ပုလောတွင် အထူးရဲတပ်သား တစ်ဦး ကိုဗစ်ပိုးတွေ့

ပုလော၊ ဒီမိုးသွေး (မြိတ် )

အောက်တိုဘာ (၁၀)

 မြိတ်ခရိုင် ပုလောမြို့နယ်တွင် ရွေးကောက်ပွဲ ကာလ အတွင်း မဲရုံ လုံခြုံရေး အတွက် သင်တန်း တက်ရောက် နေသည့် အထူးရဲ တပ်သား တစ်ဦးတွင် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရပြီး ကူးစက်ခံရသည့် အကြောင်းရင်းကို မသိရသေး ကြောင်း ပုလောပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေးမှုး ဒေါက်တာ ပြုံးချိုက ပြောသည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၁ရက်မှ စတင်ကာ စခန်းသွင်း သင်ကြားနေခြင်းဖြစ်ပြီး သင်တန်းသားများအားလုံးကို ကိုဗစ်ကူး စက်ခံရခြင်းရှိ၊မရှိ စစ်ဆေးရာမှ သင်တန်းသားတစ်ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပုလောမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးမှူး ဒေါက်တာ ပြုံးချိုက“လက်ရှိမှာ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့ အထူးရဲ တပ်သားနဲ့ ပတ်သက်ပြီး၊ ရာဇဝင်က မသိရှိရသေးဘူး၊ ဒါပေမယ့် သင်တန်းထဲမှာ သူနဲ့ ထိတွေ့ ဆက်စပ်နေသူတွေကိုတော့ စစ်ဆေး ချက် အရ အားလုံးမှာ ပိုးမတွေ့ရပါဘူး”ဟု ပြောသည်။

အဆိုပါ အထူးရဲ တပ်သား သင်တန်းတွင် စုစုပေါင်း သင်တန်းသား ၃၉ ဦး တက်ရောက်နေခြင်း ဖြစ် သည်။

“လက်ရှိမှာ သင်တန်းက ဆက်လုပ်နေပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျန်တဲ့ သင်တန်းသားတွေမှာ ပိုးမတွေ့ရလို့ ဖြစ်တယ်”လို့ ဒေါက်တာ ပြုံးချိုက ပြော သည်။

အဆိုပါ ကိုဗစ် ကူးစက်ခံထားရသည့် အထူးရဲ တပ်သားအား ပုလောမြို့ COVID-19 ကာကွယ် ထိန်းချုပ်ရေး စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပုလောမြို့နယ်တွင် လက်ရှိ အချိန် အထိ ကိုဗစ်ပိုး ကူးစက်ခံထားရ သူများမှာ စုစုပေါင်း ၅၁ ဦး အထိ ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly