လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ်လောင်းကို ကော်မရှင်က အမည်စာရင်းပယ်ဖျက်

လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ်လောင်းကို ကော်မရှင်က အမည်စာရင်းပယ်ဖျက်

အောက်တိုဘာ ၁၃ရက်

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) မဲဆန္ဒနယ်မှ  ဝင်ရောက်ယှဉ်ပြိုင်မည့် လူ့ဘောင်သစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးလှဝင်းကို အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအမည် စာရင်းမှ ပယ်ဖျက်လိုက်သည်။

 အစ္စလာမ်ဘာသာဝင် ဦးလှဝင်းကို မွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားမဖြစ်သေးဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

သို့သော်  မိဘနှစ်ပါးလုံးသည် သုံးခေါက်ချိုးကတ် အမျိုးသားမှတ်ပုံတင်ကဒ်ပြား (အမတ)ကိုင်ဆောင်ထားခဲ့သူများဖြစ်ကြသည်ဟု ဦးလှဝင်းက ပြောသည်။

“ ကျွန်တော်မွေးဖွားတဲ့အချိန်မှာ ကျွန်တော့်အဖေက နိုင်ငံသားမဟုတ်ဘူးဆိုပြီး စွပ်စွဲတယ်။ စွပ်စွဲမှုက ဘာ လည်းဆိုတော့ အဲအချိန်က ကိုင်ထားတဲ့ အမတ(အမျိုးသားမှတ်ပုံတင်) နံပါတ်ကိုရွတ်ပြတယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်တစ် ပြည်လုံးမှာရှိတဲ့ နိုင်ငံသူ၊နိုင်ငံသား တိုင်းရင်းသားအားလုံးက အမတပဲရထားတာ။ ကျွန်တော်တို့ အဖေတစ် ယောက်တည်းမဟုတ်ဘူး။" ဟု ဦးလှဝင်းက မဇ္ဈိမသို့ ပြောသည်။

"  ကျွန်တော့ အဖေနိုင်ငံသားမဖြစ်ဘူးဆိုတာက ကျွန်တော်အနေန့နဲ့ ထူးဆန်း သလိုဖြစ်နေတယ်။ နိုင်ငံသားကဒ်လည်း လျှောက်ထားပြီးတော့ ရထားပြီးပြီ။ အရင်ကိုင်ထားတဲ့  အမတနံပါတ် လည်း အခုနိုင်ငံသားကဒ်ထဲမှာလည်း ထည့်ဖော်ပြထားတယ်။ လဝကက နိုင်ငံသား အရည်အချင်း နဲ့ ပြည့်မီတဲ့ အတွက် နိုင်ငံသားကဒ်ပြားထုတ်ပေးထားတာ။ ဘယ်လို ဥပဒေမျိုး ပြဌာန်းပြီး ဘယ်လို လုပ်တယ်ဆိုတာမသိ တော့ဘူး။ပါတီနဲ့ ပူးပေါင်းပြီးတော့ ကန့်ကွက်မှာပဲလေ။ ကျွန်တော့အနေနဲ့ မတရားဘူးလို့မြင်တယ်။ ” သူက ဆက်ပြောသည်။

ယခုလို ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခဲ့သည့်အပေါ် လူ့ဘောင်သစ်ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင်  ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်သို့ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဦးလှဝင်းက ပြောသည်။

ဦးလှဝင်းသည် အသက် ၁၀ နှစ်အရွယ်မှ စတင်ကာ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)ကို ရရှိခဲ့ပြီး ဦးလှဝင်း၏ ဖခင်ဖြစ်သူမှာ ၂၀၁၉ ခုနှစ် ၊မတ်၊ ၁၄ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား( နိုင် မှတ်ပုံတင်)ကို ရရှိခဲ့သည်။

လက်ရှိတွင် အယူခံဝင်သည့်ကာလကုန်လွန်ခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချသည့်အပေါ်တွင်သာ မူတည်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုပြင် ခုံရုံးဖွဲ့ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း တရားဝင်အကြောင်းစာကို ကော်မရှင်မှ လူ့ဘောင်သစ်ပါတီထံသို့ ပေးပို့ထားခြင်းမရှိသေးကြောင်းလည်း သိရသည်။

အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ကမူ ကိုယ်စားလှယ်လောင်း ဦးလှဝင်းကို ရွေးကောက်ပွဲနည်း ပုဒ်မ ၁၀ ( င ) နဲ့ ငြိစွန်းနေခြင်းကြောင့် ပယ်ဖျက်ခဲ့ကြောင်းနှင့် ခရိုင်ကော်မရှင်အနေဖြင့် ခုံအဖွဲ့ ဖွဲ့စည်းပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း  ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က မဇ္ဈိမသို့ ပြောသည်။

 "  ၁၀/ င ဆိုတာက လွှတ်တော်ကိုယ်စားလှယ် လောင်းက မွေးဖွားစဉ်မှာ မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ဥပဒေပြဌာန်းပါရှိပါတယ်။ သူ့မိဘက မွေးဖွားစဉ်မှာ နိုင်ငံသားမဖြစ်သေးတဲ့အတွက် အဲဒီဥပဒေနဲ့ညှိတဲ့အတွက် ပယ်ချခဲ့တာပါ” ဟု  ဦးမင်းကိုအောင်ကပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required