စစ်ရေးပြအခမ်းအနားမှာ ဧရာမ တိုက်ချင်းပစ်ဒုံးကျည်သစ်ကို မြောက်ကိုရီးယား ထုတ်ဖော်ပြသ 

စစ်ရေးပြအခမ်းအနားမှာ ဧရာမ တိုက်ချင်းပစ်ဒုံးကျည်သစ်ကို မြောက်ကိုရီးယား ထုတ်ဖော်ပြသ 
Photo - AFP

အောက်တိုဘာ ၁၁ 

မြောက်ကိုရီးယားနိုင်ငံမှာ ယမန်နေ့ အောက်တိုဘာ ၁၀ ရက်က စစ်ရေးပြအခမ်းအနားကြီးတစ်ခု ကျင်းပပြုလုပ်ခဲ့ရာမှာတော့ ဧရာမ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်ခုကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်ဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ယင်းဒုံးကျည်အမျိုးအစားထဲမှာ အကြီးဆုံး ဖြစ်လိမ့်မယ်ဆိုပြီး အကဲဖြတ်တွေက ပြောသွားခဲ့ပါတယ်။ 

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားကတော့ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို ဖီဆန်ရင်းနဲ့ ဒီ စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပြီး ဒီ အခမ်းအနားမှာ ပါဝင်တဲ့ ထောင်နဲ့ချီတဲ့ စစ်သည်တွေဟာလည်း နှာခေါင်းစည်းတွေ တပ်မထားခဲ့ကြပါဘူး။ 

ဘီး ဝင်ရိုး ၁၁ ခုထက် မလျော့တဲ့ ဒုံးတင်ယာဉ်တစ်စင်းပေါ်မှာ တင်ဆောင်ထားတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ကင်အီဆွန်း ရင်ပြင်မှာ ရွှေ့သယ် ထုတ်ဖော်လာခဲ့စဉ် ခေါင်းဆောင် ကင်ဂျုံအွန်းက စင်မြင့်တစ်ခုပေါ်ကနေ ကြည့်ရှုနေခဲ့တာကို နိုင်ငံပိုင်ရုပ်သံ KCTV ရဲ့ ဗီဒီယိုတစ်ခုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ 

ယင်းကတော့ ကုန်းလမ်းပေါ် သယ်ယူရွှေ့ပြောင်းပို့ဆောင်နိုင်တဲ့ အရည်စွမ်းအင်သုံး အကြီးဆုံး ဒုံးကျည် ဖြစ်တယ်လို့ အမေရိကန်သိပ္ပံပညာရှင်များ ဖက်ဒရေးရှင်းမှ အန်ကစ်တ် ပန်ဒါက တွစ်တာမှာ ရေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်စပိုင်း ဟနွိုင်း ညီလာခံ ပျက်ပြားပြီးနောက်ပိုင်း ပြုံယမ်းနဲ့ ဝါရှင်တန်အကြား နျူကလီးယားအရေး ဆွေးနွေးမှုတွေဟာ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားတို့ကတော့ သံတမန်လုပ်ငန်းစဉ် တစ်လျှောက် ယင်းရဲ့ လက်နက်တိုက်ကို ကြီးထွားစေဖို့ ဆက်လက် လုပ်ဆောင်နေခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ရပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်ကလည်း အမေရိကန်ရှိ ဘယ်နေရာကိုမဆို ရောက်ရှိနိုင်စွမ်း ရှိတဲ့ ဒုံးကျည်တွေကို ပြသထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ခု လက်နက်သစ်ကတော့ တစ်ကျော့ပြန်ဝင်နိုင်တဲ့ ယာဉ် လုပ်နိုင်စွမ်းတွေ အများအပြား ရှိနိုင်ပြီး အမေရိကန်ရဲ့ ကာကွယ်ရေးစနစ်တွေကို ရှောင်လွဲရာမှာ ကူညီနိုင်လိမ့်မယ်လို့ အကဲဖြတ်တွေက ထင်ကြေးပေးခဲ့ပါတယ်။ 

ဒါ့အပြင် မကြာမီကာလ နောက်ထပ် အမေရိကန်သမ္မတသက်တမ်းတစ်ခု ကျမ်းကျိန်မယ့် အချိန်ကာလဝန်းကျင်မှာ ဒေါ်နယ်ထရမ့် ဒါမှမဟုတ် ဂျိုးဘိုင်ဒန်အတွက် အချက်ပေးမှုတစ်ရပ်အနေနဲ့ ယခု ဒုံးကျည်ကို ပထမဆုံးစမ်းသပ်မှု လုပ်ဆောင်သွားနိုင်ပါတယ်။ 

ဒီ တိုက်ချင်းပစ်ဒုံးရဲ့ ရှေ့မှာ Pukguksong-4a ဆိုတဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ရတဲ့ ဒုံးကျည်သစ်တစ်ခုကို အရင် ထုတ်ဖော်ခဲ့ပြီး ဒါဟာလည်း မြောက်ကိုရီးယားရဲ့ လက်နက်တိုက်အတွက် နောက်ထပ် ထပ်တိုးလက်နက်တစ်ခုအဖြစ် ထပ်ပေါင်းထည့်ပေးပြီး အမေရိကန်ရဲ့ကျူးကျော်မှုကို တားဆီးဖို့ ဒါကို လိုအပ်တယ်လို့လည်း ပြုံယမ်းက ပြောပါတယ်။ 

ပြုံယမ်းအနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ နဲ့ ခြိမ်းခြောက်မှုကို ဟန့်တားဖို့ စစ်တပ်ကို အားကောင်းအောင် ဆက်လုပ်သွားမှာဖြစ်တယ်လို့ မီးခိုးရောင် ဝတ်စုံကို ဝတ်ထားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဟာ စစ်ရေးပြအခမ်းအနား တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။  

“ခင်ဗျားတို့မှာ စွမ်းအား မရှိဘူးဆိုရင် ခင်ဗျားတို့အနေနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းနဲ့ ကျလာမယ့် သွေးတွေကို မျက်ရည်ကို ခင်ဗျားတို့ သုတ်နေရပါလိမ့်မယ်” လို့ ကင်က ပြောခဲ့ပါတယ်။ 

အဲဒီလို ကင် စကားပြောနေချိန် လူအုပ်ထဲက အမျိုးသမီးတွေ မျက်ရည်စို့နေတာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ 

ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်စောင့်စားခံခဲ့ရတဲ့ ဒီစစ်ရေးပြအခမ်းအနားကတော့ မြောက်ကိုရီးယားရဲ့ အာဏာရ အလုပ်သမား ပါတီ ထူထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ကျင်းပတာဖြစ်ပြီး တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့အဆိုအရ ဒီအခမ်းအနားဟာ အောက်တိုဘာ ၁၀ ရက် မနက် ဝေလီဝေလင်းမှာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ မြောက်ကိုရီးယားရဲ့ စစ်ရေးပြအခမ်းအနားကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ သေချာ စောင့်ကြည့်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဆိုးလ်မြို့က ယူးဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့  လိဖ်အဲရစ်အဲစလေကတော့ အခုလက်နက်တွေဟာ ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာ မသေချာဘူး ဟန်သက်သက်လည်းဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly