မြန်မာနိုင်ငံအတွက် ကိုဗစ်ကုသထိုးဆေး Remdesivir ဆေး အလုံးရေ ၁၀၀၀၀ ထပ်မံဝယ်ယူမည် 

မြန်မာနိုင်ငံအတွက် ကိုဗစ်ကုသထိုးဆေး Remdesivir ဆေး အလုံးရေ ၁၀၀၀၀ ထပ်မံဝယ်ယူမည် 
Photo - AFP

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက်

မြန်မာနိုင်ငံအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကုသထိုးဆေး Remdesivir အလုံးရေ တစ်သောင်း ထပ်မံဝယ်ယူမည်ဖြစ်ပြီး အဆိုပါဆေးများရောက်ရှိလာပါက ဆေးအလုံးရေ သုံးသောင်း ဝန်းကျင်ရှိလာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက မဇ္ဈိမကို ပြောသည်။

မူလက အိန္ဒိယမှ မှာယူထားသည့် ဆေးအလုံးရေ တစ်သောင်းခွဲအနက် အလုံးရေ ရှစ်ထောင်ဝန်းကျင် ရောက်ရှိနေပြီဖြစ်သောကြောင့် လက်ရှိတွင် လှူဒါန်းမှုနှင့် ဝယ်ယူမှုမှ ရရှိသည့် ဆေးအလုံးရေ တစ်သောင်းဝန်းကျင်ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့က ပထမအခေါက်တည်းက အလှူရှင် သုံးထောင်လှူပြီးကတည်းက တစ်ခါတည်း တစ်သောင်းခွဲမှာလိုက်တာပေါ့။ အခုလက်ထဲကို ခုနစ်ထောင် နဲ့ ရှစ်ထောင်ဝန်းကျင်လောက်ရောက်ပြီ။ အိန္ဒိယက လေယာဉ်တိုက်ရိုက်မရှိတော့ လေယာဉ်နည်းနည်းပြန်စောင့်ရတာပေါ့။ အဲ့ဒီမှာယူထားတာရောက်ရင် ဒီတစ်ပတ်၊ နှစ်ပတ်အတွင်းကို တစ်သောင်းခွဲပြည့်မယ်။ အဲ့ဒီအပြင် အခုနောက်ထပ် တစ်သောင်းထပ်မှာဖို့ လုပ်နေတယ်။ ပေါင်းရင် နှစ်သောင်းခွဲပေါ့။ အရင်လှူထားတာနဲ့ဆို သုံးသောင်းလောက်ဖြစ်သွားပါမယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

အဆိုပါ ဆေးကို လူတစ်ဦးလျှင် ၆ လုံးနှုန်းထိုးနှံပေးရခြင်းဖြစ်ပြီး လူနာ၏ ရောဂါအခြေအနေလိုအပ်မှုအရ သမားတော်ကြီးများက ထိုးနှံကုသပေးနေခြင်းဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

“လူတစ်ယောက်ကို ခြောက်လုံးသုံးရတယ်ဆိုတော့ အလုံး ခြောက်ထောင်ရှိတယ်ဆိုရင်တောင် လူတစ်ထောင်အတွက်ပဲ ရမယ်ပေါ့နော်။ အသက်အရွယ်က ဆေးပေးနိုင်တဲ့အသက်အရွယ်ဖြစ်ရမယ်။ အောက်စီဂျင်သုံးနေရတဲ့သူ ဖြစ်ရမယ်။ ပြီးရင် သွေးထဲမှာရှိတဲ့ သွေးနီဥအနေအထားတွေလည်း ကြည့်ရတယ်။ နောက်ခံရောဂါအနေအထားရော၊ ဒီဆေးပေးလိုက်လို့ရော ရလဒ်ပြန်ကောင်းလာပါ့မလား။ အဲ့ဒီလိုအချက်တွေအပါအဝင် သတ်မှတ်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပေးရတာ။ လူတိုင်းအတွက်မလိုအပ်ဘူး။ ဒီဆေးက နတ်ဆေးလည်း မဟုတ်ဘူး။ ဒီဆေးပေးလိုက်လို့ ပြန်ကောင်းလာတဲ့နှုန်းကို သက်သာစေတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုအကြီးအကျယ်ဖြစ်ပြီး ပျက်စီးတဲ့သူဆိုရင် သေဆုံးမှုနှုန်းပေါ်မှာ သိသာတဲ့ ရလဒ်မရှိဘူး။ သမားတော်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်မှုဆိုင်ရာတွေ အများကြီးနဲ့ သုံးစွဲရတဲ့ဆေးမျိုးဖြစ်တဲ့အတွက် မိမိဘာသာဝယ်ယူသုံးစွဲဖို့ မသင့်တော်ပါဘူး” ဟု ပြောသည်။

Remdesivir ဆေးကို ရောဂါပြင်းပြင်းထန်ထန်ခံစားနေရသူများအတွက် သုံးစွဲနေပြီး ဆေးရှိနေသည့်အနေအထားအရ ဝေဒနာရှင် ထောင်ဂဏန်းအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဆေးထပ်မံရရှိအောင်လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၂ ရက်နေ့ည ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required