အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ သန်းကျော်ရှိ

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ သန်းကျော်ရှိ

အောက်တိုဘာ ၁၂

အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၁) အထိစာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခုနစ်သန်းကျော်သွားပြီဖြစ်လို့ ကူးစက်မှုအများဆုံးဖြစ်တဲ့ အမေရိကန်နဲ့ သိပ်မကွာတော့ပါဘူး။

တနင်္ဂနွေနေ့က အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၅ ၀၀၀ နီးပါးရှိတာကြောင့် စုစုပေါင်း ၇.၀၅ သန်းခန့် ကူးစက်ခံထားရကာ ၇.၆၇ သန်း ကူးစက်ခံထားရတဲ့ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပါတယ်။  

အိန္ဒိယမှာ သွေးတွင်း ပဋိပစ္စည်းကို စစ်ဆေးခြင်းအားဖြင့် ကူးစက်ခံရသူကို မှတ်တမ်းတင်တာဖြစ်ပြီး လူဦးရေများတဲ့အတွက် အမှန်တကယ်ကူးစက်ခံရသူဟာ တရားဝင်ကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့လည်း ဆိုကြပါတယ်။

တနင်္ဂနွေနေ့အထိ အိန္ဒိယမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၀၈ ၃၃၄ ဦးရှိပြီး အမေရိကန်မှာ သေဆုံးသူပေါင်း ၂၁၄ ၀၀၀ ဦးရှိပါတယ်။ အိန္ဒိယနဲ့စာရင် ကူးစက်မှု နှစ်သန်းပိုနည်းတဲ့ ဘရာဇီးမှာတော့ ၁၅၀ ၀၀၀ နီးပါး သေဆုံး ထားပါတယ်။  

အိန္ဒိယမှာ မတ်လတုန်းက ချမှတ်လိုက်တဲ့ လော့ဒေါင်းကြောင့် စီးပွားရေးတွေ ကျဆင်းခဲ့ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ အစိုးရက ကန့်သတ်မှုတွေ ဆက်တိုက်ဖြေလျှော့လိုက်တာကြောင့် ကူးစက်မှုတွေ တစ်ဖန် မြင့်တက် လာတာဖြစ်ပါတယ်။  

နယူးဒေလီဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ်အဘိုးအိုတစ်ဦးက “လူတွေအများကြီး ကူးစက်ခံရပြီး သေဆုံးနေကြတာ တွေ့မြင်ရပါတယ်။ လူနာတွေကို ဆေးရုံတင်ကြရတယ်။ တချို့ကိုတော့ မြေမြှုပ်လိုက်ကြရ တယ်။ ကိုရိုနာဗိုင်းရပ်စ်က ကျွန်တော်တို့အတွက် အပျက်အစီးတွေကိုပဲ ယူဆောင်လာခဲ့တာပါ” လို့ပြောပါတယ်။  

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုပ်ရှင်ရုံတွေဟာ ဝင်ဆံ့ပမာဏ ၅၀ ရာခိုင်နှုန်းလျှော့ချကာ ဖွင့်ခဲ့ကြပါတယ်။ ပွဲလမ်းသဘင်တွေကြောင့် လူစုလူဝေးတွေများလာပြီး ရောဂါကူးစက်မှု အခြေအနေ ပိုဆိုးလာမှာကို ကျွမ်းကျင်သူတွေ က စိုးရိမ်နေကြပါတယ်။

ကူးစက်မှုတွေများမှာကို မျှော်လင့်ထားတဲ့အတွက် အစိုးရက နောက်လမှာကျရောက်မယ့် ဒီပါဝလီနေ့နဲ့ အောက်တိုဘာ ၂၅ မှာကျရောက်မယ့် ဒက်ဆာရာ (Dussehra) ပွဲတော်နေ့ စတဲ့ အဓိကဟိန္ဒူပွဲတော်နှစ်ခုအတွက် လည်ပတ်သူအရေအတွက်ကန့်သတ်ထားပြီး တင်းကျပ်တဲ့စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။  

သောကြာနေ့ကလည်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ပါးစပ်နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးကြဖို့နဲ့ အချင်းချင်း ခပ်ခွါခွါနေကြဖို့ တိုက်တွန်းခဲ့ပြီး လူထုအသိပညာပေးလှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly