ပဲခူးမြို့တွင် လူနာ ၃၅၀ ကုသနိုင်မည့် ကိုဗစ်စင်တာတစ်ခုကို CB ဘဏ်က လှူဒါန်းမည်

ပဲခူးမြို့တွင် လူနာ ၃၅၀ ကုသနိုင်မည့် ကိုဗစ်စင်တာတစ်ခုကို CB ဘဏ်က လှူဒါန်းမည်
Photo -  C B CENTER (Fb)

အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်လူနာများအား ကုသနိုင်ရန်အတွက် လူနာ ၃၅၀ ကုသနိုင် မည့် ကိုဗစ်စင်တာ တစ်ခုကို CB ဘဏ်က လှူဒါန်းသွားမည်ဖြစ်သည်။

လက်ရှိတွင်  ပဲခူးတက္ကသိုလ်အတွင်းရှိ တက္ကသိုလ်ဆေးရုံနှင့် စာသင်ဆောင် နှစ်ဆောင်ကို ကိုဗစ်စင်တာအဖြစ် ပြင်ဆင်ဆောင်ရွက်နေပြီး လက်ရှိစီစဉ်ထားသည့် အခြေအနေအရ လူနာ ၁၅ဝ ထားရှိနိုင်နေပြီဖြစ်ကြောင်း CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ပဲခူးတိုင်းဒေသကြီးသည် ကိုဗစ်ကူးစက်ဖြစ်ပွားမှုများပြားနေသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးနှင့်လည်း ထိစပ်နေသည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအတွက် ကူညီထောက်ပံ့ဆောင်ရွက်မှု များပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

Photo -  C B CENTER (Fb)

“လက်ရှိအနေအထားကို ကြည့်လိုက်တော့ ပဲခူးတိုင်းကလည်း တော်တော်လေး အဖြစ်များလာတယ်။ နောက်ပြီးတော့ ပဲခူးတိုင်းမှာလည်း ရန်ကုန်မှာလို လုပ်ပေးနိုင်တဲ့ လုပ်ငန်းရှင်ကြီးကြီးမားမားမရှိဘူးပေါ့နော်။ အဲ့ဒီလိုအနေအထားမှာ ကျွန်တော့အနေနဲ့ကတော့ ပဲခူးတိုင်းကို အခြေခံပြီး လုပ်ပေးမယ်။ ရန်ကုန်နဲ့ ပဲခူးကလည်း ထိစပ်နေတာဖြစ်တဲ့အတွက် ပဲခူးကိုလည်း ကာကွယ်ရေးကုသရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်ရင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ရာရောက်နိုင်တယ်ဆိုပြီး စဉ်းစားပြီးတော့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့၊ တိုင်းကျန်းမာရေးတို့ကို တင်ပြပါတယ်။ သူတို့ကလည်း မူလအစီအစဉ်ထဲမှာ ပဲခူးတက္ကသိုလ်နေရာကို စီစဉ်ထားတာရှိပါတယ်။ အဲ့တာနဲ့ ကျွန်တော်အနေနဲ့ အဲ့ဒီနေရာလေးကို တောင်းလိုက်တာပါ” ဟု ဦးခင်မောင်အေးက ပြောသည်။

အဆိုပါ CB Center တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ကာ ကိုဗစ်လူနာများကို လက်ခံကုသမှုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စင်တာ၌ ရောဂါလက္ခဏာပြင်းထန်ခြင်းမရှိသည့် ကိုဗစ်ပိုးတွေ့လူနာများကို ကုသနိုင်မည့် ဆေးဝါး၊ စက်ကိရိယာအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားပြီး ရောဂါပြင်းထန်သူများအတွက် ကိုဗစ်ကုသဆေး Ramdasivir ဆေးများကို အစိုးရထံမှတစ်ဆင့် ဝယ်ယူသုံးစွဲပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် နေကြောင်း CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

Photo -  C B CENTER (Fb)

“အခု အစိုးရနဲ့ ညှိဖို့လုပ်နေတာကတော့ ကျွန်တော်တို့ရဲ့ CB Center မှာ အခြေအနေဆိုးမယ့်၊ စိုးရိမ်ရမယ့် သူတွေကို ဆေးလှူဖို့အတွက်ကို CB Bank ကနေ CB Center ကို ပြန်လှူတာဖြစ်တဲ့အတွက် ဥပမာ အလုံး တစ်ထောင် ဖြစ်မယ်ပေါ့နော်။ ကျွန်တော်တို့က လှူပေးမယ်။ အဲ့ဒါက အစိုးရဆီရောက်သွားမယ်။ အစိုးရက Center အတွက် သုံးဖို့ ပြန်စီစဉ်ပေးရမယ်ဆိုတဲ့ဟာတွေတော့ ကျွန်တော်တို့ ညှိနှိုင်းပါတယ်။ အဲ့ဒီဟာရရင် တော့ ဆိုးဆိုးဝါးဝါးဖြစ်တဲ့လူတွေ သက်သာသွားနိုင်ပါတယ်။ ထရမ့်တောင် အဲ့ဒီဆေးနဲ့ သက်သာသွားတာ ဆိုတော့။ ကုသဆေးအတွက်ကိုလည်း ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

သရုပ်ဆောင် ရဲအောင်၊ ဖြူဖြူကျော်သိန်း၊ ဖိုးချစ်၊ စိုးပြည့်သဇင်နှင့် သျှန်ထွဏ် (မြန်မာစာ) တို့က စင်တာရှိ ကိုဗစ်ပိုးတွေ့လူနာများအတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး၊ ဖျော်ဖြေအသိပညာပေးရေးတို့ကိုလည်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly