ပြည်ထောင်စုသဘောတူစာချုပ်က ဖွဲ့စည်းပုံကိုပြင်နိုင်ပါ့မလား

ပြည်ထောင်စုသဘောတူစာချုပ်က ဖွဲ့စည်းပုံကိုပြင်နိုင်ပါ့မလား
ဓာတ်ပုံ -  ပြည်ထောင်စုသဘောတူစာချုပ်(အစိတ်အပိုင်း-၃)ကို လဲလည်နေခြင်း(ပုံ-NRPC)

အောက်တိုဘာ ၁၀၊ ၂၀၂၀

နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက်ဆိုလျှင် သက်ဆိုင်ရာ နိုင်ငံတွင် ပြဋ္ဌာန်း ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်မထောက်တိုင် တစ်ခုအဖြစ် အလွန်အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်သည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသူ/သားများကို စီမံခန့်ခွဲ၍ အုပ်ချုပ်သည့် ပင်မထောက်တိုင် ကြီး တစ်ခုဖြစ်သည့်အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဆိုသော လောကပါလ တရား များကို တစ်ပြေးညီ ပုံဖော်ပေးရသည်။

ထိုသို့မဟုတ်ပဲ မညီမျှမှုများဖြင့် ဆောင်ရွက်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်နေပါက နိုင်ငံတွင်း တည်ငြိမ်းအေးချမ်းမှု ပျက်ပြားစေကာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား၍ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးများ နိမ့်ကျသွားနိုင်ပါသည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသူ/သားများ ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းသော အခင်းအကျင်းကို ဖန်တီပေးနိုင်သကဲ့သို့ ဆန့်ကျင်ဘက် အခြေအနေကိုလည်း ဖန်တီပေးနိုင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဆိုသော လောကပါလ တရားများနှင့်အညီ ရေးဆွဲ ပြဋ္ဌာန်းကြလေ့ရှိသည်။

မြန်မာနိုင်ငံကို လေ့လာကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ပါ မညီမျှမှုများကြောင့် အငြင်းပွား၍ တည်ငြိမ်အေးချမ်းမှုများ ပျက်စီးကာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားစေခဲ့သလို နိုင်ငံတော်နှင့် နိုင်ငံသူ/သားများလည်း ဖွံ့ဖြိုးမှုများ နိမ့်ကျခဲ့ကြရသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ရေးဆွဲပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာလည်း အငြင်းပွား လျက်ရှိနေကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရအတွက် ရေးဆွဲ ထားသော ဥပဒေဖြစ်ပြီး ပြည်သူလူထုအတွက် ရေးဆွဲထားသည့် ဥပဒေမဟုတ်ပေ။ ထို့ကြောင့် တက်လာသော အစိုးရတိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်များအပေါ် အားရကျေနပ်လေ့ရှိကြပြီး အုပ်ချုပ်ခံ လူတန်းစားဖြစ်သည့် ပြည်သူလူထုများကတော့ မကျေနပ်နိုင်ကြပေ။

ဤကဲ့သို့ ဖြစ်တည်နေမှုများကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း၍ အုပ်ချုပ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံသူ/သားများက ပြင်ဆင်လိုနေကြသည်။သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို သည့်တိုင် တချို့သော ပြဋ္ဌာန်းချက်များသည် အလွယ်တကူ ပြင်နိုင်သလို တချို့သော ပြဋ္ဌာန်းချက်များသည် အခန်း(၁၂) ပါ ပြဋ္ဌာန်းချက်အရ ပြင်ဆင်ရမည် ဖြစ်သည့်အတွက် အလွန်ခက်ခဲမှုများလည်း ရှိနေသည်။

မြင်အောင် အလွယ်ဆုံးပြောရမည်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဖြစ်သည့်အတွက် လွှတ်တော် အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက တစ်ဦး မထောက်ခံပါက ပြင်ဆင်၍ မရနိုင်ပေ။

ထို့ကြောင့် နိုင်ငံတကာတွင် ပြင်ဆင်ရန် အလွန်ခက်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း တစ်ခု အပါအဝင် ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် လိုသော နိုင်ငံသူ/သားများသည် လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ နည်းလမ်းပေါင်းစုံ ရှာဖွေ လျက်ရှိကြ သည်။

ဤသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများ ရှာဖွေကြရာတွင် အစိုးရ-တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့် မြန်မာနိုင်ငံတွင် ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေး က ထွက်ပေါက် တစ်ခုအဖြစ် တည်ရှိလာခဲ့သည်။

NCA စာချုပ် အခန်း(၁) အခြေခံမူများ အပိုင်း (၁၊က) “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင် စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေး ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ ရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေ စီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည် ဆောက်သွားရန်”ဟု ပါရှိသည်။

ဓာတ်ပုံ - ပြည်ထောင်စုသဘောတူစာချုပ်(အစိတ်အပိုင်း-၃)ကို လက်မှတ်ထိုးနေစဉ်(ပုံ-NRPC)

အဆိုပါ သဘောတူညီချက်အရဆိုလျှင် သဟဇာတနှင့် တန်းတူညီမျှ မဖြစ်ဘဲ ဖြစ်နေသည့်  လက်ရှိ မြန်မာနိုင်ငံ တွင် ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို လုပ်မည်ဆိုလျှင် လက်ခံသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အတိအကျ လက်ခံထားသည်ကိုလည်း NCA စာချုပ်ပါ အပိုဒ် (၂၂၊ဃ) သဘောတူညီချက်အရ တွေ့နိုင်ပါ သည်။

အပိုဒ် (၂၂၊ဃ)တွင် “ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီပြုလုပ်ရန်” သဘောတူညီသည်ဟု ဆိုထားသည်။

ဤသို့သော သဘောတူညီချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းအတွက် အာမခံချက်တစ်ခု အဖြစ် တည်ရှိလာခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း NCA စာချုပ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ရေးကို ပုံဖော်ပေးထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်၊သြဂုတ်လမှ စတင်ကာ ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ (၄) ကြိမ် တိတိ ကျင်းပထားပြီ ဖြစ်သည်။

အဆိုပါ (၄)ကြိမ်အနက် ဒုတိယအကြိမ် ကျင်းပသည့် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁)အဖြစ် သဘောတူညီချက် ၃၇ ချက်ကို ချုပ်ဆိုထားသလို တတိယအကြိမ် ကျင်းပရာမှာတော့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၂)အဖြစ် သဘောတူညီချက် ၁၄ ချက်၊ စတုတ္ထအကြိမ် ကျင်းပရာ၌ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃)ကို ချုပ်ဆိုထားခဲ့ပြီး ဖြစ်သည်။

ထိုပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၁-၂-၃)တို့ကို သေချာလေ့လာကြည့်ပါက အစိတ်အပိုင်း(၁-၂)မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်းအတွက် အဓိက ကျသော အခန်းကဏ္ဍများ မပါဝင်သလို အကျိုးသက်ရောက်မှု သိပ်မရှိသည်ကိုတွေ့ရသည်။

သို့သော်လည်း ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ အစည်းအဝေးပါ သဘောတူညီချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ပြင်ဆင်ရေးအတွက် အထောက်အကူဖြစ်စေမည့် သဘောတူညီချက် တစ်ခု ပါဝင်သည်ကို ထူးခြားစွာ လေ့လာတွေ့ရှိရသည်။

ထိုအချက်မှာ “ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ်၏ မူလသဘောတူညီချက်များ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အခြေခံမူများ၊ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်သွေဖည်မှု မရှိစေရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-S EAO တို့မှ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိဖြင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရား တစ်ရပ်ကို နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက် သွားရန်”ဆိုသော အချက်ဖြစ်သည်။

ဤအချက်ပါ အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရားတစ်ရပ်ကို နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားရန်ဆိုခြင်းမှာ အလွန် ထူးခြားလှသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများ ပြင်ဆင်နိုင်ရေးအတွက် အလွန် အရေးပါလာနိုင်သော ခြေလှမ်း တစ်ရပ်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

အဘယ်ကြောင့်ဆိုသော ယန္တရားတစ်ရပ်ဆိုသည်မှာ မည်သည့် ယန္တရားတစ်ရပ်ဆိုသည်ကို မဖော်ပြထားသည့် တိုင်အောင် စာရေးသူ အမြင်အရ အထူးကော်မရှင် (သို့မဟုတ်) အထူးကော်မတီ တစ်ရပ်ကို ဖွဲ့စည်း၍ ဆောင် ရွက်နိုင်သည်ဟု မြင်ပါသည်။

ဂွာတီမာလာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို သွားရောက် လေ့လာထားသူများအနေဖြင့် အထူးကော်မရှင် ဖွဲ့စည်းခြင်းကို ပိုမို နားလည်ကြမည်ဟု မြင်ပါသည်။ ဂွာတီမာလာတွင် သူပုန်အဖွဲ့နှင့် စစ်တပ်ကြား ၁၉၆၀ မှ ၁၉၉၆ အထိ နှစ်ပေါင်း ၃၀ ကြား ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားပြီး ငြိမ်းချမ်းရေး ရယူသည့်အခါမှာ သူပုန်အဖွဲ့များက ဂွာတီမာလာ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်ဆင်လိုကြောင်း ဆွေးနွေးရာမှာ အထူး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းကာ ဆောင်ရွက်ရန် နှစ်ဖက် သဘောတူညီမှု ရယူကာ ဆောင်ရွက်ခဲ့ကြဖူးသည်။

ဓာတ်ပုံ - စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ တပ်ချုပ်မိန့်ခွန်းပြောနေစဉ်(ပုံ-NRPC)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထည်ထည်ဝင်ဝင် ပါဝင်နေသူ တစ်ဦးက “ ဂွာတီမာလာမှာလည်း ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပြင်ဆင်ဖို့ အရင်ဆုံး သူပုန်နဲ့စစ်တပ်ကြားမှာ ကြိုးပမ်းခဲ့ကြတယ်။အဲဒါမှာ အထူးကော်မရှင်လိုမျိုး အဖွဲ့ အစည်းကို ဖွဲ့ပြီးတော့ ယန္တရားတစ်ရပ်ကို လုပ်တယ်။ အဲဒီ ယန္တရားမှာ သူပုန်ရော၊ စစ်တပ်ရော ၊ အစိုးရရော ပါတယ်။ ဥပဒေတွေကို လေ့လာသုံးသပ်ပြီးတော့ ပြင်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြတာ အဲဒါမျိုး မြန်မာနိုင်ငံမှာလည်း လုပ်လို့ရနိုင်တယ်။ အခု အစိတ်အပိုင်း(၃)မှာ သဘောတူညီထားတဲ့ ယန္တရားတစ်ရပ် ဖွဲ့ စည်းမယ်ဆိုတာက အဲဒါကို သင်ခန်းစာယူလို့ရတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ခြင်းများ ပြုလုပ်နိုင်သည့် ယန္တရား တစ်ရပ်ကို ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃) အရ ဖွဲ့စည်း မည်ဆိုလျှင် အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ NCA-S EAO (NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)များ ပါဝင်သည့် အထူးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းကာ လွှတ်တော်ဥပဒေမူကြမ်းလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီတို့၊ လွှတ်တော်ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတို့ဖြင့် ချိတ်ဆက်ကာ ဆောင် ရွက်နိုင်ပါသည်။

ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၃)ပါ “ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ်၏ မူလ သဘော တူ ညီချက်များ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အခြေခံမူများ၊ ဦးတည် ချက်၊ ရည်ရွယ်ချက်များနှင့်သွေဖည်မှု မရှိစေရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-S EAO တို့မှ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိဖြင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရား တစ်ရပ်ကို နှစ်ဖက် ညှိနှိုင်း သဘောတူ ညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက် သွားရန်”ဆိုသော သဘောတူညီချက်ကို အကောင်အထည်ဖော်မည်ဆို လျှင် ခက်ခဲနိုင်ခြေ မရှိနိုင်ဟု မြင်ပါသည်။

အဘယ်ကြောင့်ဆိုသော မြန်မာနိုင်ငံမှာ အထူးကော်မရှင် ဖွဲ့စည်း၍ ဥပဒေများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ် ဖျက်ခြင်းကို ကြိုးပမ်းလေ့ သာဓကများနှင့်အတွေ့အကြုံများရှိထားပါသည်။

မြင်အောင် သာဓကအနေဖြင့် ပြရမည်ဆိုလျှင် သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖြစ်သည်။အဆိုပါ အထူးကော်မရှင် ကို ဦးဆောင်သူသည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘဲ အစိုးရ ယန္တရားတွင် ပါဝင်မှု မရှိသော လူပုဂ္ဂိုလ် ဖြစ်နေသည်။

ထိုအထူးကော်မရှင်၏ လုပ်ငန်းတာဝန်များကို အောက်ပါ အတိုင်းလေ့လာနိုင်ပါသည်။

  • -(၁) တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ် ပြဋ္ဌာန်းရန် သင့်သော ဥပဒေများကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။
  • -(၂) ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဖြစ်ထွန်း စေမည့် ဥပဒေကြမ်းများကို ရေးဆွဲ ပြုစုတင်ပြရမည်။
  • -(၃) အထူးကိစ္စရပ်များ (နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားနှင့် သက်ဆိုင် သည့်ကိစ္စရပ်များ) ပေါ်ပေါက် လာပါက ၎င်းကိစ္စရပ်များအပေါ် အကြောင်းအချင်းအရာနှင့် ဥပဒေအမြင်နှိုင်းယှဉ်၍ လေ့လာဆန်းစစ် သုံး သပ်ပြီး ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အစီရင်ခံ တင်ပြရမည်။
  • -(၄) ဥပဒေကြမ်းရေးဆွဲခြင်း၊ နည်းဥပဒေ ရေးဆွဲခြင်းတို့အတွက် ပြည်ထောင်စု လွှတ်တော်ကို ဗဟိုပြု၍ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ ပြည်ထောင်စု ရှေ့နေချုပ် ရုံးတို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်။
  • -(၅) တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေများကို ပြည်သူများသိရှိ လိုက်နာစေရန် အသိပညာပေးခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပါဝင်ဆောင်ရွက်ရမည်။
  • -(၆) အခါအားလျော်စွာ ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးသောကိစ္စရပ်များကို ဆောင်ရွက်ရမည်။
  • -(၇) နာယကနှင့် လွှတ်တော်ဥက္ကဋ္ဌများက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်အချိန် ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။
  • -(၈) နာယကနှင့် လွှတ်တော်ဥက္ကဋ္ဌများက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေး သည့်အထူးကိစ္စရပ်များ အတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရမည်။
  • -(၉) နာယကနှင့်လွှတ်တော်ဥက္ကဋ္ဌများက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ် တောင်းခံသည့်အခါ အကြံပြုချက်များပေးရမည်။

ဓာတ်ပုံ - စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ အတိုင်ပင်ခံမိန့်ခွန်းပြောနေစဉ်(ပုံ-NRPC)

ဤသို့ဆိုလျှင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ NCA-S EAO များ ပါဝင်သော အထူးကော်မရှင် တစ်ရပ်ကို ဖွဲ့ စည်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ခြေရှိသည်။

အဆိုပါ အထူးကော်မရှင်သည် လွှတ်တော်ဥပဒေကြမ်းကော်မတီများကို လွှမ်းမိုးခြင်းနှင့် ချုပ်ကိုင်ခြင်းများကို တော့ ပြုလုပ်ခွင့်မရှိပေ။ သို့သော် ပူးပေါင်းဆောင်ရွက်နိုင်သည်။
သူရဦးရွှေမန်း ဦးဆောင်ခဲ့သော အထူးကော်မရှင် ပုံစံမျိုး ဖွဲ့စည်းရမည်ဟုလည်း ညွန်းဆိုခြင်းမဟုတ်ဘဲ ဤကဲ့ သို့သော် အထူးကော်မရှင်မျိုး မြန်မာနိုင်ငံတွင် ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ဖူးကြောင်းကိုသာ ဥပမာ အနေဖြင့်သာ ပြခြင်းဖြစ်ပါသည်။

ထို့ကြောင့် ပြည်ထောင်စု သဘောတူညီချက်များကနေ တဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများကို မည်ကဲ့သို့ ဆောင်ရွက်နိုင်သလဲဆိုပေါ် စဉ်းစား သုံးသပ်ကာ အဖြေရှာကြည့်ပါ။

လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သလားဆိုခြင်းမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင် ပတ်သက်နေသူများ ကိုယ်တိုင် ဆောင်ရွက်ကြည့်ခြင်းမှသာ အဖြေရှာတွေ့နိုင်မည်ဖြစ်ပြီး ပြင်ပမှာ ရှိ နေသူများကမူ နည်းနာရှာဖွေမှုများဖြင့်သာ ထောက်ပြနိုင်မည်ဖြစ်သည်။

အလားတူ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိ ရန်အတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း(NCA အပိုဒ် ၃၀ နှင့်အညီ) ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက် သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်း စည်းခြင်း လုပ်ငန်းစဉ်အတွက် ယန္တရားတစ်ရပ်ကို နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း၍ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်ဟုလည်း ပါရှိသည်။

ဓာတ်ပုံ - အစိုးရ-တပ်မတော်-လွှတ်တော်-လက်နက်ကိုင်ခေါင်းဆောင်များ စုပေါင်းဓာတ်ပုံရိုက်နေစဉ်(ပုံ-NRPC)

ဤသို့ဆိုလျှင် ယခင်က လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခြင်းပင် မရှိခဲ့သည့် အခြေအနေကနေ ယခု လို ယန္တရားတစ်ရပ်ကို ဖွဲ့စည်း၍ အကောင်အထည်ဖော်မှုဆိုသော အချက်အား သဘောတူညီမှု ရယူနိုင်ခဲ့ ခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အောင်မြင်မှု အရွေ့တစ်ခုကို သွားနိုင်သည်ဟု မှတ်ယူရမည်ဖြစ် သည်။

ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းနိုင်ရေးတို့အတွက် ယန္တရားများကို အောင်မြင်စွာ တည်ဆောက်နိုင်မည်ဆိုရင် တစ်ဖက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဖြစ်သကဲ့သို့ တစ်ဖက်မှာလည်း လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ခြင်းကြောင့် ငြိမ်းချမ်း ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စု သဘောတူညီချက်များကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ဖြင်း၊ပယ်ဖျက်ခြင်းများ လုပ်နိုင် မလုပ်နိုင်နှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ခြေ ရှိ/မရှိကိုတော့ ဆက်လက် စောင့်ကြည့်ရပေမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly