အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ အောက်တိုဘာ ၂၉ တွင် ကြိုတင်ဆန္ဒမဲ စပေးနိုင်ပြီ

အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ အောက်တိုဘာ ၂၉ တွင် ကြိုတင်ဆန္ဒမဲ စပေးနိုင်ပြီ
An elderly voter is seen with her ink-stained finger outside a polling centre in Mandalay on November 8, 2015. Photo: AFP

အောက်တိုဘာ ၁၂ရက်

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူများအနက် အသက် ၆၀ နှစ်နှင့်အထက် ရှိသူများအနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့ အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Stay at Home (နေအိမ်တွင်သာ နေထိုင်ရေး) သတ်မှတ်ထားသည့်အပြင် လူဦးရေထူထပ်သော (ပျမ်းမျှ လူဦးရေ ၅၀၀၀ နှင့်အထက်ရှိသည့်) မြို့နယ် ၃၄ မြို့နယ်မှ အသက် ၆၀ နှစ်နှင့်အထက် ရှိသူများကို နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

“Face shield (မျက်နှာအကာ)၊ mask (နှာခေါင်းစည်း) တို့ ဒါတွေကို ပေးထားမှာလေ။ ကျွန်တော်တို့ မဲရုံမှူးတွေ ပါမယ်။ မဲရုံမှူးကလည်း အရေးကြီးတယ်လေ။ ကျွန်တော်တို့ ဒီဘက် မဲရုံကနေ ခွဲထွက်သွားတဲ့မဲ ဖြစ်နေတဲ့ အတွက် မဲရုံမှူးပါမယ်။ ရပ်/ကျေးဥက္ကဋ္ဌ ပါမယ်။ မြို့နယ်ကော်မရှင်ကတော့ တစ်ယောက်ပေါ့။ နောက် လုံခြုံရေးပိုင်း ဆိုင်ရာတွေလည်းပါမယ်။ နောက် သက်ဆိုင်ရာ ပါတီတွေကလည်းပါမယ်။ ပါတဲ့အခါကျတော့ ကျန်းမာရေး အရတော့ ထုန်ပြန်ထားတဲ့ ညွှန်ကြားချက်ကတော့ ကျွန်တော်တို့ မလွဲမသေလိုက်နာရမှာလေ။ mask တို့ ဘာညာကတော့၊ အဲ့ဒါတွေကတော့ ဆောင်ရွက်ရမှာပါ။ မဲရုံလာပေးရင်တော့ ဘေးကင်းစွာနဲ့ ပေးနိုင်အောင် စီမံဆောင် ရွက်ထားတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ ကျော်စိုးဝင်းက ပြောသည်။

ထိုသို့ သတ်မှတ်ထားသည့် မြို့နယ်များမှအပ ကျန်မြို့နယ်များတွင် နေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲ မပေးနိုင်သော အခြေအနေရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးရန်နှင့် ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိလျှင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ သို့ သတင်းပေးပို့ပါက နေအိမ်တွင် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Stay at Home (နေအိမ်တွင်သာ နေထိုင်ရေး) သတ်မှတ်ထားအပြင် လူဦးရေထူထပ်သည့် (ပျမ်းမျှလူဦးရေ ၅၀၀၀ နှင့် အထက်ရှိသည့်) မြို့နယ် ၃၄ မြို့နယ်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂၉ မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီးမှ ငါး မြို့နယ်တို့ ဖြစ်သည်။

“ကျွန်တော်တို့ ရန်ကုန်ရဲ့အခြေအနေက တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့ မတူဘူးလေ။ မတူတဲ့ အခါကျတော့ ဒီရန်ကုန်မှာ ဖြစ်ပေါ်တဲ့နှုန်းထားကလည်း အသက်အရွယ်ကြီးရင့်သူက ရောဂါအခံရှိတဲ့သူက ပိုပြီးတော့ ရောဂါမှာ သေဆုံးမှုနှုန်းလည်း များတယ်ဆိုတဲ့ အချက်တွေကြောင့်ပဲ” ဟု ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဠ ဒေါက်တာ ကျော်စိုးဝင်းက ပြောသည်။

သူက ဆက်လက်၍ “ကျွန်တော်တို့ ပြည်ထောင်စုကော်မရှင်ရဲ့ ခံယူချက်ကလည်း ရှင်းတယ်လေ။ မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးအောင်ဆိုပြီး ကျွန်တော်တို့က ကြွေးကြော်ထားတာလည်းရှိတော့ အကောင်းဆုံး လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ အဓိကကတော့ ကျန်းမာရေးနဲ့ ကိုက်ညီအောင်ပေါ့။ သူတို့လည်း မဲပေးခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ခြင်းပဲ။ အခြားရည်ရွယ်ချက် ဘာမှမရှိဘူး” ဟု ပြောသည်။

ရန်ကုန်တိုင်းမှ ၂၉ မြို့နယ်မှာ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ စမ်းချောင်း၊ တာမွေ၊ လမ်းမတော်၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဗိုလ်တထောင်၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ လှိုင်၊ ဗဟန်း၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့နယ်၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဆိပ်ကြီးခနောင်တိုတို့ ဖြစ်သည်။

မန္တလေးတိုင်းမှ ငါးမြို့နယ်မှာ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အောင်မြေသာစံနှင့် ပြည်ကြီးတံခွန်တို့ဖြစ်သည်။

“သင်္ဃန်းကျွန်းမြို့နယ်က အဲ့ဒါလည်းပါတယ်။ Stay at Home လည်း ပါလာတယ်။ သူက နှစ်ချက်လုံး ငြိနေတာပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့က သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီစာပါအရဆိုရင်တော့ အိမ်တိုင်ရာရောက် ကျွန်တော် တို့တွေက ဘာလုပ်ပေးရမလဲ၊ သူတို့တွေဆီက ကြိုတင်မဲတွေ ယူပေးရမှာပေါ့။ အသက် ၆၀ နှစ်နှင့် အထက်တွေကိုလေ။ စာပါအရတော့ အဲဒီလို သိထားပါတယ်။ ဒါပေမယ့် ဒီဘက်ကိုတော့ မြို့နယ်တို့၊ ခရိုင်တို့၊ တိုင်းတို့အနေနဲ့ ကတော့ အသေးစိတ်တော့ မထွက်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမြင့်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်မှု တိုးတက်ရေး အကူညီပေးသည့် အဖွဲ့ဖြစ်သည့် HelpAge global network ၏ ၂၀၁၉ ခုနှစ် စစ်တမ်းအရ  မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူဦးရေမှာ ၅,၅၀၀,၀၀၀  နီးပါး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly