ကျောက်မဲမြို့နယ်ရှိ အမျိုးသမီး စစ်ဘေးရှောင်များအတွက် လစဉ်သုံးပစ္စည်းများ လိုအပ်နေ

ကျောက်မဲမြို့နယ်ရှိ အမျိုးသမီး စစ်ဘေးရှောင်များအတွက် လစဉ်သုံးပစ္စည်းများ လိုအပ်နေ
Photo Creadit - Shan Nationalities League for Democracy

အောက်တိုဘာ ၁ဝရက်

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ရက်များကြာဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေထိုင်ရသော အမျိုးသမီးများ အတွက် လစဉ်သုံးပစ္စည်းပြတ်တောက်မှုက အခက်အခဲဖြစ်လို့လာသည်။

“အမျိုးသမီးလစဉ်သုံးတွေလည်းလိုအပ်တယ်ရှင့်။ သူတို့က အမျိုးသမီးများတော့လေ ပစ္စည်းတွေကို အပြင်မှမထွက်ရတော့ အဲ့ဘုန်းကြီးကျောင်းမှာပဲနေရတာဆိုတော့  ရွာထဲမှာလည်း ရွာသူရွာသားတွေက ဆိုင်လည်းမဖွင့်ဘူး ဆိုတော့ ဝယ်ရ ပြုရတာလည်း ခက်ခဲတယ်ပေါ့နော်” ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း နန်းလောဝ်လောဝ်က ပြောသည်။

ဒေသခံပရဟိတသမားများက စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ အဝတ်နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများပါ အလှူခံပေးနေကြသည်။

တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့်မှာ ပုံဝိုးကျေးရွာ၊ တောင်ထိပ်ကျေးရွာ၊ ကွမ်ဟင်ကျေးရွာ၊ ကောင်းလန်းကျေးရွာ၊ နားဆောင်းကျေးရွာ၊ နမ့်ဟန်ခိတ်ကျေးရွာ၊ ဟဲကွီကျေးရွာနှင့် နောင်ကွမ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ တွင် ခိုလှုံနေကြသည်။
 
နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ ကိုးနေရာခန့်ရှိပြီး ကျေးရွာများနှင့် အနီးနားများတွင်ဖြစ်သည်၊ တိုက်ပွဲဖြစ်ပွားရာနေရာများသည် RCSS/SSA တပ်စွဲလှုပ်ရှားနေသော လူဦးရေအသင့်အတင့်ထူထပ်သော နေရာ များဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Photo Creadit - Shan Nationalities League for Democracy

“စစ်ဘေးရှောင်ထဲမှာ အမျိုးသမီးတွေများတယ်။ ကလေးတွေများတယ်။ အမျိုးသမီးတွေဆို သူတို့ အဝတ်အစားတွေ သိပ်လုံလောက်မှုမရှိဘူး။ ပြီးတော့ကျတော့ သူတို့အိပ်ဖို့အတွက် ခင်းတဲ့ဟာတွေမရှိဘူး။ ကလေးတွေ ဆိုလည်း အဝတ်အစားတွေအများကြီး မယူခဲ့ရဘူးပေါ့။ ဒီအဝတ်အစားပိုင်းနဲ့ အသုံးဆောင်ပစ္စည်းတွေကတော့ နည်းနည်း နည်းတယ်ပေါ့” ဟု  နန်းလောဝ်လောဝ်က ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် တောင်း ဆိုသည့် စာတစ်စောင်ကို အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ဝရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အောက်တိုဘာ ၃ရက်နေ့တွင် တိုက်ပွဲပြင်းထန်လာသဖြင့် နောက်ရက်တွင် တိုက်ပွဲရှောင်များ ရောက်ရှိလာကြောင်း ရှမ်းပြည်နယ်လွှတ်တော် ကျောက်မဲ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောသည်။

“ကျန်းမာရေးပိုင်းကတော့ ဘာမှမလုပ်နိုင်ဘူးဗျ။ တစ်ခုတော့ရှိတာက ကျွန်တော်တို့မြို့နယ် အဲ့ဒေသမှာက အခုဖြစ်နေတဲ့ ကိုဗစ်ကိစ္စကတော့ မတွေ့ရဘူး။ ဒါကရောဂါဖြစ်တဲ့သူတစ်ယောက်မှ မရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါ တွေက မစိုးရိမ်ရဘူး” ဟု စိုင်းထွန်းဉာဏ်က ပြောသည်။

အောက်တိုဘာ ၉ရက်နေ့အထိ တိုက်ပွဲရှောင် အရေအတွက်မှာ ကျောက်မဲမြို့ ပုံဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၇၁၈ ဦး၊ တောင်ထိပ်ကျေးရွာတွင် ၆၄၃ ဦး၊ ကွမ်ဟင်ကျေးရွာတွင် ၄၄၆ ဦး၊ ကောင်းလန်းကျေးရွာတွင် ၂၄၀ ဦး၊ နားဆောင်းကျေးရွာတွင် ၁၅၀ ဦး၊ နမ့်ဟန်ခိတ် ကျေးရွာတွင် ၁၀၀ ဦး၊ ဟဲကွီကျေးရွာတွင် ၁၀၀ ဦး၊ နောင်ကွမ်ကျေးရွာတွင် ၈၅ ဦး တို့ရှိကြောင်း ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးက ကောက်ခံထား သည့် စာရင်းအရ သိရသည်။

 “ကျန်းမာရေးလုပ်ဆောင်ချက်တွေ သိပ်မရှိဘူး။ တစ်နေရာပဲရှိတယ်။ အဲ့ပုံဝိုးဆိုတဲ့ ဘုန်းကြီးကျောင်းတစ်နေရာပဲရှိတယ်။ အဲ့မှာကတော့ ကျန်းမာရေးဆရာမတွေ ဘာတွေရှိတယ်ပေါ့နော်။ ကျန်တဲ့တခြားနေရာတွေကတော့ မနေ့တုန်းက တခြား NGO ထဲက ဆရာတွေဘာတွေခေါ်လာတွေရှိတယ်။ သူတို့တခါတည်း လာကြည့်ပေးတာတွေရှိတယ်။ ကျန်းမာရေးချထားပေးတာ အဲ့လိုမျိုးတော့ မရှိဘူး” နန်းလောဝ်လောဝ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly