ၊ ယင်း၏ လက်ရှိ ခေါင်းဆောင်ပိုင်း နှင့် ယင်း၏ စီးပွားရေးလုပ်ငန်းများနှင့် မည်သည့် ပုံစံနှင့်မဆို မည်သည့် ချိတ်ဆက်ပတ်သက်မှုတိုင်းသည် တရားမျှတသည် မဆိုနိုင်ကြောင်း ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ၎င်းတို့၏ ၂၀၁၈ အစီရင်ခံစာတွင် ကောက်ချက်ချထားသည်။ 

မြန်မာဘက်ကမူ ယင်း၏ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများသည် မှန်ကန် တရားမျှတကြောင်း၊ ဒါဇင်နှင့်ချီသော ယင်း၏လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများအတွင်း သေဆုံးခဲ့ပြီးနောက် ရိုဟင်ဂျာ စစ်သွေးကြွများကို အမြစ်ဖြတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။ 

ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့်သည် နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ကမ့်စခန်းများကို ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့နှင့်အတူ ပျံ့နှံ့နေသော လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ မီးရှို့မှုနှင့်ပတ်သက်သော တစ်သမတ်တည်းသော ဖြစ်ပျက်ပုံများလည်း ပါသွားခဲ့သည်။ 

နိုင်ငံတကာ စီးပွားရေးလုပ်ငန်း အချို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တိုက်ရိုက်တာဝန်ရှိသော စစ်တပ် လုပ်ငန်းများကို ကူညီငွေကြေးထောက်ပံ့ပေးနေသည်ဆိုပြီး ပြီးခဲ့သည့်လကလည်း Amnesty International ၏ သီးခြား စုံစမ်းစစ်ဆေးမှုတစ်ရပ်တွင် စွပ်စွဲထားသည်။ 

မြန်မာစစ်တပ် ကော်ပိုရေးရှင်းကြီး၏ စီးပွားရေးပါတနာတစ်ခုဖြစ်သော ဂျပန် ဘီယာလုပ်ငန်းကုမ္ပဏီကြီး Kirin ကလည်း ယင်းအနေဖြင့် နိုင်ငံတွင် ရှိသော ယင်း၏ လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နေကြောင်း ဇွန်လက ကြေညာခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly