အကယ်၍ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်စစ်ဆင်နွှဲရင် ဘာတွေဖြစ်နိုင်လဲ  

အကယ်၍ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်စစ်ဆင်နွှဲရင် ဘာတွေဖြစ်နိုင်လဲ  
A Thunderbolt 2000 multiple rocket launcher fires munitions during a military exercise in Taichung, Taiwan, in July. | BLOOMBERG

အောက်တိုဘာ ၁၁

ရှီကျင့်ဖျင်၏ တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်အား ကျူးကျော်သိမ်းပိုက်မည်ဟု နှစ်ပေါင်း ခုနစ်ဆယ်ကျော် ခြိမ်းခြောက်နေခဲ့သည်။ ယခုအချိန်တွင် အမေရိကန်နှင့် စစ်ပွဲတစ်ရပ်ကိုပင် မီးစပွားလာနိုင်သော တရုတ်၏ ထိုင်ဝမ်ကျူးကျော်စစ်သည် လာမည့် နှစ်အနည်းငယ်အတွင်း အမှန်တကယ် ဖြစ်ပွားလာမည့်အရေး စိုးရိမ်ပူပန်မှုများက သုတေသီများ၊ တာဝန်ရှိသူများနှင့် ရင်းနှီးမြုပ်နှံသူများကြား ကြီးထွားလာတော့သည်။

စက်တင်ဘာလအတွင်း တရုတ် ပြည်သူ့လွတ်မြောက်ရေးစစ်တပ် PLA မှ လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို အကြိမ်ကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး ဆယ်စုနှစ်များစွာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးထားသည့် တရားဝင် ထိပ်တိုက်မတွေ့ရရေး ကြားခံဇုန်ကို ဖယ်ရှားရန် လုပ်ဆောင်လာခဲ့သည်။ ပါတီသတင်းစာ Global Times က မည်သို့ ဖြစ်လာနိုင်သည်ဟု ပုံစံကားချပ် ချပြကာ တရုတ်လေတပ်အနေဖြင့် ထိုင်ဝမ်ဝေဟင်တွင် ကင်းလှည့်သင့်ပြီး တကယ်၍ ပစ်ခတ်လာခဲ့လျှင် စစ်ရေးလမ်းကြောင်းမှ ပြန်လည်ပေါင်းစည်းရေးကို ရယူရန် တိုက်တွန်းရေးသားသည်။ ထိုင်ဝမ်ဖက်ကမူ တရုတ်က တိုက်ခိုက်လာချိန်မှ ပစ်ခတ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။  

ထိုသို့ စစ်သံများ ညံနေသော်လည်း တရုတ်ရော၊ ထိုင်ဝမ်တွင်ပါ လူထောင်ပေါင်းများစွာ သေဆုံးရမည့်၊ စီးပွားရေးကို ဖျက်ဆီးချေမွမည့်၊ အမေရိကန်အပါအဝင် ၎င်း မဟာမိတ်များနှင့်ပါ နျူကလီးယား ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်သော စစ်ပွဲတစ်ရပ်ကို ရှောင်ရှားရန်လည်း အကြောင်းရင်းခံ များစွာ ရှိနေသည်။ တရုတ်အနေဖြင့် စစ်ရေးခြိမ်းခြောက်မှုများ၊ သံတမန် သင်းခွဲခြင်းနှင့် စီးပွားရေးမက်လုံးများကို လက်ကိုင်သုံးပြီး ထိုင်ဝမ်ကို ထိန်းချုပ်၍ရအောင် ဆက်လက်ကြိုးစားသွားလိမ့်မည်ဟု အများစုက သဘောထားကြသည်။ မကြာသေးမီက ထိုင်ဝမ်တွင် ရှယ်ယာတန်ဖိုးများ စံချိန်တင် မြင့်တက်ခဲ့သည်။  

သို့သော် အချို့သော အင်အားစုများက လက်တွေ့စစ်ပွဲနယ်ဆီသို့ တွန်းပို့ပေးလာဖွယ်လည်း ရှိနေသည်။ ဆုံးရှုံးပိုင်နက် ပြန်ရယူပေးခြင်းဖြင့် သမိုင်းအမွေကို ထားရစ်လိုသော ရှီကျင့်ဖျင်၏ စိတ်ဆန္ဒအစွဲ၊ တရုတ်နှင့် မည်သို့သော ပေါင်းစည်းမှုကိုမဆို ထိုင်ဝမ် ပြည်သူများကြား ထောက်ခံမှု ကျဆင်းခြင်း၊ တိုင်ပေတွင် လွတ်လပ်ရေး ထောက်ခံသည့် အင်အားစုများ တိုးများလာခြင်းနှင့် ဟောင်ကောင်မှသည် ကိုရိုနာဗိုင်းရပ်စ်နှင့် နည်းပညာနယ်ပယ်အထိ အစစအရာရာ၌ တရုတ်နှင့် အမေရိကန်ကြား ရန်လိုသော ဆက်ဆံရေး မြင့်မားလာခြင်းတို့ပဲ ဖြစ်သည်။  

“တကယ့် ထိပ်တိုက်တွေ့မှုကြီးတစ်ရပ် လာနေပြီလို့ ကျွန်တော် တစ်စထက် တစ်စ စိုးရိမ်ပူပန် လာတယ်။”ဟု “The Chinese Invasion Threat: Taiwan’s Defense and American Strategy in Asia” စာအုပ်ကို ရေးသားသော Project2049 Institute မှ အကြီးတန်းညွှန်ကြားရေးမှူး အန်းအက်စတန်က ပြောသည်။ “ဖြစ်နိုင်ခြေတွေရဲ့ ခန့်မှန်းချက် အဆုံးသတ်ဟာ အလုံးစုံ ကျူးကျော်ရေး ကြိုးပမ်းမှုနဲ့ မဟာအင်အားကြီး စစ်ပွဲတစ်ရပ်ဆီပဲ ဦးတည်နေတယ်။ လာမယ့် ငါးနှစ်ကနေ ၁၀ နှစ်ဟာ အန္တရာယ်တွေကြား ရေပြွန်းနေလိမ့်မယ်။ မီးထတောက်မယ့် အချိန်ဟာ မှန်းဆလို့ မရဘူး။”ဟု ၎င်းက ပြောသည်။

Tsai Ing-wen, Taiwan’s president, leaves a polling station during a presidential and legislative election in Taipei in January. | BLOOMBERG

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် အနိုင်ရသည့် မည်သည့် အမေရိကန်သမ္မတမဆို ရင်ဆိုင်ရမည့် ဖိစီးမှု အများဆုံး လုံခြုံရေးပြဿနာများကြားတွင် ထိုင်ဝမ်အရေးလည်း အပါအဝင် ဖြစ်လိမ့်မည်။ အမေရိကန်၏ ပါတီကြီးနှစ်ရပ်စလုံးမှ ထောက်ခံမှု ရခြင်းနှင့် ထရမ့်အစိုးရ၏ မကြုံစဖူးသော ချည်းကပ်မှုများကြောင့် တိုင်ပေအတွက် ကျေနပ်စရာ ဖြစ်ရသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်၏ မဟာဗျူဟာတန်ဖိုးအကြောင်း သံသယရှိသည်ဟု ကိုယ်တိုင်ပြောဆိုထားသကဲ့သို့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို မည်သည့် တိုက်ခိုက်မှုမျိုးမဆိုမှ ကာကွယ်သင့်သလားဆိုခြင်းအား ကွန်ဂရက်က ဆုံးဖြတ်သင့်သည်ဟု ယခင်က ပြောဆိုထားဖူးသည်။

အက်စတန်တို့လို သုတေသီများက စစ်ရေးလေ့ကျင့်မှုများ၊ အဓိကနိုင်ငံများမှ စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းနှင့် မဟာဗျူဟာမှတ်တမ်းမှတ်ရာများကို အခြေခံပြီး ထိုင်ဝမ်ကို တရုတ် ကျူးကျော်မှု ဖြစ်နိုင်ခြေအပေါ် နှစ်များစွာ တွက်ဆခဲ့ကြသည်။ အမေရိကန် မကူညီနိုင်ခင် ထိုင်ဝမ်ကျွန်းအား PLA တပ်များ စီးနင်းမိရေးကို တရုတ်က ခပ်သွက်သွက် အလဲထိုး လုပ်ဆောင်လာလိမ့်မည်ဟု သုတေသီ အများစုက ရှုမြင်ထားကြသည်။

စာရွက်ပေါ်မှာတော့ စစ်ရေးချိန်ခွင်လျှာ၌ တရုတ်မှာ အပြတ်အသတ် အသာစီးတွင် ရှိသည်။ တရုတ်သည် ၎င်း၏ စစ်တပ်အတွက် အသုံးစရိတ်ကို ထိုင်ဝမ်ထက် ၂၅ ဆခန့် ပိုသုံးစွဲကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသီ အင်စတီကျူ က ခန့်မှန်းထားသည်။ နျူကလီးယားလက်နက်သိုက်ကို အသာထားတော့ ဒုံးကျည်များနှင့် တိုက်လေယာဉ်များမှသည် စစ်သင်္ဘောနှင့် တပ်အင်အားတို့စတော့ သမရိုးကျ စစ်အင်အားအရာတွင်ပင် တရုတ်က အစစ သာလွန်သည်။

တရုတ်၏ အသာစီးရမှုတွက်ချက်ခြင်းမှာ တစ်ခြားနယ်ပယ်တွင်လည်း ရှိနေနိုင်သေးသည်။ ထိုင်ဝမ်၏ ဘဏ္ဍာရေးစနစ်နှင့် အဓိက အခြေခံအဆောက်အအုံများကို ဆိုင်ဘာနှင့် အီလက်ထရောနစ် စစ်ယူနစ်များက ကြိုတင်ပစ်မှတ်ထားလာမည် ဖြစ်သလို ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များကို ကြိုတင် သတိပေးနိုင်မှုအား လျှော့ချရန် အမေရိကန် ဂြိုဟ်တုများကိုလည်း ပစ်မှတ်ထားလိမ့်မည် ဖြစ်သည်။ ထိုင်ဝမ်ပတ်လည်၌ သင်္ဘောများကို တရုတ်ရေယာဉ်များက အနှောင့်အယှက်ပေးပြီး လောင်စာနှင့် စားနပ်ရိက္ခာ အဓိက အထောက်အပံ့များကိုလည်း ကန့်သတ်ပစ်နိုင်သည်။    

ထိုင်ဝမ်၏ ထိပ်တန်း နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များကို လေကြောင်း တိုက်ခိုက်မှုများဖြင့် မြန်မြန်ဆန်ဆန် သုတ်သင်ပစ်ကာ ထိုင်ဝမ်တပ်များ တပ်မလှုပ်နိုင်အောင် လုပ်လာနိုင်သည်။ တရုတ်စစ်တပ်က ၎င်း၏ စစ်ရေးလေ့ကျင့်မှုအချို့ကို ‘စစ်ဦးချိုး စစ်ရေးလေ့ကျင့်မှု’အဖြစ် ရည်ညွှန်းပြောဆိုထားသည်။ ထိုင်ဝမ် သမ္မတရုံး အဆောက်အအုံနှင့် တစ်ထေရာတည်း တူသည့် သဏ္ဍာန်တု ပစ်မှတ်များဖြင့် မြေပြင်စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်သည်ကိုလည်း ကောင်းကင်ဓာတ်ပုံများအရ မြင်တွေ့ရသည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် မိုင် ၈၀ ခန့် (ကီလို ၁၃၀) ကို PLA စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများဖြင့် ပိတ်ဆို့ထားပြီး ကျူးကျော်စစ်ကို စလာနိုင်သည်။ ထိုင်ဝမ်မှ ကီလိုမီတာ ၅၀ ခန့်တွင် ရှိပြီး ထိုင်ဝမ်စစ်တပ် တပ်ခွဲသုံးခွဲ အခြေစိုက်ရာ Penghu ကျွန်းစုဆီ မတိုက်ခိုက်ခင် Kinmen နှင့် Pratas တို့လို အစွန်အဖျားကျွန်းများသည် အမြန်အဆန်ပဲ လက်ရသိမ်းပိုက်ခံရနိုင်သည်။ တရုပ်တပ်မတော် PLA က ထိုသို့ ခြေကုပ်ယူလိုက်နိုင်ခြင်းဖြင့် စစ်ရေးအရ အလေးသာကာ ကျယ်ပြန့်သော တိုက်ခိုက်မှုအတွက် စတင် ထိုးစစ်ဆင်လိမ့်မည် ဖြစ်သည်။

တရုတ်စစ်သင်္ဘောများက ရေလက်ကြားတစ်လျှောက် အရှိန်ဖြင့် ဖြတ်သန်းနေစဉ် လေထီးတပ်သားများက ထိုင်ဝမ်ကမ်းရိုးတန်းများအပေါ်  ထောင်ပေါင်းများစွာ ရောက်ရှိလာပြီး ခံစစ်ကို ချိုးခြင်း၊ မဟာဗျူဟာ အဆောက်အအုံများကို သိမ်းပိုက်ခြင်းနှင့် ကမ်းတက်ခြေကုပ်ခံတပ်များ တည်ဆောက်ကြမည် ဖြစ်သည်။ ယင်းနောက်တွင် အဆုံးအဖြတ် အောင်ပွဲကို ရယူမည့် စစ်သား ထောင်ပေါင်းများစွာကို PLA က စေလွှတ်မည် ဖြစ်သည်။

လက်တွေ့မြေပြင်မှာတော့ မည်သည့် ကျူးကျော်စစ်မဆိုက စွန့်စားရသည့် ဘေးအန္တရာယ် အလွန်များသည်။ တရုတ်၏ ကြီးထွားလာသော စစ်ရေးအသာစီးရမှုနှင့် မျှခြေညီအောင် ရုန်းကန်ကြိုးစားရာတွင် နောက်ကျနေသည် ဆိုလင့်ကစား ထိုင်ဝမ်အနေဖြင့် ဆယ်စုနှစ်များစွာ ပြင်ဆင်ထားသည်။

Howitzers fire munitions during a military exercise in Taichung, Taiwan, in July. The drills are aimed at repelling a Chinese invasion across the Taiwan Strait. | BLOOMBERG

ထိုင်ဝမ်၏ အဓိကကျွန်းမကြီးမှာ သဘာဝခံတပ်တစ်ခုလည်း ဖြစ်နေသည်။ မခန့်မှန်းနိုင်သော ရာသီဥတုနှင့်အတူ လှိုင်းလေထန်သည် ပင်လယ်များက ဝိုင်းရံထားသည်။ ပြည်သူ ၂၄ သန်းကို လက်အောက်သွတ်သွင်းရန် လုံလောက်သော တပ်အင်အားကို တင်ဆောင်လာမည့် သင်္ဘောကြီးတစ်စီး ကမ်းကပ်နိုင်ရန်အတွက် ထိုင်ဝမ်၏ ကျောက်ဆောက်ကျောက်ကမ်းပါး ပေါများသော ကမ်းရိုးတန်းများတွင် သင့်တော်သော ကမ်းခြေကျယ်တစ်ခုနှင့် ကမ်းခြေနေရာ အနည်းငယ်သာ ရှိသည်။ အရေးပါသော ခေါင်းဆောင်များ၏ အသက်ကို ကာကွယ်ရန် တောင်ကုန်းတောင်တန်းများတွင် ဥမင်လိုဏ်ခေါင်းများစွာ ဖောက်လုပ်ထားရာ တရုတ်တပ်များ ဝင်လာသည့်အခါ၌ တော်လှန်ရေးသမားအတွက် အကာအကွယ် ယူ၍လည်း ရမည် ဖြစ်သည်။

ကာကွယ်ရေး လက်နက်အားလုံးကို တရုတ်က အလျင်အမြန် မဖျက်ဆီးနိုင်ရန် ထောက်လှမ်းခြင်းကို ရှောင်ရှားနိုင်သည့် ရွေ့လျားဒုံးကျည်စနစ်များကဲ့သို့သော အမျိုးမျိုးသော စွမ်းဆောင်ရည်များကို မြှင့်တင်ရေး စီမံချက်တစ်ရပ်အား ၂၀၁၈ ၌ ထိုင်ဝမ်က ထုတ်ဖော်ပြသခဲ့သည်။ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များနှင့် လေယာဉ်ပစ် လက်နက်ကြီးများ ထောင်ပေါင်းများစွာဖြင့် ထိုင်ဝမ်သည် တရုတ်ကျူးကျော်ရေးတပ်များ အဓိကကျွန်းမကြီးဆီ မရောက်မီ ကြီးမားသော အဆုံးအရှုံးများဆီ တွန်းပို့နိုင်သည်။

အဓိက ခြေကုပ်ယူမည့် နေရာများ ပတ်လည်၌ ထိုင်ဝမ်စစ်တပ်က ခံစစ်ပြင်ထားပြီး ရေပြင်နှင့် ဝေဟင်မှ ရောက်ရှိလာသော တရုတ်တပ်များကို တွန်းလှန်ရေးအတွက် ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ထားသည်။ Taichung အနောက်ဖက်ဆိပ်ကမ်း ပြင်ဖက်တွင် ဇူလိုင်လအတွင်းက စစ်ရေးလေ့ကျင့်ရာ၌ ကမ်းခြေပေါ်က ပစ်မှတ်များကို M60 တင့်ကားများ၊ လက်နက်ကြီးများနှင့် ဒုံးကျည်တပ်ခွဲများက ထိုးနှက်တိုက်ခိုက်နေစဉ် ဝေဟင်မှနေ၍ အပါချီ ရဟတ်ယာဉ်များ၊ F-16 တိုက်လေယာဉ်များနှင့် ပြည်တွင်းထုတ် ဂျက်တိုက်လေယာဉ်များဖြင့် ကမ်းလွန်ရေပြင် ပစ်မှတ်များကို တိုက်ခိုက်ခဲ့မှုများ ဆောင်ရွက်ခဲ့သည်။

ကမ်းတက်သိမ်းမည့် တရုတ်စစ်သားများအနေဖြင့် ကျူးကျော်စစ်ကို ခုခံတွန်းလှန်ရန် အဆင်သင့်ရှိနေသည့် ထိုင်ဝမ် တင်းပြည့်စစ်သား ၁၇၅၀၀၀ အင်အားနှင့် အရန်တပ်ဖွဲ့ဝင် တစ်သန်းကျော်နှင့် ရင်ဆိုင်ရလိမ့်မည်။ တရုတ်အနေဖြင့် ထိုင်ဝမ်အရပ်သား ထောင်သောင်းချီကာ သေဆုံးရမည့် အရမ်းကာရော ဗုံးကြဲမှုများကဲ့သို့ အခြား ရွေးချယ်စရာများတော့ ရှိထားသည်။ သို့ရာတွင် ထိုသို့သော တိုက်ခိုက်မှုမျိုးက သစ္စာခံ တရုတ်နိုင်ငံသားများနှင့်အတူ ချမ်းသာကြွယ်ဝသော ပိုင်နက်နယ်မြေအဖြစ် ထိုင်ဝမ်ကို ပြယုဂ်ထားချင်သော ကွန်မြူနစ်ပါတီ၏ အဆုံးစွန်သော ပန်းတိုင်ကို ထိခိုက်စေလိမ့်မည်ဟု ပင်တဂွန်နှင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများကို အကြံပေးခဲ့သူ မိုက်ကယ်ဘတ်လေးက ၂၀၁၇ စာတမ်းတစ်စောင်တွင် ရေးသားသည်။

“ရှင်းတာကတော့ PLA အနေနဲ့ ထိုင်ဝမ်ဖက်က ခုခံကာကွယ်မယ့်သူတွေကြောင့် ဗျာများရဖို့ ရှိနေတယ်။ ဒါကြောင့် အမေရိကန်ဟာ တရုတ်ရဲ့ ကျူးကျော်မှု တစ်ရပ်ကို အဟန့်အတားလုပ် နှောင့်ယှက်နိုင်ဖို့ တိုက်ပွဲတစ်ရပ်ကို နှပ်ကြောင်းပေးထားဖို့တော့ လိုမှာ ဖြစ်တယ်။”ဟု ၎င်းက ရေးသားသည်။  

ကျူးကျော်မှု အနာဂတ်ဖြစ်နိုင်ခြေကို အကဲဖြတ်ရာတွင် အမေရိကန်၏ ပါဝင်မှုသည် အဓိကအောက်ဖဲအဖြစ် ရှိနေသည်။ တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်မှုအရ ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် အပြန်အလှန် ကာကွယ်ရေးပဋိဉာဉ်ကို ဖျက်သိမ်းခဲ့ပြီးသော်လည်း အမေရိကန်ရေတပ်အင်အားသည် မည်သည့်တိုက်ခိုက်မှုမဆိုမှ တရုတ်အား ရေရှည်ဟန့်တားထားခြင်း ဖြစ်သည်။ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ ထိုင်ဝမ်၌ ပြည့်စုံလုံလောက်သော ကိုယ်ပိုင်ကာကွယ်ရေးကို ထိန်းသိမ်းထားနိုင်ရေးအတွက် အမေရိကန်က လက်နက်ရောင်းချခွင့် ရှိသည်။  

Chinese President Xi Jinping arrives with Premier Li Keqiang (left) for a reception at the Great Hall of the People on the eve of China’s National Day on Sept. 30. | AFP-JIJI

တရုတ်ကျူးကျော်မှုကို ကြားဝင်စွက်ဖက်ရန် ပျက်ကွက်ခဲ့မည်ဆိုလျှင် အမေရိကန်ဂုဏ်သိက္ခာအတွက် အရှက်ရစရာ ဖြစ်လာနိုင်သည်။ ၁၉၅၆ ဆူးအက်တူးမြောင်း ထိန်းချုပ်ခွင့်အား ပြန်လည်ရရှိရေး၌ ဗြိတိန်၏ အရေးနိမ့်ခဲ့ရမှုအတိုင်းပင် ဖြစ်လာနိုင်သည်ဟု Bridgewater Associates တည်ထောင်သူ ဘီလျှံနာသူဌေး ရေးဒါလီယိုက စက်တင်ဘာ ၂၅ ရက်တွင် ရေးသားသည်။ အဆိုပါ ဆူးအက်တူးမြောင်း ဆုံးရှုံးမှုသည် ဗြိတိသျှအင်ပါယာ အစိတ်စိတ် ကွဲပြိုခြင်းကို အရှိန်မြှင့်လိုက်ပြီး ဒေါ်လာက အရန်ငွေကြေးအဖြစ်သို့ ရောက်ရှိအောင် ပေါင်ငွေတန်ဖိုး ကျဆင်းခဲ့ရသည့် ကြိုတင်နိမိတ်ဖြစ်ခဲ့သည်ဟု ဒါလီယိုက ဆိုသည်။

“ထိုင်ဝမ်ကာကွယ်ရေးကို အမေရိကန်က အပြသက်သက် ပိုလုပ်လေ၊ အရေးနိမ့်နေတဲ့ စစ်ပွဲတစ်ပွဲရဲ့ အရှက်ရစရာက ပိုကြီးမားလေ ဖြစ်ပါတယ်။ လက်တွေ့ ဖြစ်ပေါ်လာနိုင်တဲ့ ကံတရားကို နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရဖို့ ရှိနေပုံရချိန်မှာတောင် အမေရိကန်ဟာ ထိုင်ဝမ်ကာကွယ်ရေးမှာ အတော်လေး အပြသက်သက် လုပ်နေတာကြောင့်လည်း စိုးရိမ်ပူပန်စရာ ကောင်းနေပါတယ်။”ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်ပဋိပက္ခတစ်ရပ်ကို အမှန်တကယ် ပေါ်ပေါက်စေနိုင်သော တရုတ်၏ ခွဲထွက်ရေးဆန့်ကျင်သည့် ဥပဒေတွင်လည်း အငြင်းပွားမှုများ များစွာရှိနေသည်။ တိုင်ပေအစိုးရအတွက် တရားဝင် လွတ်လပ်ရေးကြေညာရန် ကြိုးပမ်းခြင်းနှင့်အတူ မြင်သာသော ကန့်သတ်ကြိုးနီများမှ တစ်ခုဖြစ်သည့် ထိုင်ဝမ်သို့ အမေရိကန်စစ်တပ်၏ မည်သည့် တပ်ဖြန့်မှုမဆိုက စစ်ပွဲကို အစပျိုးစေလိမ့်မည်ဟု တရုတ်နိုင်ငံပိုင် သတင်းက သတိပေးထားသည်။ “ပထမဆုံး တိုက်ပွဲက နောက်ဆုံးပိတ် တိုက်ပွဲပဲ ဖြစ်လိမ့်မည်။”ဟု နိုင်ငံပိုင် ရုပ်သံ CCTV ကလည်း မကြာသေးခင်က သတိပေးထားသည်။  

တရုတ်နိုင်ငံ ' ပေါင်းစည်းရေး' ဟူသော  ကတိကဝတ်အပေါ် အခြေတည်ထားသည့် ကွန်မြူနစ်ပါတီ တရားဝင်အုပ်ချုပ်ချိန်မှစပြီး ထိုင်ဝမ်ကို လွတ်လပ်သော နိုင်ငံအဖြစ် ခွင့်ပြုပေးလိုက်ပါက နိုင်ငံ၏ ၁ ဒသမ ၄ ဘီလီယံသော ပြည်သူများ စိတ်ယိမ်းယိုင် အားယုတ်သွားနိုင်သည်ဟူသော မူကို ဆုပ်ကိုင်ထားခြင်းလည်း ရှိနေသည်။ ထိုပြင် အစွန်အဖျားကျွန်းများဖြစ်လည်း ဘယ်လို ကျူးကျော်မှု မဆိုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများနှင့် တည်ငြိမ်မှုမဲ့သော ပဋိပက္ခ ဘေးများကို ဆောင်ကြဉ်းလာနိုင်သည့်ကြားမှပင် နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် တရုတ်၏ ခြိမ်းခြောက်မှုများသည် ပြည်တွင်းလူထုကို ဆွဲဆောင်နိုင်ပြီး တစ်ချိန်တည်းမှာပင် ထိုင်ဝမ်ကိုလည်း အဟန့်အတား ဖြစ်စေသည်။

ထိုင်ဝမ်အတွက် အမေရိကန် ပံ့ပိုးထားမှုများမှ အဓိကဒေသဖြစ်သည့် ဂူအမ်ကျွန်းရှိ အန်ဒါဆန်လေတပ်စခန်းက လေယာဉ်ပြေးလမ်းနှင့် ဆင်တူသော ပြေးလမ်းတုကို H-6 ဗုံးကြဲလေယာဉ်များဖြင့် သဏ္ဍာန်တု တိုက်ခိုက်ခဲ့သည့် ဗီဒီယိုအား PLA က စက်တင်ဘာလအတွင်း ထုတ်လွှင့်ခဲ့သည်။ တရုတ်၏ လေကြောင်းရန်ကာစနစ်က ရောက်လာမည့် ပစ်ခတ်မှုများကို ကြားဖြတ်ပစ်ချနေချိန် DF-26 ကဲ့သို့သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များက အမေရိကန်စစ်စခန်းများကို ရှင်းလင်းဖယ်ရှားပစ်နိုင်သည်ဟု The Global Times ကလည်း သတင်းဖော်ပြခဲ့သည်။  

Taiwanese Apache helicopters release flares during a military exercise in Taichung in July. | BLOOMBERG

ယင်းက အမေရိကန် စစ်ဗျူဟာရှင်များအတွက် စိုးရိမ်စရာပဲ ဖြစ်တော့သည်။ အမေရိကန်အနေဖြင့် တရုတ်ထက် စစ်ရေးရှေ့ပြေးနေခြင်း၌ ရေရှည်ကျေနပ်နေနိုင်မည်မဟုတ်ဘဲ တိုက်ပွဲအစနာရီများ၌ ပစ်မှတ်တိကျသော တိုက်ခိုက်မှုများကြောင့် ယင်း ဒေသရှိ အမေရိကန်စစ်စခန်းများ၊ လေယာဉ်ဆင်းကွင်းများနှင့် ဆိပ်ကမ်းများကို အချည်းနှီး လက်လွှတ်လိုက်ရနိုင်သည်ဟု ဆစ်ဒနီတက္ကသိုလ်၏ ပြီးခဲ့သည့် နှစ် သုတေသနတစ်ရပ်၌ သတိပေးထားသည်။

“ပေကျင်းရဲ့ မဟာဗျူဟာက ထိုင်ဝမ်ရဲ့ ခုခံမှုကို လျော့တွက်ထားယုံတင်မကဘူး ၊ ရေလက်ကြားအရေးမှာ အမေရိကန် ဘယ်လို ချည်းကပ်မလဲဆိုတာကိုပါ အလောင်းအစားလုပ်သလို ဖြစ်တယ်။”ဟု သမ္မတ ဘားရတ်အိုဘားမားလက်ထက် ထိပ်တန်းနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း ဒန်နီရပ်ဆဲလ်က စက်တင်ဘာ ၈ ရက်၌ တိုင်ပေတွင် ပြောသည်။ “တရုတ်ရဲ့ ဒေါင်းတင်မောင်းတင် ပြောဆိုနေတာတွေဟာ အနောက်တိုင်းစနစ် အထူးသဖြင့် အမေရိကန်ဟာ အခြေအနေ သိပ် မဟန်ဘူးဆိုပြီး ခံယူထားတာကို တည်နေတာပဲ” ဟု သူက ပြောသည်။

အမေရိကန်စစ်အခြေစိုက်များနှင့် လေယာဉ်တင်သင်္ဘောများကို ဖျက်ဆီးပစ်နိုင်သော ဒုံးကျည်လေးစင်ကို ဩဂုတ်လအတွင်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ထဲ ပစ်လွှတ်ခဲ့သည်။ DF-26 ဒုံးကျည်များတွင် နျူကလီးယားရော၊ သမရိုးကျထိပ်ဖူးများပါ တပ်ဆိုင်နိုင်၍ တရုတ်က စစ်ဆော်ဩပြီဆိုသည်နှင့် အမေရိကန်သည် တရုတ်နျူကလီးယားအင်အားစုများကို လက်ဦးမှုယူ တိုက်ခိုက်လာနိုင်ခြင်းကြောင့် ထိန်းမရနိုင်သော တိုက်ပွဲတစ်ရပ်ဆီ ဦးတည်သွားနိုင်ခြေကို လက်နက်ထိန်းချုပ်ရေး ပညာရှင်များက စိုးရိမ်ကြသည်။

ကမ္ဘာအနေဖြင့် ထို ကာလမျိုး ဆိုက်ရောက်လာမလားဆိုသည်မှာ ပေကျင်းနှင့် ဝါရှင်တန်ရှိ နိုင်ငံရေးခေါင်းဆောင်များအပေါ်တွင် အများဆုံး မူတည်နေသည်။

အမေရိကန်တွင်လည်း ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘော်တန်တို့လို တစ်ချို့သောပုဂ္ဂိုလ်များက ထိုင်ဝမ်ကို အမေရိကန်က အကူအညီ ပေးလိမ့်မည်ဆိုတာကို အစိုးရက ပို၍ ရုပ်လုံးဖော်ပြထားစေလိုကြသည်။ ရှီကျင့်ဖျင်ကို ဟန့်တားရန် ကြားဝင်စွက်ဖက်မည်ကို အမေရိကန်က အတိအလင်း ထုတ်ဖော်ပြသထားသင့်ပြီး မဟာမိတ်များကို စိတ်အေးရစေသင့်သည်ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ ရစ်ချက်ဟက်စ်က ယမန်လအတွင်း ပြောသည်။

“ဖြစ်နေတာဟာ တရုတ်ရဲ့ နိုင်ငံရေးစနစ်မှာ ကွန်မြူနစ်ပါတီ ဩဇာကြီးကြီးမားမား ရှိတာကို ဆက်လက်ထိန်းသိမ်းထားရေး ဆန္ဒဇောဟာ ရှီကျင့်ဖျင်ကို စေ့ဆော်နေတာပဲ ဖြစ်တယ်။”ဟု စက်တင်ဘာ ၂ ရက် ထုတ် Foreign Affairs မဂ္ဂဇင်းတွင် ရစ်ချက်ဟက်စ်က ဒေးဗစ်ဆတ်နှင့် ပူးတွဲရေးသားခဲ့သည်။ “ထိုင်ဝမ်ကို တရုတ်ထဲ ပြန်လည်ပေါင်းစည်းရေး အရေးပျက်ပြားခဲ့ရင် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဩဇာကြီးမှုဟာ ဆိုးဆိုးဝါးဝါး ဘေးသင့်လာလိမ့်မှာ ဖြစ်တယ်။ ဒါမျိုးကို ရှီကျင့်ဖျင်က လက်ခံလိမ့်မှာ မဟုတ်ဘူး။”ဟု ယင်း ဆောင်းပါးတွင် ရေးသားသည်။

ထိုင်ဝမ်လွတ်လပ်ရေး ပျက်ပြားအောင် တန်ဖိုးအားလုံး ပေး လုပ်ဆောင်သွားမည်ဟု တရုတ်စစ်တပ်က စက်တင်ဘာလအတွင်းက ပြောထားသည်။ ထိုင်ဝမ်သမ္မတ ထိုက်အန့်ဝန်၏ လွတ်လပ်ရေးလိုလားသော တိုးတက်သော ဒီမိုကရက်တစ်ပါတီ Democratic Progressive Party သည် လက်ရှိ အခြေအနေကို လုံးဝလွဲမှားတွက်ချက်နေသည်ဟု ပေကျင်းရှိ တရုတ် ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရသူ မာရှောက်ကွမ်ကလည်း သီးခြားသတိပေးသည်။

ကျူးကျော်ရေးအတွက် PLA က တပ်စုနေသည့် လက္ခဏာမရှိဟု စက်တင်ဘာ ၂၉ ရက်၌ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ယန်ဒီဖာက လွှတ်တော်အမတ်များကို ပြောသော်လည်း တရုတ်စစ်တပ်၏ ခြိမ်းခြောက်မှုများက ဒီရေမြင့်တက်လာနေကြောင်း ထိုင်ဝမ်တာဝန်ရှိသူများက ပြောကြသည်။  

“အဆိုးဆုံးအတွက် ကျွန်တော်တို့ ပြင်ဆင်ရလိမ့်မယ်။”ဟု သမ္မတ ထိုက်အန့်ဝန်၏ အာဏာရပါတီနှင့် ပေါင်းစည်းထားသော New Frontier Foundation တွင် လက်ရှိလုပ်ကိုင်နေသူ ထိုင်ဝမ်အထူးတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးဖြစ်သည့် အီနော့ဝူက ဆိုသည်။ “တရုတ်ဟာ အချိန် ကြာကြာ ထပ်စောင့်နေမှာ မဟုတ်သလို လူထုရဲ့ နှလုံးသည်းပွတ်ကို သိမ်းသွင်းဖို့ကိုလည်း သိပ်ကြိုးစားလိမ့်မှာ မဟုတ်ဘူး။”ဟု ၎င်းက ပြောသည်။

Members of a Chinese military band pose for photos before a reception at the Great Hall of the People in Beijing on the eve of China’s National Day on Sept. 30. | AFP-JIJI

နောက်ဆုံးတွင် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် တိုက်ခိုက်မှုအတွက် အမိန့်ပေးရရန် လိုမည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်က သူက ပြောရာတွင် အင်အားသုံးရမည်ကို သူ့ အနေဖြင့် မျက်ကွယ်ပြုထားခြင်း မရှိသော်လည်း ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ ထိုင်ဝမ်က တရုတ်နှင့် ပေါင်းစည်းခြင်းသည် ခေတ်သစ်၌ တရုတ်နိုင်ငံကို အကြီးမားဆုံးသော အားသစ်လောင်းလိုက်ခြင်း ဖြစ်မည်ဟု ၎င်းက ပြောသည်။ မော်စီတုံးနောက်ပိုင်း တရုတ်၏ အာဏာအပြင်းဆုံး ခေါင်းဆောင်ဖြစ်နေသူ ရှီကျင့်ဖျင်က သမ္မတ သက်တမ်း အကန့်အသတ်ကို ဘောင်အတွင်းမှ ပယ်ဖျက်နေပြီး သက်တမ်း တိုးမြှင့်နေခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ ထိုင်ဝမ်ပေါင်းစည်းရေးအတွက်လည်း ပါသည်။

ကျူးကျော်မှုက ပါတီအတွက် အလွန်ကြီးမားသော ဘေးအန္တရာယ်များကို သယ်ဆောင်လာမည် ဆိုသော်လည်း အငြင်းပွား ပိုင်နက်များအရေးတွင် သူ့အနေဖြင့် မလျော့စတမ်း အရေးယူဆောင်ရွက်သွားမည်ဟု ရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုထားသည်။ ဟောင်ကောင်က ဒီမိုကရေစီလှုပ်ရှားမှုများကို ချေမှုန်းခြင်း၊ တောင်တရုတ်ပင်လယ်က ကျွန်းများတွင် စစ်ရေးတည်ဆောက်မှုနှင့် ရှင်ကျန်းဒေသက ဝီဂါမွတ်စလင် တစ်သန်းကျော်ကို ပညာပေးရေးစခန်းများတွင် ထားရှိမှုများအတွက် နိုင်ငံတကာ ရှုတ်ချမှုများကိုလည်း သူက လျစ်လျူရှူထားသည်။  

ထိုအ‌ချင်းအရာသည် တရုတ်၏ ကျူးကျော်ရေး ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး စာအုပ်ရေးသားသူ အက်စတန်ကဲ့သို့သော သုတေသီများကို စိတ်ပူပန်စေသည်။

“ထိုင်ဝမ်က တစ်ကိုယ်တော် တိုက်ပွဲဝင်လည်း တရုတ်အတွက် ဆိုးဆိုးဝါးဝါး တန်ဖိုးပေးဆပ်ရလိမ့်မှာ ဖြစ်တယ်။ သေကြေပျက်စီးမှုတွေ အနည်းဆုံး သောင်းနဲ့ချီ ရှိလာမယ်။”ဟု ၎င်းက ပြောသည်။ “ဒါပေမယ့် ဒီ တန်ဖိုးကို ရှီကျင့်ဖျင်က ပေးချင် ပေးလိမ့်မှာပဲ။ ဘေးအန္တရာယ်နဲ့ လောင်းကြေးထပ်မယ့် ဆုံးဖြတ်ချက်အတွက် ကွန်မြူနစ်ပါတီရဲ့ လုပ်နိုင်စွမ်းကို ကျွန်တော်တို့ လျှော့တွက်ထားမိတယ်။”ဟု သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly