ပထမအကြိမ် စကားစစ်ထိုးပွဲအပြီး ဘိုင်ဒင်က ထောက်ခံမှု ၁၂ % အသာဖြင့် ထရမ့်ကို ဦးဆောင်နေဟု Rasmussen စစ်တမ်းဖော်ပြ

ပထမအကြိမ် စကားစစ်ထိုးပွဲအပြီး ဘိုင်ဒင်က ထောက်ခံမှု ၁၂ % အသာဖြင့် ထရမ့်ကို ဦးဆောင်နေဟု Rasmussen စစ်တမ်းဖော်ပြ
Photo - AFP

အောက်တိုဘာ ၁၀  

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် တစ်လပင်မလိုတော့သည့်အချိန်၌  ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် ထောက်ခံမှု ကိန်းဂဏန်းနှစ်လုံးအသာစီးဖြင့် ထရမ့်အား ဦးဆောင်လျက်ရှိကြောင်း ထရမ့် ယခင်က မကြာခဏ ကိုးကားပြောဆိုလေ့ရှိသည့် မဲဆန္ဒရှင် စစ်တမ်းကောက်ယူသော Rasmussen Reports ကုမ္ပဏီ၏ အချက်အလက်များအရ သိရသည်။  

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် သမ္မတလောင်းများ၏ ပထမအကြိမ် စကားစစ်ထိုးပွဲအပြီး Rasmussen ကုမ္ပဏီကကောက်ယူခဲ့သော နိုင်ငံလုံးဆိုင်ရာ လူထုစစ်တမ်းအရ ထရမ့်ကို ထောက်ခံသူ ၄၀ % နှင့် ဂျိုးဘိုင် ဒင်ကိုထောက်ခံသူ ၅၂ % ရှိကာ ဘိုင်ဒင်က  ၁၂ % အသာစီးရထားသည်။ နောက်ထပ်သော ၄ % မှာ တခြားသောသူများကို ထောက်ခံထားကြပြီး ကျန် ၄ % မှာ မဆုံးဖြတ်ရသေးကြောင်း ပြောခဲ့ကြသည်။  

ယခင် သမ္မတဘားရက်အိုဘားမားလက်ထက်က ဒု-သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘိုင်ဒင်သည် Rasmussen စစ်တမ်းတွင် နှစ်ပတ်ဆက်တိုင် ထောက်ခံမှု ၅၀ % ကျော် ရရှိခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က ထရမ့်သည် ကွန်ဆာဗေးတစ် တရားသူကြီး အေမီကော်နေဘားရက်ကို တရားရုံးချုပ်တရားသူကြီးအဖြစ် အဆိုတင်သွင်းပြီးနောက် သမ္မတရာထူးအတွက် ထရမ့်ကို ထောက်ခံမှု ၄၃ % နှင့် ဘိုင်ဒင်ကိုထောက်ခံမှု ၅၁ % အသီးသီးရှိခဲ့ပြီး ဘိုင်ဒင်က ၈ % အသာရခဲ့သည်။

ရီပတ်ဘလစ်ကန်များအကြားတွင်လည်း ထရမ့်ကိုထောက်ခံမှုမှာ အနည်းငယ်ကျဆင်းသွားသည်။ ပြီးခဲ့သည့် အပတ်က ရီပတ်ဘလစ်ကန်ပါတီမဲဆန္ဒရှင် ၇၉ % ၏ ထောက်ခံမှုရထားသည့် ထရမ့်သည်  ပထမအကြိမ် စကား စစ်ထိုးပွဲအပြီးပြုလုပ်သော စစ်တမ်း၌ ၎င်းကိုထောက်ခံသူ ၇၆ % သာ ရှိတော့သည်။ တစ်ချိန်တည်းမှာပင် ၈၀ % ထက်ပိုသော ဒီမိုကရက်များသည် ဘိုင်ဒင်ကို ဆက်လက်ထောက်ခံလာကြသည်။  

အဓိကပြည်နယ်ကြီးများမှ စစ်တမ်းများနှင့် တစ်နိုင်ငံလုံးနီးပါးကောက်ယူထားသော စစ်တမ်းများအရ ပထမစကားစစ်ထိုးပွဲမတိုင်မီနှင့် ထရမ့် ကိုဗစ်ကူးစက်ခြင်းမခံရမီ လာမည့်သမ္မတရွေးကောက်ပွဲကို ဂျိုးဘိုင်ဒင် အနိုင် ရလိမ့်မည်ဖြစ်ကြောင်း ထင်ကြေးပေးခဲ့မှုများရှိခဲ့ပြီး ဒီမိုကရက်တစ်သမ္မတလောင်းအားထောက်ခံမှု၌ပင် အရှိန်ထပ်မံရရှိနေပုံပေါ်သည်။  

NBC News နှင့် Wall Street Journal တို့၏ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သော စစ်တမ်းအရ  ဘိုင်ဒင်က ၁၄ % အသာဖြင့် ဦးဆောင်နေသည်။ CNN က ပြုလုပ်သော စစ်တမ်းအရ ထရမ့်သည် ဘိုင်ဒင်နောက်  ၁၆ % အကွာ ဖြင့် နောက်ကျန်ရစ်နေပြီး CNBC/ Change Research ၏ စစ်တမ်းအရဆိုလျှင်လည်း ထရမ့်က ၁၀ % ဖြင့် ပြတ်ကျန်ခဲ့သည်။ Real Clear Politics က ကောက်ယူသော နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအရ ပျမ်းမျှအားဖြင့် ဘိုင်ဒင်က ၉.၁ % အသာဖြင့် လည်းကောင်း၊ FiveThirtyEight ၏ စစ်တမ်းအချက်အလက်အရ ၉.၃ % ဖြင့် လည်းကောင်း ထရမ့်ကို ဦးဆောင်လျက်ရှိသည်။  

ဖလော်ရီဒါ၊ မီချီဂန်၊ ပန်ဆယ်ဗေးနီးယားနှင့်ဝစ္စကိုဆင် စသည့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်များတွင်လည်း ဘိုင်ဒင်က အသာရဖွယ်ရှိသည်။ အဆိုပါပြည်နယ်များသည် ထရမ့်မတိုင်မီ ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်က အိုဘားမားကို ထောက်ခံမဲပေးခဲ့ကြသူများဖြစ်သည်။ လက်ရှိအချိန်တွင် ဘိုင်ဒင်က ဖလော်ရီဒါ၌ ၃.၅ %၊ မီချီဂန်၌ ၆.၂ %၊ ပန်ဆယ်ဗေးနီးယား၌ ၆.၃ % နှင့် ဝစ္စကိုဆင်၌ ၅.၆ % စသည့် ပိုသာသော ထောက်ခံမှုရာခိုင်နှုန်းများ ဖြင့် ဦးဆောင်လျက်ရှိသည်ဟု Real Clear Politics စစ်တမ်းက ဆိုသည်။  

သိသာထင်ရှားသည့်အချက်မှာ ဘိုင်ဒင်၏ ထရမ့်အပေါ်အသာစီးရနေမှုသည် ၂၀၁၆ ခုနှစ်က ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်အသာစီးရသည့်အချိန်ကထက် များစွာသာသည်။ ဟီလာရီကလင်တန်သည် ရွေးကောက်ပွဲမတိုင်မီ ၂၇ ရက်အလိုတွင် ထောက်ခံမှု ပျမ်းမျှအားဖြင့် ၆.၂ % အသာဖြင့် ဦးဆောင်ခဲ့သည်ဟု Real Clear Polotics ၏ စစ်တမ်းအရသိရသည်။ ဟီလာရီကလင်တန်သည် ထိုစဉ်က မဲဆန္ဒရှင်ထောက်ခံမှု ပျမ်းမျှ ၄၈ % သာရှိခဲ့ပြီး လက်ရှိအချိန်တွင် ဘိုင်ဒင်က ၅၁ % ထက်ပိုသော ထောက်ခံမှု ရရှိထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly