ဧရာဝတီစင်တာရှိ ကျန်းမာရေးဝန်ထမ်းများ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးနေဟုဆို

ဧရာဝတီစင်တာရှိ ကျန်းမာရေးဝန်ထမ်းများ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးနေဟုဆို

အောက်တိုဘာ ၁၃ရက်

ဧရာဝတီစင်တာတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် နိုဝင်ဘာ ၈ရက်နေ့တွင်ပြုလုပ်မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောသည်။

“ဘယ်လိုဖြစ်လဲဆိုတော့ သူတို့ဒီစင်တာကိုရောက်လာပြီ။ မဲပေးကာလအတွင်းမှာ သူတို့တွေသည် ဒီမှာပဲ ရှိနေမယ်။ သူတို့ မူရင်းဒေသ မြို့နယ်တွေကို မရောက်နိုင်တော့ဘူး။ အဲ့တော့ မဆုံးရှုံးရအောင် ဒါ ကျွန်တော်တို့တွေကို ပုံစံ(၁၅)နဲ့ လုပ်ဖို့ ခွင့်ပြုလိုက်တယ်လေ။” ဟု သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမြင့်က ဆိုသည်။

အောက်တိုဘာ ၁၂ရက်နေ့အထိ ရရှိထားသော စာရင်းများအရ ကြိုတင်ဆန္ဒမဲပေးရန်အတွက် ဧရာဝတီစင်တာတွင်  တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၄၀ ဦးခန့် စာရင်းပေးပို့ထား ကြောင်း သိရသည်။

“ကြိုတင်မဲပေးဖို့ ကျန်ခဲ့တဲ့ ၂ရက်လောက်က သူက မြို့နယ်ကော်မရှင်အဖွဲ့ခွဲက လာပြီးတော့ ကျွန်တော်တို့ကို ပုံစံ(၁၅)လေးတွေ ပေးပါတယ်။ အဲ့ ပုံစံ(၁၅)လေးတွေကို ကျွန်တော်တို့ကဖြည့်ပြီးတော့ မြို့နယ် ကော်မရှင်ကို ပြန်ပေးလိုက်တယ်။ အဲ့သင်္ဃန်းကျွန်းမြို့နယ်ကော်မရှင်ကနေမှ တခြား ကျွန်တော်တို့ရဲ့ မူရင်းမဲစာရင်းအမည်ပေါက်နေတဲ့ မြို့နယ်တွေကို ချိတ်ဆက်ပြီးတော့ ကြိုတင်မဲတောင်းပါတယ်” ဟု ဧရာဝတီစင်တာမှ ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုးက ပြောသည်။

လက်ရှိတွင် စာရင်းပေးပို့ထားသည့် ၁၄၀ ဦး၏ မြို့နယ်ကော်မရှင်များထံသို့ Email၊ Fax တို့ဖြင့် ပေးပို့နေကြောင်း သိရသည်။

 “Fax ပို့လိုက်တော့ အဲ့ဒီမြို့နယ်ကိုရောက်သွားပြီ။ အဲ့ဒီမြို့နယ်ကနေ သူတို့ ပုံစံ(၁)နဲ့ သက်ဆိုင်ရာ ရပ်ကျေးတွေမှာ တိုက်ဆိုင်စစ်ဆေးပြီးတော့ အိုကေတယ်ဆိုရင် မြို့နယ်ကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ဆီကို မဲလက် မှတ်ပို့ပေးမှာပါ။ ပို့ပေးတာနဲ့ ကျွန်တော်တို့က သင်္ဃန်းကျွန်းမြို့နယ်ကို ရောက်လာတာနဲ့ ဒီမဲလက်မှတ်တွေအားလုံးကို စင်တာကို ကျွန်တော်ပို့ပေးပါ့မယ်။ စင်တာမှာ သူတို့မဲပေးဖို့အချိန်ကို သတ်မှတ်ပေးပြီးတော့ မြို့နယ် ကော်မရှင်ကအဖွဲ့ဝင် သုံးဦးက သွားရောက်ပြီး ကြပ်မတ်ပေးမယ်ပေါ့လေ။ အဲ့ဒီရက်ကိုတော့ ကျွန်တော်တို့က ဟိုကရောက်လာမယ့် ကြိုတင်မဲအချိန်ကိုကြည့်ပြီးတော့မှသာ ပြောလို့ရပါ့မယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၄၀ ဦးခန့်သည် ဧရာဝတီစင်တာတွင်သာ ကြိုတင်ဆန္ဒမဲ ပေးရမည်ဖြစ်ပြီး COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးပိုင်းနှင့်ပတ်သက်၍ စီစဉ် ဆောင်ရွက်ထားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required