အစာအိမ်ရောဂါကုဆေး RBC က ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်တဲ့အလားအလာရှိကြောင်း ဟောင်ကောင်သိပ္ပံပညာရှင်များ တွေ့ရှိ

အစာအိမ်ရောဂါကုဆေး RBC က ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်တဲ့အလားအလာရှိကြောင်း ဟောင်ကောင်သိပ္ပံပညာရှင်များ တွေ့ရှိ
Photo - AFP

အောက်တိုဘာ ၁၃

အစာအိမ်အနာနဲ့ ဘက်တီးရီးယားပိုးမွှား ကူးစက်မှုတွေကို ကုသရာမှာသုံးတဲ့ ပိုးမွှားတိုက်ဖျက်ဆေးတစ်မျိုးကို တိရစ္ဆာန်တွေနဲ့စမ်းသပ်ကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့အလားအလာရှိတယ်လို့ ဟောင်ကောင် သိပ္ပံပညာရှင်တွေက အောက်တိုဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။

သုတေသီတွေဟာ ဘက်တီးရီးယားပိုးသတ်ရာမှာသုံးတဲ့ သတ္တုပါဝင်တဲ့ ဒြပ်ပေါင်းဆေးတွေဟာ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိ ရှိ/ မရှိ စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။  

ဆီးရီးယားဟမ်းစတားအကောင်လေးတွေကို အသုံးပြုပြီး စမ်းသပ်ကြည့်ရာမှာ အစာအိမ်ရောဂါကုဆေးတစ်မျိုးဖြစ်တဲ့ RBC (Ranitidine Bismuth Citrate) ဆေးဝါးဟာ SARS-CoV-2 ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

ဟောင်ကောင်တက္ကသိုလ်က သုတေသီ ရန်မင်ဝမ်က “RBC က ကိုဗစ်-၁၉ ရောဂါအတွက် ဗိုင်းရပ်စ်နှိမ်နင်းနိုင်တဲ့ အလားအလာရှိတဲ့ဆေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ရှိတဲ့ ဟမ်းစတားအကောင်ရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ တစ်သျှူးအထက်ပိုင်းနဲ့အောက်ပိုင်းတွေကို စောင့်ကြည့်ခဲ့ပါတယ်။  ရမ်ဒက်ဆီဗျား (Remdesivir) နဲ့ RBC ဆေးတို့နဲ့ ကုသလိုက်တဲ့အခါ ဗိုင်းရပ်စ်ပမာဏ သိသိသာသာ ကျသွားပါတယ်။ အထူးသဖြင့်  RBC ဆေးက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတဲ့ ဟမ်းစတားအကောင်ရဲ့ အဆုတ်ထဲက ဗိုင်းရပ်စ်ပမာဏကို ၁၀ ဆ လျော့နည်းစေနိုင်ပါတတယ်။  RBC ဆေးက ဈေးသက်သာပါတယ်။ RBC အခြေခံတဲ့ ကုထုံးက လက်ရှိသုံးနေတဲ့ ကုထုံးထက်ပိုပြီး ဈေးသက်သာပေမယ့် အထောက်အထားတွေ ပိုပြနိုင်ဖို့တော့လိုပါသေးတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဟောင်ကောင်တက္ကသိုလ် အဏုဇီဝဗေဒဌာနက လက်ထောက်သုတေသီ ပါမောက္ခ ရှိုဖန်ယွမ်က “အာနိသင်အရပြောရရင် ရက်ဒက်ဆီဗျားနဲ့ RBC တို့ဟာ နှိုင်းယှဉ်လို့ ရပါတယ်။ ဓာတ်ခွဲခန်းအဆင့်နဲ့ တိရစ္ဆာန်တွေနဲ့စမ်းသပ်တဲ့ အခါမှာ နှိုင်းယှဉ်မှုနဲ့ အကဲဖြတ်မှုတွေလုပ်ရတာ အကန့်အသတ်ရှိတယ်ဆိုတာတော့ နားလည်ပေးစေချင်ပါတယ်။ လူတွေနဲ့လက်တွေ့စမ်းသပ်မှုအဆင့်မှာတော့ ဆေးရဲ့အာနိသင်နဲ့ပတ်သက်ပြီး မဖြေကြားနိုင်သေးပါဘူး” လို့ပြောပါတယ်။  

ဗိုင်းရပ်စ်နှိမ်နင်းဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ ရမ်ဒက်ဆီဗျားနဲ့ အရောင်ကျဆေး ဒက်ဆာမီသာဇုန်း (dexamethasone) တို့ဟာ ဗိုင်းရပ်စ်ကူးစက်မှုကုသရာမှာ အောင်မြင်မှုတွေရှိခဲ့တယ်လို့ အသိအမှတ်ပြုထား ကြပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ကူးစက်ခံရတုန်းကလည်း ဆရာဝန်တွေက အဲဒီဆေးနှစ်မျိုးကို သုံးပြီး ကုသပေးခဲ့ကြပါတယ်။  

ဒါပေမယ့် ချို့ယွင်းချက်အနေနဲ့ ဆေးတွေဟာ ဈေးကြီးပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုံအလောက်မရနိုင်ပါဘူး။  

ဘေးကင်းတဲ့ အစာအိမ်ကုဆေး RBC ဆေးကတော့ အလွယ်တကူရနိုင်တဲ့ဆေးဖြစ်တယ်လို့ ဟောင်ကောင်သိပ္ပံပညာရှင်တွေက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly