တိုကျိုမြို့ကို ရေကြီးရေလျှံမှုတွေမဖြစ်အောင် ကာကွယ်ပေးနေတဲ့ မြေအောက် ရေလှောင်ကန်ကြီး 

တိုကျိုမြို့ကို ရေကြီးရေလျှံမှုတွေမဖြစ်အောင် ကာကွယ်ပေးနေတဲ့ မြေအောက် ရေလှောင်ကန်ကြီး 
Photo - AFP

အောက်တိုဘာ ၁၃

ဂျပန်နိုင်ငံရဲ့ မြေအောက် “ပါသီနွန်” လို့ ခေါ်ကြတဲ့ လှိုဏ်ဂူပုံစံ ဖွဲ့စည်းတည်ဆောက်ထားတဲ့နေရာကတော့ တိုကျိုမြို့နဲ့ အနီးဝန်းကျင် ဧရိယာတွေကို ကြီးမားလှတဲ့ ရေကြီးမှုအန္တရာယ်ကနေ ကာကွယ်ပေးဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ 

ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် တိုးပွားလာတာနဲ့အမျှ ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေလိုမျိုး အန္တရာယ်တွေကလည်း တိုးလာနေတယ်လို့ ပညာရှင်တွေကလည်း သတိပေးနေပါတယ်။ 

ဒီ ခဆုခဘေး ရေကြီးမှုအန္တရာယ် ကာကွယ်ရေး ကန်ကြီးရဲ့ အဓိက ရေလှောင်ကန်ကို ဖွဲ့စည်းဖြစ်ပေါ်ထားစေတဲ့ ခရစ်ယာန်ဘုရားကျောင်းတော် ပုံစံ အင်ဂျင်နီယာ စွမ်းဆောင်မှုရဲ့ လျှို့ဝှက်ချက်ကို သိသာစေမယ့် အသွင်အပြင်မျိုးတွေက မြေပြင်ပေါ်မှာတော့ အနည်းအကျဉ်းသာ ရှိပါတယ်။ 

ဒီ မြေအောက် ရေလှောင်ကန် ဖွဲ့စည်းတည်ဆောက်မှုက ယင်းအမျိုးအစားတွေထဲမှာဆိုရင် ကမ္ဘာ့အကြီးဆုံး ဖြစ်ပါတယ်။ 

တချို့ အပိုင်းနေရာတွေမှာဆိုရင် လစ်ဘာတီ ရုပ်တုကိုထိန်းထားနိုင်လောက်အောက် နက်ရှိုင်းမှု ရှိနေတဲ့ ဒီ အလွန်ကြီးမားတဲ့ ဖွဲ့စည်းပုံအဆောက်အအုံဟာ မုန်တိုင်းတွေနဲ့ တိုင်ဖွန်းတွေကြောင့် လျှံတက်လာမယ့် ရေတွေကို တိုးလျှိုစီးထွက်စေပြီး ဦးတည် ရာ လမ်းကြောင်းပြောင်းစေရင်းနဲ့ ကမ္ဘာ့ လူဦးရေအသိပ်သည်းဆုံး မြို့တော်တွေအနက်က တစ်ခုကို ကာကွယ်ပေးနေပါတယ်။ 

တစ်ခုကို တန်ချိန် ၅၀၀ အလေးချိန်ရှိတဲ့ မားမားစွင့်စွင့် ရှိလှတဲ့ တိုင်ကြီးတွေကတော့ ဘောလုံးကွင်းနှစ်ကွင်းစာ အလျားရှိတဲ့ ပြောင်ရှင်းနေတဲ့ ကွန်ကရစ် ကန်ကြီးတစ်ခုဖြစ်တဲ့ အဓိက ရေလှောင်ကန်ကို ထောက်ကန်ပေးထားပါတယ်။  

တိုကျိုမြို့မြောက်ပိုင်း ဆိုင်းတာမ ရှိ အဆိုပါ အဆောက်အအုံက ဝန်ထမ်းတွေကတော့ အမြဲတစေ နိုးနိုးကြားကြား ရှိနေကြပြီး အထူးသဖြင့် ဇွန်လကနေ အောက်တိုဘာကုန်အထိ ဂျပန်ရဲ့ မိုးရာသီနဲ့ တိုင်ဖွန်း ရာသီကာလတွေအတွင်းမှာ အထူးပဲ နိုးနိုး ကြားကြား ရှိကြရပါတယ်။ 

“ဒီ ဧရိယာမှာက မိုးအဆက်မပြတ်ရွာတာ၊ တိုင်ဖွန်းတွေနဲ့ ယုတ်စွအဆုံး တစ်နေ့တာအလိုက် မိုးရေချိန်များမှုတွေကြောင့် နေအိမ်တွေ၊ လမ်းတွေကို ရေမြုပ်စေရင်းနဲ့ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်” လို့ ဆိုဒ်ရဲ့ အကြီးအကဲ နိုဘူယူကီ အကီယာမ က အေအက်ဖ်ပီကို ပြောပါတယ်။ 

ဒီ ရေလှောင်ကန်ကတော့ အနီးအနား ဧရိယာတွေမှာ ရေကြီးမှုကြောင့် ထိခိုက်ခံစားရတဲ့ နေအိမ်အရေအတွက်ကို ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကူညီလျှော့ချပေးထားနိုင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ 

တိုကျိုမြို့ တစ်မြို့တည်းမှာပင် အခြား မြေအောက် ရေလှောင်ကန် ၁၀ ခု နဲ့ ရေကြီးမှုအန္တရာယ် တားဆီးရေး ဥမင်လိုဏ် သုံးခု တို့ ရှိနေသလို နောက်ထပ် ရေလွှမ်းမိုးမှုအန္တရာယ် ကာကွယ်ရေး အဆောက်အအုံတွေလည်း တည်ဆောက်နေပါတယ်။ 

ဂျပန်အနောက်ပိုင်း အိုဆာကာ မှာလည်း ဒီ ခဆုခဘေး ရေလှောင်ကန်နဲ့ ဆင်တူတဲ့ ရေကြီးမှု ကာကွယ်ရေး အဆောက်အအုံတစ်ခုကို ဂျပန်ယန်း ၃၆၆ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ) အကုန်အကျခံ တည်ဆောက်နေပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေဟာ ၂၀၄၄ ခုနှစ်မှာ ပြီးစီးမယ်လို့ လျာထားသတ်မှတ်ထားပါတယ်။ 

ဒါပေမယ့် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ယခင်က ရာစုနှစ်တစ်စုလျင် တစ်ကြိမ်သာ ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေဟာ ခုချိန်မှာ ပိုဖြစ်လာပြီး ပိုမိုပြီးတော့လည်း ကြီးမားလာနေချိန် ခုထက် ပိုတဲ့ အစီအမံတွေလုပ်ဖို့ လိုနိုင်တယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။ 

“ဂျပန်မှာ ရေကြီးမှု၊ မိုးကြီးမှုတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ ရာသီဥတုတစ်ခု ရှိနေပါတယ်” လို့ မြစ်ရေကြီးမှုဆိုင်ရာ ပညာရှင်ဖြစ်တဲ့ တိုကျိုတက္ကသိုလ် မိုးလေဝသ ပါမောက္ခ ကိုင် ယိုရှီမူရာက ပြောပါတယ်။ 

“ဒါပေမယ့် အဲဒါတွေထက် ပိုအရေးကြီးတာက ခုချိန်မှာ ကမ္ဘာကြီး ပူနွေးမှု ပိုတိုးလာနေတာဖြစ်ပါတယ်” လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မိုးရာသီတွေနဲ့ တိုင်ဖွန်း ရာသီတွေကြောင့် ပုံမှန်လိုလို ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ထားစေခဲ့ပါတယ်။ 

ယခုနှစ် ဇူလိုင်လမှာ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ကြီးမားတဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့သလို ယမန်နှစ်က တိုင်ဖွန်းမုန်တိုင်းတစ်ခုကြောင့်လည်း နိုင်ငံအရှေ့ပိုင်းမှာ လူ ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် လေးခုအတွင်း တစ်နှစ်လျင် တိုကျိုကို ခြိမ်းခြောက်တဲ့ တိုင်ဖွန်းအရေအတွက်ဟာ ၁ ဒသမ ၅ ဆ ခုန်တက်လာခဲ့တယ်လို့ ဂျပန် မိုးလေဝသ အေဂျင်စီက ပြောပါတယ်။ 

ခဆုခဘေး ရေလှောင်ကန်ကတော့ ၆ ဒသမ ၃ ကီလိုမီတာ ( ၄ မိုင်) ရှိ ဥမင်လိုဏ်တစ်ခုနဲ့ ချိတ်ဆက်ထားပြီး ယင်းစနစ်အရ များလာတဲ့ ရေတွေကို  ဂျမ်ဘိုဂျက် အင်ဂျင်တစ်ခုရဲ့ ပါဝါနဲ့အတူ တစ်စက္ကန့်တိုင်းမှာ ၂၅ မီတာ (၈၃ ပေ)  ရေကူးကန်တစ်ခုကို ရေထုတ်လွှတ်မှုနှုန်းနဲ့ ညီမျှတဲ့ နှုန်းထားတစ်ခုနဲ့ အနီးအနားရှိ အီဒိုဂါဝါ မြစ်ထဲ ရေတွေကို ထုတ်လွှတ်နိုင်ပါတယ်။ 

ယန်းငွေ ၂၃၀ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) အကုန်အကျခံပြီး ၂၀၀၆ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီ ရေလှောင်ကန်အဆောက်အအုံကတော့ တစ်နှစ်ကို ခုနစ်ကြိမ်ဝန်းကျင် လည်ပတ်လှုပ်ရှားပါတယ်။ 

ပိုလျှံနေတဲ့ ရေတွေကို အလိုအလျောက် စီးဆင်းစေပြီး ယင်းဟာ ဝင်ဆံ့နိုင်တဲ့ ပမာဏကို ချဉ်းကပ်လာချိန်မှာ အော်ပရေတာတွေက အဓိက ကန်ထဲကနေ ရေတွေကို ထုတ်လွှတ်တယ်လို့ အကီယာမက ပြောပါတယ်။ 

ယခုနှစ်မှာတော့ စက်တင်ဘာလအထိ ယင်းကို ခုနစ်ကြိမ်အထိ အသုံးပြုထားပြီး ဖြစ်ပြီး မကြုံစဖူး ရှည်လျားတဲ့ မိုးရာသီ ကာလတစ်ခုနောက်ပိုင်း ရေကို နှစ်ဆပို ထုတ်လွှတ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ 

အဆိုပါ အဆောက်အအုံတစ်ခုတည်းနဲ့ နိုင်ငံမှာ ဘေးဒုက္ခဆိုးရှင်းလင်းရေး ကုန်ကျစရိတ်ပိုင်းမှာ ယခုအချိန်အထိ ယန်းငွေ ၁၄၈ ဘီလီယံအထိ သက်သာထားစေခဲ့တယ်လို့လည်း တရားဝင်လေ့လာချက်တွေက ပြသထားပါတယ်။ 

ဂျပန်ရဲ့ ရေကြီးမှု ကာကွယ်ရေးစနစ်တွေဟာ ကမ္ဘာ့အဆင့်အဖြစ် သတ်မှတ်ခံထားရသလို ယင်းနိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီး အဓိက ဘေးဒုက္ခဆိုးတချို့ကနေ ခါးသီးတဲ့ သင်ခန်းစာတွေကနေ သင်ယူထားခဲ့ပါတယ်။ 

ဒါပေမယ့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေက တိုးလာနေတာနဲ့အတူ  အခြေခံအဆောက်အအုံတစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ယိုရှီမူရာ အပါအဝင် ပညာရှင်တွေက ပြောနေကြပါတယ်။ ဒါ့အပြင် နိုင်ငံမှာ သက်ဆိုင်ရာရဲ့ ပန်ကြားချက် ရချိန် နေအိမ်တွေကနေ အမြန်ဆုံး ထွက်ခွာကြဖို့ ပြည်သူတွေကို သတိပေးဖို့ကိုလည်း အာဏာပိုင်တွေဘက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အားထုတ်မှုတွေ တိုးမြင့်လုပ်ဆောင်ထားခဲ့ပါတယ်။ 

ခဆုခဘေး စနစ်ကတော့ ဒါကို အသုံးမပြုတဲ့အချိန်မှာ ဧည့်သည်တွေကို လက်ခံပါတယ်။ ဒါကတော့ ဘေးဒုက္ခဆိုး စီမံမှုရဲ့အရေးပါပုံကို လူသိများစေဖို့ ဖြစ်ပါတယ်။ 

“ဒီမြေအောက် ဖွဲ့စည်းပုံက တကယ် ကောင်းပါတယ်၊ ဒါပေမယ့် ဒါက ကာကွယ်ရေး အစီအမံတစ်ခုတည်းပဲ ရှိပါသေးတယ်” လို့ မကြာသေးခင်က ဒီနေရာကို လာလည်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် ပင်စင်စားတစ်ဦးဖြစ်တဲ့ တိုရူ တာမာအီက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ကျွန်တော်ဆိုရင် မြေနိမ့်ပိုင်းမှာ နေတယ်လေ၊ ခုချိန်မှာ အခြား သဘာဝဘေးဒုက္ခဆိုးတွေနဲ့ ယှဉ်ရင် ရေကြီးမှုတွေက ပိုပြီး ရှင်းလင်းတဲ့ ပိုမိုရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တစ်ခု ဖြစ်နေပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။ 

“အဆုံးသတ်မှာတော့ ခင်ဗျားအနေနဲ့ ဘယ်သူ့ကိုမှ အားကိုးလို့ ရမှာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပါ” လို့ ၎င်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly