ဗိုလ်ကျစိုးမိုးရန် ဘယ်တော့မှ မကြိုးစားဖို့ တရုတ်ကို ထိုင်ဝမ် ပြော

ဗိုလ်ကျစိုးမိုးရန် ဘယ်တော့မှ မကြိုးစားဖို့ တရုတ်ကို ထိုင်ဝမ် ပြော
Photo - AFP

အောက်တိုဘာ ၁၁

၁၀၉ နှစ်မြောက် ထိုင်ဝမ်အမျိုးသားနေ့ ကျင်းပရာမှာ သမ္မတ ထိုက်အန့်ဝန်က တရုတ်က အဆင့်တူ သမ္မတ ရှီကျင့်ဖျင်ကို စစ်ရေးတင်းမာမှုတွေ အရှိန်လျှော့ရေးနဲ့ ဘယ်တော့မှ ဗိုလ်ကျစိုးမိုးဖို့ မကြိုးစားပါဆိုတဲ့ ကတိကို တည်ဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

တရုတ်နိုင်ငံက ဂျက်တိုက်လေယာဉ်တွေနဲ့ ထိုင်ဝမ်ကို ဝင်ရောက်နှောင့်ယှက်မှုတွေ လအတော်ကြာ လုပ်ဆောင်ခဲ့ပြီးနောက်မှာ ထိုင်ဝမ်သမ္မတက ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ 

တရုတ်ရဲ့ ကြီးထွားလာနေတဲ့ ဩဇာဖြန့်နေမှုတွေကို နိုင်ငံတကာအသိုင်းအဝန်းက စိုးရိမ်လျက်ရှိနေပြီလို့ အမျိုးသားနေ့မိန့်ခွန်းမှာ သမ္မတ ထိုက်အန့်ဝန်က ပြောပါတယ်။ 

တရုတ်အနေနဲ့ ဒီမိုကရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သူပိုင် နယ်မြေအဖြစ် ရှုမြင်ထားတာ ဖြစ်ပြီး သူ့ နိုင်ငံထဲ သွတ်သွင်းရေးမှာ အင်အားသုံးဖို့ကိုလည်း ဘယ်တော့မှ လက်လွှတ်ထားတာ မရှိပါ။ 

ဒါပေမယ့် ထိုင်ဝမ်မှာ မျှော်လင့်ချက်အချို့ ဖြစ်ခဲ့ရတဲ့ မကြာသေးခင်က ကုလသမဂ္ဂမှာ ပြောသွားခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းကို ထိုက်အန့်ဝန်က ကိုးကားပြောဆိုလာတာပါ။

“ရေလက်ကြားတစ်လျှောက်က ခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗီဒီယိုမိန့်ခွန်း ပြောခဲ့တယ်။ အဲဒီမှာ တရုတ်နိုင်ငံက ဘယ်တော့မှ ဗိုလ်ကျစိုးမိုးမှာ မဟုတ်သလို ဩဇာလွှမ်းမိုးမှု ချဲ့ထွင်မှာလည်း မဟုတ်ဘူးဆိုပြီး ပြောခဲ့တာကို ကျွန်မလည်း သိထားပါတယ်။ ဒါဟာ စစ်မှန်တဲ့ အပြောင်းအလဲ အစလို့ ကျွန်မတို့ မျှော်လင့်တယ်။”လို့ ထိုက်အန့်ဝန်က ပြောပါတယ်။ 

“ရေလက်ကြားဒေသ တည်ငြိမ်ရေးကို ကျွန်မတို့က ထိန်းသိမ်းနေပါတယ်။ ဒါပေမယ့် ဒါကို ထိုင်ဝမ်ကပဲ ပုခုံးထမ်းနိုင်မှာ မဟုတ်ဘူး။ နှစ်ဖက်စလုံးမှာ အတူတာဝန်ရှိနေတာ ဖြစ်တယ်။”လို့ သူက ဆိုပါတယ်။ 

သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် ရန်လိုတဲ့ ရပ်တည်ချက်ဟာ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ ရှီကျင့်ဖျင်ဟာ ပြည်မကြီးထဲ ထိုင်ဝမ်ကျွန်း ပေါင်းစည်းရေးက မလွဲဧကန် ဖြစ်ရမယ်လို့ ထုတ်ဖော်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 

ထိုင်ဝမ်ကို အချုပ်အခြာပိုင် နိုင်ငံအဖြစ် သဘောထားတဲ့ ထိုက်အန့်ဝန်က ‘တရုတ်တစ်ပြည်ထောင်’ရဲ့ အစိတ်အပိုင်းအဖြစ် ထိုင်ဝမ်ကျွန်းကို သတ်မှတ်တာကို ပယ်ချထားပါတယ်။ 

အခုနှစ်မှာ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကို ပုံမှန်ထက် ဖိအားတွေ ပိုပေးလာခဲ့ပြီး ထိုင်ဝမ်ရဲ့ ဝေဟင်ကာကွယ်ရေးဇုန်အတွင်း စစ်လေယာဉ်တွေ စေလွှတ်သလို တစ်ခါတစ်ရံမှာ ထိုင်ဝမ်ရေလက်ကြားက အလယ်မျဉ်းလို့ ခေါ်တဲ့ ကန့်သတ်မျဉ်းကိုပါ ဖြတ်ကျော်ဝင်ရောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly