COVID-19 သံသယ လက္ခဏာပြသူတိုင်းကို စစ်ဆေးပေးမည့် Testing center ရန်ကုန်တွင်ဖွင့်လှစ်

COVID-19 သံသယ လက္ခဏာပြသူတိုင်းကို စစ်ဆေးပေးမည့် Testing center ရန်ကုန်တွင်ဖွင့်လှစ်

အောက်တိုဘာ ၁၂  

ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း စသည့် COVID-19 သံသယ လက္ခဏာပြသူတိုင်းကို ရောဂါစစ်ဆေးပေးမည့် Testing Center အသစ်ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ဖွင့်လှစ်ထားပြီဖြစ်သည်။  

ရန်ကုန်မြို့တွင် ပထမဦးဆုံးအနေဖြင့် Test Center အသစ်ကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ ဧရာဝတီ COVID  Center နှင့်တွဲလျက် ဖွင့်လှစ်ခြင်းဖြစ်သည်။

သံသယလူနာများအား Test Kit ဖြင့်စစ်ဆေးပေးခြင်းများကို အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ကာ မနက် ၈နာရီမှ ညနေ ၆ နာရီအတွင်း တစ်ရက်လျှင် လူဦးရေ ၁၃၀ ခန့်အထိစစ်ဆေးပေးနိုင်ရန် ရည်မှန်းထားကြောင်း ဧရာဝတီစင်တာ ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုးက ပြောသည်။  

 “သူတို့ကိုအချိန်တွေခွဲထားတယ်။ လူတွေမပြုံအောင်လို့။ ကျန်းမာရေးဝန်ထမ်းတွေ၊ စင်တာတွေမှာ တာဝန် ထမ်းဆောင်သူတွေ၊ တာဝန်ထမ်းဆောင်ပြီးတဲ့ ဝန်ထမ်းတွေကို အရင်ဦးစားပေးစစ်မယ်။ ပြီးရင် သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ သာကေတ အဲ့ဒေသကလူတွေကိုစစ်မယ်။ အဲ့တာလေးတွေတော့ အရင်လျာထားပါတယ်” ဟု ဒေါက်တာကောင်းမြတ်စိုးက ပြောသည်။

ပထမဦးဆုံးစစ်ဆေးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် အတည်ပြုလူနာ လေး ဦးကို တွေ့ရှိခဲ့ကြောင်း ဧရာဝတီစင်တာမှသိရသည်။  

စစ်ဆေးမှုခံယူနိုင်ရန်အတွက် Website မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်း၍ ကြိုတင်လျှောက် ထားရမည်ဖြစ်သည်။  

စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ SMS ပေးပို့ သွားမည်ဖြစ်ပါသည်။

ယခင်က အနံ့ပျောက်၊ ဖျားနာ လက္ခဏာရှိသူများ ဖျားနာအထူးကုဆေးခန်းများတွင်သွားရောက်ပြသပါက COVID စစ်ဆေးရန်မှာ အကန့်အသတ်ရှိ၍ နေအိမ်သို့ပြန်လွတ်ခဲ့ရသည်များရှိခဲ့သည်။  

ထိုသို့လူနာများကို Test Kit များဖြင့် စောစောစီးစီးစစ်ဆေး၍ ပိုးတွေ့ခဲ့ပါက ကုသမှုပေးနိုင်ရန်နှင့် လိုအပ်သောကွာရန်တင်းများဆောင်ရွက်နိုင်ရန် Test Center ကိုဖွင့်လှစ်ရခြင်းဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်း နိုင်စိုး ကပြောသည်။

သို့သော် သာမန်လူကောင်းတစ်ဦးမှ သံသယရှိသည်ဟုဆိုကာ ပြသခြင်းမျိုးမပြုလုပ်ဘဲ သံသယရောဂါ လက္ခဏာများပြမှ သာ လာရောက်စစ်ဆေးကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်။  

“ သာမန် လက္ခဏာမပြတဲ့လူကောင်းတစ်ယောက်သွားပြရင်တော့ ၇၀ ရာခိုင်နှုန်းလောက်မိနိုင်တယ်။ ခုဏကပြောတဲ့ လက္ခဏာပြတယ်ပေါ့။ သံသယ လူနာထဲဝင်သွားပြီဆိုရင်တော့ သူက ၉၀ ရာခိုင်နှုန်းလောက်ကို မိတယ်။ ဘာပဲပြောပြောပေါ့။ လက္ခဏာပြတဲ့သူတွေအတွက်ကတော့ နံပတ် ၁ ဦးစားပေးပြောရမှာပေါ့။။ သွားပြသင့်တဲ့နေရာဖြစ်ပါတယ် ” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။  

လူနာများအနေဖြင့် လာရောက်ပြသချိန်တွင် စစ်ဆေးရန်လိုအပ်သူဟု ယူဆရပါက ချက်ချင်းစစ်ဆေးကာ ဓါတ်ခွဲအဖြေပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းသိရသည်။  

အဆိုပါ လုပ်ငန်းအတွက် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်များအသင်းနှင့် ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်း ကျန်းမာရေးပညာရှင်များအပါအဝင် လည်ပတ်နေဆဲဖြစ်သော အခြား ကွာရန်တင်းစင်တာ များမှ စေတနာ့ဝန်ထမ်း စုစုပေါင်း အင်အား ၄၀ ဦးခန့်က ဝင်ရောက်လုပ်အားပေးသွားကြမည်ဖြစ်သည်။

လာရောက်ပြသ စစ်ဆေးလိုသူများ  စာရင်းပေးသွင်းရမည့် နံပါတ်မှာ ၀၁ ၄၇၀၅၅၅၅ တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly