ကမ္ဘောဒီးယားကျေးလက်ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်တားဆီးဖို့ စာခြောက်ရုပ်တွေဆောင်ထား 

ကမ္ဘောဒီးယားကျေးလက်ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်တားဆီးဖို့ စာခြောက်ရုပ်တွေဆောင်ထား 

အောက်တိုဘာ ၁၂ 

ကမ္ဘောဒီးယားနိုင်ငံမှာ အယူသီးတဲ့ ကျေးလက်တောင်သူတွေက ကိုရိုနာဗိုင်းရပ်စ်တားဆီးဖို့ အိမ်ရှေ့တွေမှာ စာခြောက်ရုပ်တွေကို အစောင့်အနေနဲ့ ထား,ထားကြပါတယ်။ 

တုပ်ကွေးရောဂါနဲ့ ရေကြောင့်ဖြစ်တဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါ စတဲ့ကူးစက်ရောဂါတွေ ဆိုးဆိုးရွားရွားခံရတဲ့ ကမ္ဘောဒီးယားရွာတွေမှာ ခမာလို ‘တင်မွန်’ လို့ခေါ်တဲ့ စာခြောက်ရုပ်တွေ လုပ်ထားလေ့ရှိကြပါတယ်။  

မြို့တော် ဖနွမ်ပင်ရဲ့ အရှေ့မြောက် ၁၁၀ ကီလိုမီတာ (မိုင် ၇၀) အကွာမှာရှိတဲ့ ကမ်ပွန်ချန်ပြည်နယ်က ရွာလေးမှာ ဆော့ခ်ချန်နီလို့အမည်ရတဲ့ အမျိုးသမီးရဲ့အိမ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ခြောက်လှန့်မှုကနေ ကင်းဝေးအောင် အိမ်ရှေ့မှာ စာခြောက်ရုပ် နှစ်ရုပ် ထား,ထားပါတယ်။ 

စာခြောက်ရုပ်ခေါင်းအဖြစ် ပလတ်စတစ်ဘူး ဒါမှမဟုတ် ဆိုင်ကယ်ဦးထုပ်တွေကို သုံးထားကြပြီး တုတ်ချောင်းနဲ့ ရိုင်ဖယ်သေနတ်လွယ်ထားတဲ့ ပုံစံလုပ်ထားပါတယ်။ စာခြောက်ရုပ်တွေကို အင်္ကျီ၊  ဘောင်းဘီနဲ့ ဦးထုပ်တွေပါ ဆောင်းပေးထားပါတယ်။ 

တချို့စာခြောက်ရုပ်တွေဆိုရင် ပွင့်ရိုက်ညဝတ်အင်္ကျီတွေ ဒါမှမဟုတ် စစ်ယူနီဖောင်းပုံစံနဲ့ အသေးစိတ်ဆင်မြန်ပေးထားပြီး တချို့စာခြောက်ရုပ်တွေမှာတော့ နေကာမျက်မှန်နဲ့ ကျောပိုးအိတ်တွေပါ ပါကြပါတယ်။  

ဆော့ခ်ချန်နီက “ ကိုဗစ်နဲ့ မကောင်းဆိုးဝါးတွေ မိသားစုကို အန္တရာယ်မပေးနိုင်အောင်လို့ စာခြောက်ရုပ်တွေကို အစောင့်ထား,ထားတာပါ။ သက်ကြီးရွယ်အိုတွေက အယူသီးကြတယ်လေ။ ကိုဗစ်ကာလမှာ ဗိုင်းရပ်စ်တွေ မပျံ့အောင်ဆိုပြီး စာခြောက်ရုပ်တွေ ဆောင်ထားကြတာပါ” လို့ပြောပါတယ်။  

ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ ကမ္ဘောဒီးယားမှာ ဓလေ့ထုံးတမ်းအရ နေရာတွေ၊ တိရစ္ဆာန်နဲ့ အရာဝတ္ထုတွေဟာ နတ်တွေ၊ ဝိဉာဉ်တွေနဲ့ ဆက်စပ်နေတယ်လို့ အများက ယုံကြည်ထားကြပါတယ်။ 

အန္တရာယ်ရှိတဲ့ နတ်ဆိုးတွေ ရောဂါမဖြန့်နိုင်အောင် တားဆီးတဲ့အနေနဲ့ ‘တင်မွန်’ လို့ခေါ်တဲ့ စာခြောက်ရုပ်တွေကို ထားကြတာဖြစ်ပါတယ်။  

တောင်သူတစ်ဦးဖြစ်တဲ့  တွန်ဖီအန်က “ကျွန်တော့်ကလေးတွေကို သေစေနိုင်တဲ့ ကိုဗစ်ရောဂါကူးစက်မှာစိုးရိမ်တဲ့အတွက် စာခြောက်ရုပ် ဆောင်ထားတာပါ။ ရွာမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေရှိတယ်လေ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်တားဆီးနိုင်အောင် ကိုဗစ်တွေ စဖြစ်ကတည်းက ကျွန်တော် စာခြောက်ရုပ် ဆောင်ထားတာပါ။ ကျွန်တော်တို့အားလုံး ဗိုင်းရပ်စ်ကြောက်ကြပါတယ်။ ဒါကြောင့် ရွာသားတွေလည်း လုပ်ထားကြပါတယ်။ တချို့စာခြောက်ရုပ်တွေကတော့ လဲကျသွားကြတယ်။ ကျွန်တော့်စာခြောက်ရုပ်ကတော့ မားမားမတ်မတ်ရပ်နေတုန်းပဲ။ တစ်ခုပျက်သွားလို့ နောက်တစ်ခု ထပ်လုပ်ထားတာပါ” လို့ပြောပါတယ်။ 

ကမ္ဘောဒီးယားဟာ ကပ်ရောဂါကို ဆိုးဆိုးရွားရွားခံရမယ့်အခြေအနေက လွတ်မြောက်ခဲ့ဟန်ရှိကာ ကူးစက်သူ ၂၈၃ ဦးသာရှိပြီး သေဆုံးသူ မရှိပါဘူး။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုတွေ မရှိတဲ့အတွက် ကူးစက်ခံရသူအရေတွက် နည်းနေတာလို့ ဝေဖန်သူတွေက ပြောကြပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly