ကိုဗစ်ကြောင့် မြဝတီ-မဲဆောက်ကုန်သွယ်ရေးအတွက် ကုန်တင်ကားများကို နှစ်နိုင်ငံ ဝင်ထွက်ခွင့် မပြုတော့ဟုဆို

ကိုဗစ်ကြောင့် မြဝတီ-မဲဆောက်ကုန်သွယ်ရေးအတွက် ကုန်တင်ကားများကို နှစ်နိုင်ငံ ဝင်ထွက်ခွင့် မပြုတော့ဟုဆို
ဓာတ်ပုံ - TheOo Naing

ရန်ကုန်၊ အောက်တိုဘာ ၁၂

မြဝတီ-မဲဆောက်နယ်စပ်တွင် ရန်ကုန်ပြန် ထိုင်းနိုင်ငံသားသုံးဦးနှင့် ဈေးဝယ်သွားသူ၊ ကုန်ကားမောင်းသူ မြန်မာနိုင်ငံသားသုံးဦးတို့၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မြဝတီ-မဲဆောက်ကုန်သွယ်ရေးအတွက် ကုန်တင်ကား များကို နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့် မပြုတော့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မဇ္ဈိမကို ပြောသည်။

မူလက ကုန်တင်ကားများ ဖြတ်သန်းရန် အတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ကုန်တင်ကားများကို နှစ်နိုင်ငံ ဖြတ်သန်းခွင့်ပြုထားသည်။

ထိုသို့ ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်ကူးစက်မှုကာကွယ်ရေးအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ဝင်ထွက်ခွင့်မပြုတော့ဘဲ နှစ်ဖက် BCF (Border Control Facilities) ဇုန်အထိသာ ကုန်တင်ကားများကို သွားလာ ခွင့်ပြုထားပြီး နှစ်ဖက် BCF ဇုန်များတွင် ကုန်တင်ကားများရပ်တန့်ကာ ကုန်ပစ္စည်းသယ်ယူဖလှယ်ကြရန် အောက်တိုဘာလ ၁၁ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဦးတေဇာအောင်က ပြောသည်။

“တံတားက ဆင်းဆင်းချင်းမှာ သူတို့ဘက်မှာလည်း ဇုန်ရှိတယ်။ ကျွန်တော်တို့ဘက်မှာလည်း ဇုန်ရှိတယ်။ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲဝင်စရာမလိုတော့ဘူး။ ထိုင်းနိုင်ငံသားတွေလည်း မြန်မာနိုင်ငံထဲဝင်စရာမလို တော့ဘူးပေါ့။ အဲ့ဒီလိုနည်းနဲ့ ကုန်သွယ်တာပါ။ ကားနဲ့ ယာဉ်မောင်းနဲ့ ပါလာတဲ့အတွက် အထူးသဖြင့် လူကနေ ကူးစက်နိုင်တာပေါ့။ အချင်းချင်းမထိတွေ့အောင်လုပ်တဲ့နည်းပါ။ ကျန်းမာရေးနဲ့ စစ်ဆေးမှုတစ်ချို့ လုပ်ပြီးတာနဲ့ ကားပေါ်ပြန်တက်ပေါ့။ ကုန်ပစ္စည်းသယ်တဲ့အချိန်မှာ မလိုအပ်ဘဲ အောက်မဆင်းတော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) BCF ဇုန်တွင် ကုန်တင်ကားများကို ရပ်တန့်စေပြီး ကုန်ပစ္စည်းများကို အလုပ်သမားများဖြင့် သယ်ယူရခြင်းဖြစ်သည့်အတွက် အခက်အခဲများရှိနေပြီး ယခင်ကုန်သွယ်မှုအများဆုံး ရက်နှင့် နှိုင်းယှဉ်လျှင် ကုန်သွယ်မှု ၇ဝ ရာခိုင်ဝန်းကျင်ကျဆင်းသွားကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

“BCF ဇုန်ထဲမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကရိန်းတွေ၊ အလုပ်သမားတွေ မြန်မြန်ဆန်ဆန်ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲရှိတယ်။ နောက်ပြီး စက်သုံးဆီကဲ့ရတာတို့၊ ဓာတ်ငွေ့ကဲ့ရတာတို့ပေါ့။ ကရိန်းနဲ့ သုံးခါလောက် မလိုက်ရင် ပြီးမယ့်ဟာမျိုးကို ဒါမျိုးတွေလည်း ခွဲပြီးလုပ်နေရတာပေါ့။ မနေ့က အဝင်ရောအထွက်ရောမှ အစီး ၆ဝ လောက်ရှိတယ်ဆိုတော့ ၃ဝ ရာခိုင်နှုန်းလောက်ပဲရှိတာပေါ့။ ပုံမှန်ဆို အစီး ၃ဝဝ ကနေ ၅ဝဝ လောက်ရှိပါတယ်။ ဒီနေ့တော့ နည်းနည်းပိုလုပ်နိုင်အောင်စီမံနေတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၁ ရက်မှစ၍ မြန်မာမှလာသော ကုန်တင်ကားများ သတ်မှတ်နေရာတွင်သာ ရပ်နားရန် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဆွတ်ပီမီတာ ပါအိုရစ်က အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားများကို မြို့တွင်း ဝင်ခွင့်မပြုရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်မှ ဈေးဝယ်သွားသူနှင့် ကုန်ကားမောင်းသူအချို့တွင် ကိုဗစ်ပိုးတွေ့ ရှိခဲ့ပြီးနောက် မဲဆောက်မြို့အတွင်း ၎င်းတို့သွားလာခဲ့သည့် နေရာများသို့ သွားရောက်ခဲ့သည့် ထိုင်းဒေသခံများရှိပါက လာရောက်စစ်ဆေးခံကြရန်လည်း ထိုင်းနိုင်ငံကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းထားကြောင်း နေးရှင်းသတင်းစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly