ဆင်းရဲတဲ့ နိုင်ငံတွေပါ COVID-19 ကာကွယ်ဆေး ရရှိရေး သဘောတူညီချက်မှာ တရုတ် ပါဝင်လာ

ဆင်းရဲတဲ့ နိုင်ငံတွေပါ COVID-19 ကာကွယ်ဆေး ရရှိရေး သဘောတူညီချက်မှာ တရုတ် ပါဝင်လာ

အောက်တိုဘာ ၁၀

ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ အနာဂတ် COVID-19 ကာကွယ်ဆေး ဖြန့်ဖြူးပေးနိုင်ဖို့ အာမခံထားတဲ့ သဘောတူညီချက်တစ်ရပ်မှာ တရုတ်နိုင်ငံဟာ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။ ကပ်ဘေးကို ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ဦးဆောင်တဲ့ အဲဒီ သဘောတူညီချက်မှာ စီးပွားရေးအကြီးဆုံး အမေရိကန်နိုင်ငံကတော့ ပါဝင်လာခြင်း မရှိသေးပါ။

COVAX ဆိုတဲ့ ဒီ သဘောတူညီချက်ဟာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီ ဆိုတာနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေပါ ရရှိဖို့  ကတိကဝတ်ပြုထားတာ ဖြစ်ပြီး ချမ်းသာတဲ့ နိုင်ငံတွေက သူတို့ရဲ့ ဆေးဝါးကုမ္ပဏီတွေကနေ ထုတ်လုပ်တဲ့ အောင်မြင်တဲ့ ကာကွယ်ဆေးကို အကန့်အသတ်နဲ့ ဖြန့်ဖြူးမယ့် စိုးရိမ်ပူပန်စရာ အရေးကို ကာကွယ်တားဆီးဖို့ ရည်ရွယ်ပါတယ်။

အခုလို သဘောတူညီချက်မှာ လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဗိုင်းရပ်စ် ပထမဆုံး ဖြစ်ပွားရာ တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေးကို ဖွံ့ဖြိုးမှု နည်းပါးတဲ့ နိုင်ငံတွေနဲ့ ခွဲဝေသုံးစွဲကြရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့အများပြည်သူသုံး ဆေးဝါးဖြစ်စေရမယ်ဆိုတဲ့ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့ တရုတ်က COVAX သဘောတူညီချက်မှာ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချန်ယင်းက သောကြာနေ့မှာ ပြောပါတယ်။

အနာဂတ် ကာကွယ်ဆေးကို ဝင်ငွေနည်းနဲ့ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံ ၉၂ နိုင်ငံကို ဖြန့်ဝေပေးဖို့ ရည်ရွယ်ထားပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရည်မှန်းချက် ထားရှိထားတဲ့ ဒီ သဘောတူညီချက်မှာ တရုတ်က ငွေကြေးဘယ်လောက် ထည့်ဝင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူက မပြောပါတယ်။

တရုတ်ရဲ့ ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖြန့်ဝေပေးဖို့ ဦးစားပေးအဖြစ် ထားရှိထားပါတယ်လို့ ဟွာချန်ယင်းက ပြောပြီး ပိုပြီး စွမ်းနိုင်၊ တတ်နိုင်ကြတဲ့ နိုင်ငံတွေအနေနဲ့ COVAX သဘောတူညီချက်မှာ ပူးပေါင်းပါဝင် လာလိမ့်မယ်လို့ နိုင်ငံအနေနဲ့ မျှော်လင့်ထားတယ်လို့ ဖြည့်စွက်ဆိုခဲ့ပါတယ်။

ကာကွယ်ဆေး ရှာဖွေတွေ့ရှိရေးမှာ တရုတ်နိုင်ငံကလည်း ယှဉ်ပြိုင်လျက် ရှိနေပြီး အခုနှစ် မကုန်ခင် ထုတ်လုပ်နိုင်ဖို့ ရှိတယ်လို့ အလေးအနက်ထား ခန့်မှန်းထားပါတယ်။ အခြားယှဉ်ပြိုင်နေတဲ့ ဦးဆောင်ကာကွယ်ဆေးတွေဟာ ဆေးဖက်ဆိုင်ရာ စမ်းသပ်မှု အပြည့်အစုံ မလုပ်ဆောင်ရသေးပေမယ့် တရုတ်နိုင်ငံဟာ စစ်သားတွေ၊ အရေးပေါ်ဝန်ထမ်းတွေနဲ့ ပြည်ပအလုပ်သမားတွေ ထောင်ပေါင်းများစွာကို ကာကွယ်ဆေး ထိုးနှံပေးတာတွေ လုပ်ဆောင် ထားပြီး လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly