လူသေဆုံးစေတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာကို အဇာဘိုင်ဂျန်သမ္မတအကြံပေး သွားရောက်ကြည့်ရှု 

လူသေဆုံးစေတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာကို အဇာဘိုင်ဂျန်သမ္မတအကြံပေး သွားရောက်ကြည့်ရှု 
Photo - AFP

အောက်တိုဘာ ၁၂

အဇာဘိုင်ဂျန်သမ္မတရဲ့ အကြံပေးဖြစ်သူ ဟစ်ခ်မက် ဟာဂျီယက်ဗ်ဟာ အောက်တိုဘာ ၁၁ ရက်က နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂန်းဂျရဲ့ လူနေအရပ်ဒေသတစ်ခုမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

အာမေးနီးယား တပ်ဖွဲ့တွေဘက်က ဂန်ဂျမြို့ကို ညတွင်းချင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ လူ ခုနစ်ဦး သေဆုံးပြီး ကလေးတွေအပါအဝင် ၃၃ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။  

ဒါဟာ အငြင်းပွား နာဂေါ်နိုကာရာဘက်ခ် ဒေသအရေးနဲ့ပတ်သက်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား အပစ်ရပ်စဲမှု အသက်ဝင်ပြီလို့ မှတ်ယူခဲ့ရပြီးနောက်ပိုင်း ၂၄ နာရီသာသာအတွင်း ဒီ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ရုရှား ကြားဝင်စေ့စပ်ပေးတဲ့ အာမေးနီးယား-အဇာဘိုင်ဂျန် အပစ်ရပ်စဲမှု သဘောတူညီချက်ကို ထိန်းထားနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကတော့ အောက်တိုဘာ ၁၁ ရက်မှာ ထပ်မံ ရိုက်ချိုးခံခဲ့ရတာ ဖြစ်ပါတယ်။ 

နှစ်ဘက်စလုံးကတော့ အရပ်သား ဧရိယာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုနဲ့ သီတင်းပတ်နှစ်ပတ်ကြာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်ထားခဲ့မှုနဲ့ပတ်သက်လို့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။ 

“လက်ရှိမှာ အဇာဘိုင်ဂျန်ဘက်ကတော့ အပစ်ရပ်စဲမှုကို ထိန်းထားနိုင်ဖို့ ကြိုးစားနေပါတယ်၊ အဇာဘိုင်ဂျန်အနေနဲ့ ကိုယ့်ဘက်က နားလည်စာနာမှု ရှိတယ်ဆိုတာကို ခုတစ်ဖန် ပြသခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အာမေးနီးယားဘက်က ကျွန်တော်တို့ အဇာဘိုင်ဂျန် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကို မြင်တွေ့နေရပါတယ်၊ သူတို့ ဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း တရားဝင် စစ်ဘက်ပစ်မှတ်တွေကို တန်ပြန်တုံ့ပြန်မှုတွေ လုပ်သွားရပါလိမ့်မယ်” လို့ အဇာဘိုင်ဂျန်သမ္မတရဲ့ အကြံပေးဖြစ်သူ ဟစ်ခ်မက် ဟာဂျီယက်ဗ်က ပြောသွားပါတယ်။ 

“ ရုရှားနဲ့ အခြားနိုင်ငံတွေရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့အတူ မနေ့ကတော့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား၊ သက်ဆိုင်သူတွေအကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်မှုတစ်ရပ်နဲ့ပတ်သက်လို့ သဘောတူညီချက်တစ်ခု ရှိခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီလို ကြေညာချက် ထွက်ပေါ်ပြီးပြီးချင်းပဲ အာမေးနီးယားတို့ဘက်က ဂန်းဂျမြို့ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဒုံးကျည်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။ 

“သူတို့ကတော့ ဂန်းဂျမြို့ကို ဖျက်ဆီးဖို့နဲ့၊ အရပ်သားတွေကို တတ်နိုင်သလောက် များများ သတ်ဖို့ ခုလို ထိခိုက်ပျက်စီးစေတဲ့ ဒုံးကျည်ကို သုံးခဲ့တာပါ၊ သူတို့ ရည်ရွယ်ချက်ကတော့ ထိတ်လန့်မှုတွေဖြစ်စေဖို့နဲ့ အဇာဘိုင်ဂျန် ပြည်သူတွေကို သတ်ဖို့ပေါ့၊ ကျွန်တော်တို့ ခုသိရသလောက်တော့ အရပ်သားကိုးဦးသေပြီး၊ ကလေးငယ်တွေအပါအဝင် လူ ၃၀ ကျော် အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။ 

အဆိုပါ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာတော့ အနီရောင် ခေါင်းဆောင်းတွေ ဆောင်းထားတဲ့ ကယ်ဆယ်ရေးသမားတွေ အပျက်အစီးပုံတွေကို တူးဆွရင်း အသက်ရှင်ကျန်ရစ်နိုင်သူတွေကို ရှာဖွေနေကြတယ်လို့ အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။ 

ယင်းနောက် ၎င်းတို့ဟာ အဝတ်မရှိသလောက် ဖြစ်နေတဲ့ အလောင်းတစ်လောင်းကို ရယူနိုင်ခဲ့ပြီး ယင်းကို အဖြူရောင်အိတ်တစ်ခုထဲ အသာထည့်ပြီး လူနာတင်ကားနဲ့ သယ်ထုတ်သွားချိန်မှာ အထိတ်တလန့်ဖြစ်နေကြတဲ့ ဒေသခံတချို့ ရပ်ကြည့်နေကြပြီး အချို့မှာ ငိုကြွေးနေခဲ့ကြပါတယ်။ 

မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့အဆိုအရ ၎င်းတို့ဟာ မနက်အစောပိုင်းမှာ ကြီးမားလှတဲ့ ပေါက်ကွဲမှုတစ်ခုကြောင့် လန့်နိုးခဲ့ကြကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် အဆောက်အအုံကြီးတစ်ခု ပြိုပျက်သွားခဲ့ပြီး တိုက်ခန်းကိုးခုပျက်စီးခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ 

“ကျွန်တော့် ဘဝတစ်လျှောက်လုံး လုပ်ခဲ့တဲ့ အရာမှန်သမျှ ဖျက်ဆီးခံလိုက်ရပါပြီ” လို့ အသက် ၆၈ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဇာဂစ် အလီယက်ဗ်က ပြောပါတယ်။ 

အငြင်းပွား နာဂေါ်နို ကာရာဘက်ခ် ဒေသအရေးနဲ့ပတ်သက်လို့ သီတင်းနှစ်ပတ်ကြာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေခဲ့ပြီးနောက် အကျဉ်းသားတွေ လဲလှယ်ဖို့၊ အလောင်းတွေ ပြန်သယ်ဖို့ အပစ်ရပ်ဆိုင်းထားရေး သဘောတူညီချက်ကိုတော့ မော်စကိုမှာ ပြုလုပ်တဲ့ ရုရှားစေ့စပ်တဲ့ ဆွေးနွေးပွဲတွေမှာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးတွေက အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

ယင်းအပစ်ရပ်သဘောတူညီချက်ဟာ အောက်တိုဘာ ၁၀ ရက် နေ့လည်ပိုင်းမှာ တရားဝင် အသက်ဝင်လာခဲ့ပေမယ့် နှစ်ဘက်စလုံးကတော့ ဒီသဘောတူညီချက်ကို ချိုးဖောက်နေတယ်ဆိုပြီး တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required