အပစ်ရပ်ထားတဲ့ကြား ကာရာဘတ်ရှ်မြို့တော်မှာ ပေါက်ကွဲမှုသစ်တွေ ဖြစ်ပွား 

အပစ်ရပ်ထားတဲ့ကြား ကာရာဘတ်ရှ်မြို့တော်မှာ ပေါက်ကွဲမှုသစ်တွေ ဖြစ်ပွား 
Photo - AFP

အောက်တိုဘာ ၁၁

စစ်ဖြစ်နေတဲ့ အိမ်နီးချင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြား အပစ်ရပ်သဘောတူထားတဲ့ကြားကပဲ စနေနေ့မှာ အငြင်းပွား နာဂေါနို ကာရာဘတ်ရှ်ဒေသ မြို့တော်မှာ ပေါက်ကွဲမှုသစ်တွေ ဖြစ်ပွားပါတယ်။ 

အစောပိုင်းမှာ အမြောက်ကြီး ပစ်ခတ်တာတွေနဲ့ ဒုံးကျည်ပစ်ခတ်တာတွေက အပစ်ရပ်ကြောင့် ခဏတာ ရပ်စဲအပြီး ခုလို ထပ်မံဖြစ်ပွားတာပဲ ဖြစ်ပါတယ်။ 

စနေနေ့ နေ့လယ်ပိုင်းမှာ အသက်ဝင်တဲ့ အခု အပစ်ရပ်ကို မော်စကိုမြို့တော်မှာ ရုရှကြားဝင်ဖြန်ဖြေမှုနဲ့ အချိန်ကြာ ဆွေးနွေးပြီး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ 

အပစ်ရပ်ကို ချိုးဖောက်တယ်လို့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ဟာ အချင်းချင်း အပြန်အလှန် စွပ်စွဲကြပေမယ့် နေ့လယ်ပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေ အပစ်ရပ်ကြောင့် ခဏတန့်သွားခဲ့ပုံရပြီး အကြီးစား ဗုံးကြဲတိုက်ခိုက်တာတွေ ရက်ရှည် ကြုံခဲ့ရတဲ့ စတက်ပါနာကက်ဒေသခံအချို့ဟာ အိမ်တွေထဲက ထွက်လာခဲ့ကြပါတယ်။ 

ဒါပေမယ့် ပစ်ခတ်တာတွေက ခဏတာပဲ ရပ်စဲခဲ့တာဖြစ်ပြီး စနေနေ့ည ၁၁ နာရီခွဲလောက်မှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဖြစ်တဲ့ အဲဒီ မြို့မှာ ခုနစ်ကြိမ်တိုင်အောင် ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားလာပြန်တာကြောင့် လေကြောင်းစီးနင်းမှု ဥဩဆွဲသံတွေ သတိပေးခဲ့ရတယ်လို့ မြို့မှာ လုပ်ကိုင်နေတဲ့ အေအက်ဖ်ပီ သတင်းထောက်က သတင်းပေးပို့ပါတယ်။ 

အပြစ်ရပ်ဟာ ယာယီပဲ ဖြစ်တယ်လို့ အဇာဘိုင်ဂျန် အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

“ရုပ်အလောင်းတွေနဲ့ အကျဉ်းသားတွေ လဲလှယ်ဖို့ လူသားချင်းစာနာထောက်ထားရေး အပစ်ရပ်တစ်ရပ်ပဲ ဖြစ်တယ်။ တကယ် အပစ်ရပ်တာ မဟုတ်ဘူး။”လို့ အဲဒီ တာဝန်ရှိသူက ပြောပြီး အဇာဘိုင်ဂျန်အနေနဲ့ ကာရာဘတ်ရှ်ကို ပြန်ထိန်းချုပ်ရေး ကြိုးပမ်းမှုကို နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ ထပ်လောင်းပြောပါတယ်။ 

အငြင်းပွား ကာရာဘတ်ရှ်ဒေသဟာ အာမေးနီးယားတိုင်းရင်းမျိုးနွယ်တွေ အခြေစိုက်တဲ့ လူ တစ်သိန်းခွဲခန့် နေထိုင်ရာ အဇာဘိုင်ဂျန် ပိုင်နက်ထဲမှာ ရှိတဲ့ ဒေသဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေက လူပေါင်း သုံးသောင်းနီးပါး သေဆုံးခဲ့ရတဲ့ စစ်ပွဲတစ်ပွဲမှာ အဇာဘိုင်ဂျန် ထိန်းချုပ်မှုကနေ ကင်းကွာသွားခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီဒေသက ခွဲထွက်ရေးအစိုးရကို အာမေးနီးယားက ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံ ပြုထားတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly